Tuesday, 29 January 2013
အသူရကာယ် တေးသွား
အပွေးမမြင်ပေမယ့် အပင်ကိုတန်းသိလိုက်တယ် ခင်ဗျားလည်းဆိုးဆေးမိထားတဲ့
အခွင့်အရေးပန်းတစ်ပွင့်ပဲ အပမှီနေတဲ့မျက်လုံးနဲ့ မြင်မြင်ရာကို အကြည့်တွေနဲ့ထိုးခွဲ
ယဉ်ကျေးမှုငရဲတံခါးဟာ ဒီဘဝ ဒီနေရာမှာတင် လှလှလေးပွင့်နေတယ်
ဘဝအပေါ်ကြွေကျနေတဲ့ ဖရုသဝါစာတွေ စံဖို့ခံနေရတာလား ခံဖို့စံနေရတာလား
ပါးစပ်ထဲရောက်လာတဲ့ ထမင်းလုတ်တွေမှာ အကြည့်တွေခလုတ်တိုက်နေတဲ့
ပေါင်တန်ဖြူဖြူညနေခင်းတွေမှာ လိင်စိတ်ကြွနေတဲ့ ကဗျာတွေမှာ
ကုသိုလ်က ဘယ်လောက်သားလဲ အကုသိုလ်က ဘယ်လောက်သားလဲ
ဌါန်ကရိုဏ်းကျကျရလာတဲ့ ဘဝတွေပါ ‘ဆာ’လို့ ‘ရှာ’ နေရတဲ့ ဘဝတွေပါ
တစ်ယောက်ရဲ့အဝိဇ္ဇာမှာ တစ်ယောက်ရဲ့ပြဿဒါးကိုထိုးစိုက်
ကိုယ့်အတွေးနဲ့ကိုယ် ယဉ်ယဉ်လေး မိုက်လိုက်ကြရုံပေါ့
လူဟာ တရားတွေနဲ့ တွန့်သွားလိုက် တခါ အမှားတွေနဲ့ တွန့်သွားလိုက် တခါ
ရလာတဲ့ဘဝအခါးမှာ လူလားမြောက်နေတဲ့ ဒုက္ခတွေ ဗိသုကာဆန်တဲ့ငိုကြွေးခြင်းတွေ
မမျှော်လင့်ပဲတိတ်သွားတဲ့ အပျော်တွေနဲ့ နေ့ရှိသရွေ့ ငရဲကိုပန်းတစ်ပွင့်လို ပန်ထားရတယ်
လေတိုက်တိုင်း တဖွေးဖွေးလှုပ် လေတိုက်တိုင်း တဖြုတ်ဖြုတ်ကြွေ
တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ ရမက်ဝင်္ကဘာထဲ လွင့်နေရတဲ့ တရားမဝင် ရောင်စုံပန်းပွင့်လေးတွေပါ
ခေတ်ရဲ့သံစဉ်အတိုင်း ခပ်ချဉ်ချဉ်ဆိုညာဉ်းနေရတဲ့ ငြီးငွေ့ဖွယ် အသစ်အဆန်းတွေပါ
လောဘတစ်ရစ် မောဟတစ်ရစ်နဲ့ ငွေစော်နံခန်းဆီးနောက်ကွယ်က ဝဋ်ဆန်ဆန်ညတွေပါ
အဇ္ဇျိတ္တထဲက တဆစ်ဆစ်ကိုက်ခဲနေတဲ့အနာတွေဟာ စိတ်ငြိမ်ဆေးတွေကိုမှ တောင့်တသတဲ့လား
ဒုက္ခတွေနဲ့နစ်နေတဲ့ သံသရာကြီးပါ
နည်းပညာအနယ်အနှစ်တွေနဲ့နစ်နေတဲ့ သံသရာကြီးပါ
ကပ်သုံးပါးအားကောင်းနေတဲ့ သံသရာကြီးပါ
အဖြစ်/အပျက်တွေ ဦးတည်ရာမဲ့နေတဲ့ သံသရာကြီးပါ
စိတ်ရဲ့အတက်/အကျမှာ ခန္ဓာတွေဟာ သေးသွားလိုက် ကြီးလာလိုက်နဲ့
ရုပ်ကိုနာမ်ကမျက်လှည့်ပြနေသလို တမျိုးလေးကြည့်ကောင်းနေပြန်တယ်
တစ်ကိုယ်လုံး သင်္ခါရတက်တူးတွေနဲ့ လောကကြီးကတော့
အိုနာသေ မြို့ရိုးပေါ်က အန္ဓဆိုတဲ့ ဝဋ်နာကံနာ အမှိုက်တွေကို စိမ်းစိမ်းကြီးစိုက်ကြည့်နေလေရဲ့
‘ကယ်ကြပါ’ ‘ကယ်ကြပါ’ အသံလေးကြားလို့ထကြည့်တော့
မာယာဘုံအလွတ်ထဲမှာ ခင်ဗျားနဲ့ကျုပ် အနုမာနဇောတွေနဲ့ ကျောချင်းကပ်ပြီးအော်နေတာ
ရဲရင့်လမင်း
အိပ်မက်မြစ်များ
အရိပ်တွေကို ရပ်တန့်ပစ်လိုက် အဆိပ်တွေခြွေချနေတဲ့ လောကသစ်ပင်
ဒုက္ခမြေထဲကျွံဝင်နေတဲ့ မနုဿသစ်သီးတွေ
လျှပ်ပေါ်ဖို့ လော်လီဖို့ သန္ဓေကိုပျိုးခဲ့ကြတာလား
ခန္ဓာနဲ့ခန္ဓာကြား ဟနေတဲ့တံခါးမှာ စိတ်ရဲ့စေတသိတ်ဟာ မလွယ်ပေါက်
နူးညံ့တဲ့လက်အစုံနဲ့ ခြေဖျားလေးထောက်လို့ ဖွဖွလေးဝင်ခဲ့ပါ
ဆယ်ကျော်သက်မျက်နှာပေါ်က ဆယ်ကျော်သက်အိပ်မက်
ညဟာဖျောက်ဆိပ်ကြယ်တွေနဲ့ ပင်လယ်ဆီခရီးဆက်နေတယ်
မြစ်တွေကိုအားနာလို့တဲ့ မြို့လေးဟာကမ်းစပ်မှာတငေးတမော
ဘဝတွေကို တိုးတိုးလေးဆေးကြောပေးနေရှာတယ်
ငြီးငွေ့လို့ချိုးကွေ့ပေးလိုက်ရတဲ့ ကဗျာမို့ လမ်းဘေးလွယ်အိတ်ထဲကဒဏ်ရာတွေကို
အုတ်ခုံပေါ်ကညတွေသာ တေလေအမှတ်အသားနဲ့ခံစားခွင့်ရှိပါစေ
အဆုတ်မကောင်းသူတွေအတွက် လောကဓံမှုတ်ပြောင်းဝက
ကံကြမ္မာအငွေ့အသက်လေးတစ်ပွင့်ဟာ နေအဝင်မှာလေနှင်ရာတလွင့်လွင့် အပြစ်ရှိသလို သူပွင့်ပါစေ
အသစ်တွေကို ဈေးမဆစ်ကြပါနဲ့ ငါတို့တွေဟာ အဖြစ်တွေအတိုင်း ပျက်နေကြရတာ
ခါးချင်လည်းခါးမယ် မှားချင်လည်းမှားမယ် အဲဒီအတွက် ဘားဆိုင်တွေမှာ ဘိုဆန်ဆန် ငါတို့တရားထိုင်ကြတာပေါ့
တဖြိုင်ဖြိုင်နဲ့ လည်သွားပြန်ပြီဥတုတွေ ပခြုပ်ထဲကအပြုံးတွေကို မာယာပလွေသံနဲ့ဆွဲထုတ်
တဖြုတ်ဖြုတ်နဲ့ကြွေကျလာတဲ့ အခိုက်ဓာတ်တွေကို ယဉ်ကျေးမှုအဟောင်းတွေနဲ့ ထုဆစ်
စိမ်လိုက်တိုင်း ဝင်သွားတဲ့ကျင်းတွေဟာ စုန်လိုက်တိုင်းဆန်သွားတဲ့လမ်းတွေကို
အပိုအလိုမရှိ လှပ်လှပ်လေး ဆယ်ယူသွားကြပြန်ပြီ သယ်ယူသွားကြပြန်ပြီ
အများအကြိုက်လိုက်မိလို့ အမြိုက်တရားနဲ့ မျောမိသူတွေ အမိုက်တရားနဲ့ ဇောပိသူတွေ
အမောကလည်းဖောက်တယ် တောကလည်းမှောက်တယ် စနက်တံဖြုတ်လိုက်တော့
သောကစနက်ပ်ရှော့တွေကတဒိုင်းဒိုင်း မောဟလှိုင်းတွေကလည်း အပြိုင်းပြိုင်း
အမှောင်ဟာ အလင်းတွေနဲ့ ခြေဦးတည့်ရာ သူ့အလိုလိုမှိုင်းသွားတယ်
ဟိုးမိုးကောင်းကင်ပေါ်က ကြော့ကြော့လေးမော့နေတဲ့ ကြယ်လေးတွေရေ
မင်းတို့တွေသေပြီးမှ ငါတို့တွေက လင်းရတာပါ
တကယ်လို့များ အိပ်မက်တွေက အလိုမတူပဲရပ်တန့်နေမယ်ဆိုရင်တောင်
မြစ်တွေကတော့ သူ့တရားနဲ့သူ ဖြူဖြူစင်စင်စီးဆင်းနေကြဦးမှာပါ
ကံပစ်ချရာ သွားနေကြရသူခြင်း အတူတူ ငါ့မှာတော့ ခြေဗလာနဲ့
ရပ်တန့်ခြင်းခြေသံကို ရိုးရိုးလေး ရှပ်တိုက်လို့ ပေါ့ပေါ့လေးနှုတ်ဆက်ခဲ့ပါရစေ
ရဲရင့်လမင်း
သစ္စာတရားရဲ့ခံတပ်မှာ ပြိုကျနေတဲ့တိမ်တိုက်တွေ
ပွင့်ပွင့်လင်းလင်းပြောရရင် ပေါ့ပေါ့ပါးပါးပွင့်ပြနေရတဲ့ ခပ်ပါးပါးဘဝတွေပါ
မပြုံးနိုင်ရှာဘူး အပူရောင်တွေလွင့်နေတဲ့ ကမ္ဘာကြီး
သူ့ရဲ့ပါးတစ်ခြမ်းမှာ ဒုက္ခတွေနဲ့ပြာနှမ်းနေပြီ
အပေါက်အပြဲတွေ အနာအဆာတွေ မိသားစုတော်လဲသံတွေနဲ့
ခေတ်ဟာ စစ်ဆိုတဲ့အက်ဆစ်နဲ့ အပတ်ခံထားရတယ်
ယမ်းငွေ့တလူလူနဲ့ ငြိမ်းချမ်းရေးကရော ဘယ်ဘူတာကိုရောက်ပြီလဲ
လူမဆန်တဲ့လူတွေကပဲ လူတွေကိုကုန်ကူးနေကြတာ
ကဗျာမဆန်တဲ့ကဗျာဆရာတွေကလည်း တနေ့နေ့မှာ ကျုပ်တို့ကဗျာတွေကို
လူတွေလို ကုန်မကူးပါဘူးလို့ ဘယ်သူပြောနိုင်လဲ
အနုပညာဆိုတဲ့ပန်းအိုးလေးထဲ အတုနဲ့အစစ်ဟာ
ခွဲခြားရခက်တဲ့ ခက်ဆစ်တစ်ခုအနေနဲ့ ခေတ်ကိုယှဉ်ပြီးပွင့်တယ်
ပေါ့ပ်ကိုချစ်လို့ ရော့ခ်ကိုပြစ်ထားခဲ့ကြတာလား တကယ်တော့
အသွေးအသားတွေက အသားစားငါးတွေရှိရာ စိတ်လိုလက်ရကူးခတ်နေကြတာ
လမ်းကိုလမ်းအတိုင်းငေးရတာ အသိတရားတွေအမောဖောက်လွန်းတယ်
အဖြူကအဖြူအတိုင်းမှောင်တာ တရားပါတယ်လို့ခင်ဗျားတို့ရောတွေးဖူးလား
တစ်ခုတော့မေးချင်တယ်
ဘာသာစကားရဲ့ဒေါက်တိုင်နဲ့ခေတ်ကိုတည့်မတ်မလား
အနုပညာဆိုတဲ့မာနနဲ့ အရှိတရားတွေကိုသတ်ပြစ်လိုက်ကြမလား
ကဗျာဟာကဗျာဆန်သွားတဲ့အခါ ကဗျာတံဆိပ်တော့အကပ်ခံရမှာပါပဲ
ငါတို့တွေဟာ ငါတို့ချစ်တဲ့ကမ္ဘာကြီးကို ငါတို့ရဲ့ရင်ဘတ်တွေနဲ့
ကုစားခွင့်ရထားကြတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး
ရဲရင့်လမင်း
Subscribe to:
Posts (Atom)