Friday 23 November 2012

ဝေလီဝေလင်း

ဒါ...ခါတော်မှီ လက်ရာမဟုတ်
ငါတွန့်သမျှ လိုက်ကြေဖို့မလို
ခွေးမြီးကောက်ကျည်တောက်စွပ်သူတွေ မဖတ်ရ
အဲဒီအနားရောက်လျှင် ရပ်ပါ
အဲဒီဆိုင်းဘုတ်ကို ကြည့်ပါ
ခေါင်းငုံ့ချင် ငုံ့ပါ
ကျောခိုင်းချင် ခိုင်းပါ
လက်ပိုက်ချင် ပိုက်ပါ
အော်တော့ မဆဲကြနဲ့
ခွင့်ပြုမိန့်မှာ ခြင်္သေ့ဟန်တွေ မပျောက်သေးဘူး...။

မှောင်မလို့လား၊လင်းမလို့လား
ပိတ်ထားတဲ့ တခါးတွေကို ဖွင့်ကြည့်တော့
အချိုရှားတဲ့ခေတ်ကြီးထဲ
ငါတို့ရဲ့ အနုပညာလက်ရာတွေလည်း
ခါးသက်နေခဲ့တယ်....။          ။

ရဲရင့်လမင်း

Sunday 18 November 2012

အမှတ်အသား


သွေးနဲ့ကိုယ် သားနဲ့ကိုယ်
လမ်းမမှားအောင် ကွေ့နေရ ကောက်နေရ
နေရာအနှံ့မရောက်နိုင်ရှာတဲ့
ချိုးဖြူငှက်ကလေးတစ်ကောင်
သောကတွေ ထည်လဲဝတ်ဆင်လို့

ကိုယ့်ကိုယ်ကို ခဏခဏသိဒ္ဓိတင်နေကြတဲ့
နိုင်ငံရေးတစ္ဆေတွေ
အနောက်တံခါးကိုဖွင့်ဖို့
ဘာသာရေးသော့တူနဲ့ တောခြောက်ကြ

စစ်ကို ဘုရားထူးသမို့
ငြိမ်းချမ်းရေးကို မဖူးချင်သူတွေ
သူ့ရင်ကို အရှင်လတ်လတ်ခွဲသမို့
ပုပ္ပါးလို မပျော်နိုင်ရှာသူ တောင်တစ်လုံးအကြောင်း

ဆေးမသုတ်ရသေးတဲ့ ကျောင်းတော်ကြီးနဲ့
လိပ်ပြာမခွဲရသေးတဲ့ ဝိညာဉ်တွေ
ချိန်သားမကိုက်ပေမယ့်
ချိန်သားကိုက်နေသလိုလို

ခေတ်ကြီးကဒုံးပျံ
သူအမြင့်တက်ဖို့ အကန်ခံနေရတဲ့ လေထုလို
ငါတို့ဘဝတွေ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
နေသားတကျ

ရောဂါဟာ ရင့်ရင့်လာတယ်
ဝင်လေထွက်လေဟာ လျော့လျော့လာတယ်

အစိပ်အကျဲ ဂရပ်ဖ်မျဉ်းတွေကိုငေးရင်း
နံရံမှာချိပ်ထားတဲ့ လွယ်အိတ်စုတ်ကလေးဟာ
ဖုံတက်ဖို့ကလွဲလို့
ဘယ်လမ်းကိုမှ သူ..မရွေးချင်တော့ဘူး..။     ။

ရဲရင့်လမင်း


Monday 12 November 2012

တနင်္လာ...ပြီးတော့ အင်္ဂါ






အိပ်ကပ်ကို စမ်းကြည့်တော့
ကြယ်တွေက ခမ်းနေပြီ......

ဒီနေ့လည်း လမ်းလျှောက်ပြန်မယ်
အန္ဓတစ်ယောက်ရဲ့ ခန္ဓာအိမ်နဲ့....

ခြေထောက်တွေက စိတ်ရဲ့သယ်ဆောင်ရာဆီ.........

တိမ်တွေကိုမော့ကြည့်
တိုက်တွေကိုမော့ကြည့်
ဘဝတွေကိုမော့ကြည့်.....

ကြိုးပြတ်သွားတဲ့ စွန်ကလေးဟာ
ကျိုးကျသွားတဲ့ သစ်ကိုင်းမှာ.....
နားခိုခွင့်.....ရှိ....?.....မရှိ........!.........။ ။

ရဲရင့်လမင်း

အရက်သမား

ဒုက္ခပိုးတွေ သေအောင်လား
အတ္တပိုးတွေ သေအောင်လား
ဟော...မော့ချလိုက်ပြန်ပြီ တစ်ခွက်...



အတွင်းမီးတွေ ငြိမ်းအောင်လား
အပြင်မီးတွေ ငြိမ်းအောင်လား
ဟော...မော့ချလိုက်ပြန်ပြီ တစ်ခွက်...

မလောက်မငှလို့ ကတောက်ကဆဖြစ်နေတဲ့
မိသားစုအတွက်တဲ့
ဟော...မော့ချလိုက်ပြန်ပြီ တစ်ခွက်...

ဟောဒီမှာ...
ကမ္ဘာကြီးအတွက် တစ်ခွက်
ကျုပ်အတွက် တစ်ခွက်
ခင်ဗျားအတွက် တစ်ခွက်
ခင်ဗျားသူငယ်ချင်းအတွက် တစ်ခွက်
ဒေါသတွေအတွက် တစ်ခွက်
နှစ်ဆယ့်တစ်ရာစုအတွက် တစ်ခွက်
ဒီမိုကရေစီအတွက် တစ်ခွက်
ဒိုရေမီဖာအတွက် တစ်ခွက်

အဲဒီလိုနေ့စဉ်ရက်ဆက် တစ်ခွက် ပြီးတစ်ခွက်နဲ့
ဘဝကိုကြုံသလိုချီးယာ့(စ်)လုပ်ရင်း
နှလုံးသားနဲ့ဦးနှောက်ဟာ...
သူထိုင်နေကျ ခွေးခြေခုံလေးလို
မမြင်ကွယ်ရာမှာ သံချက်ပြုတ်နေခဲ့ပြီ။ ။
                                                   ရဲရင့်လမင်း

ဘုံဆခွဲကိန်း


အင်္ဂါနေ့ဟာ
သူ့ကိုယ်သူ စကားလုံးတွေနဲ့ ချည်နှောင်လိုက်တယ်

သူ့လက်ကလွတ်မလားလို့...ကိုယ်
ကိုယ့်လက်ကလွတ်မလားလို့...သူ

အကြောင်းတိုက်ဆိုင်မှုက......
တစ်ခက်မှာ...နှစ်ပွင့်...။    ...     ။
                                            
                                             ရဲရင့်လမင်း

Saturday 10 November 2012

လူယဉ်ကျေးတွေနေတဲ့ မြို့


ဒါ ဘယ်သူ့ပယောဂလဲ...
အဆင်မပြေမှုက နာတာရှည်ရောဂါလို
ဘဝပေါ် အစွဲအလန်းကြီးလွန်းလှ...
မေတ္တာတရားကလည်း နတ်ဝင်သည်ပါးစပ်က
စကားလုံးတွေလို...
ပူဇော်ရန် အထူးခက်လှသည်ပေါ့
မောဟဆိုတဲ့ရဟတ်မှာ
သောကတွေကလည်း တစ်ပတ်...ပြီးတစ်ပတ်
သံသရာဆိုတဲ့ စက်သီး မရပ်သေးသ၍လေ
ဘဝဟာ...
အံစောင်းများရာလား...!ရေတိမ်မှာ နစ်ချင်လို့မရ
ဖွာရှိုက်လိုက်သမျှ အငွေ့တွေမှာ တစ်သားမွေးတစ်သွေးလှ
ဖမ်းစုပ်ရန် အထူးခက်လှသည်ပေါ့....
အခွံချည်းသက်သက် တိမ်တွေရဲ့ နံရံမှာ
ငါ့နာမည် ရေးထိုးပေးကြပါ....
ဒါ ဘယ်သူ့ပယောဂလဲ...
နှလုံးသားကို အပ်စိုက်ကုပါ
ဘဝကို အပ်စိုက်ကုပါ
ကမ္ဘာကြီးကို အပ်စိုက်ကုပါ
ဒဏ်ရာက တိုင်းရေးဆေးနဲ့မတိုးတော့ဘူး....
အရှိတရားကို ဖြတ်လိုဖြတ်၊ညှပ်လိုညှပ်၊ကပ်လိုကပ်
လုပ်ခဲ့သူကြီး....
အခုတော့ ဘဝကို ကဗျာဆိုတဲ့ နံရံမှာ
ချိပ်လိုချိပ်၊ဆွဲလိုဆွဲ
စောင်းလိုစောင်း၊တည့်လိုတည့်...
ဟုတ်တယ်...ဟုတ်တယ်
ကံကကြမ္မာက ဆင်တစ်ဖက်၊မြင်းတစ်ဖက်နဲ့
အဲဒီ...အညတရဆောင်းမှာ
ဒုက္ခတွေ နှင်းမကွဲသေးဘူး.....
ဟုတ်တယ်...ဟုတ်တယ်
အရိုးကြေကြေ၊အရေခမ်းခမ်း
အဲဒီ...အဝိဇ္ဇာမြို့ရိုးမှာ
အတ္တတွေ ဘုံကြိုးမပြတ်သေးဘူး.....
ဟုတ်တယ်...ဟုတ်တယ်
အဲဒါ...နတ်ဆောင်ဓား
ဓားအိမ်ထဲကနေ ဆွဲမထုတ်လိုက်ပါနဲ့
လူမသုံးလို့ သံချေးတွေတက်နေပြီ....
ဟုတ်တယ်....ဟုတ်တယ်
ကြယ်တွေကိုငေးရင်း ငတ်ခဲ့တဲ့ ညစာတွေအကြောင်း
ရှေးဟောင်းနှောင်းဖြစ် ကဗျာတစ်ပုဒ်
လူယဉ်ကျေးတွေနေတဲ့ မြို့ကနေ ထုတ်လုပ်လိုက်ပါတယ်....
ဒါ.....ဘယ်သူ့ပရောဂလဲ...............!.....။            ။
                                                                            ရဲရင့်လမင်း