Tuesday, 29 January 2013
သစ္စာတရားရဲ့ခံတပ်မှာ ပြိုကျနေတဲ့တိမ်တိုက်တွေ
ပွင့်ပွင့်လင်းလင်းပြောရရင် ပေါ့ပေါ့ပါးပါးပွင့်ပြနေရတဲ့ ခပ်ပါးပါးဘဝတွေပါ
မပြုံးနိုင်ရှာဘူး အပူရောင်တွေလွင့်နေတဲ့ ကမ္ဘာကြီး
သူ့ရဲ့ပါးတစ်ခြမ်းမှာ ဒုက္ခတွေနဲ့ပြာနှမ်းနေပြီ
အပေါက်အပြဲတွေ အနာအဆာတွေ မိသားစုတော်လဲသံတွေနဲ့
ခေတ်ဟာ စစ်ဆိုတဲ့အက်ဆစ်နဲ့ အပတ်ခံထားရတယ်
ယမ်းငွေ့တလူလူနဲ့ ငြိမ်းချမ်းရေးကရော ဘယ်ဘူတာကိုရောက်ပြီလဲ
လူမဆန်တဲ့လူတွေကပဲ လူတွေကိုကုန်ကူးနေကြတာ
ကဗျာမဆန်တဲ့ကဗျာဆရာတွေကလည်း တနေ့နေ့မှာ ကျုပ်တို့ကဗျာတွေကို
လူတွေလို ကုန်မကူးပါဘူးလို့ ဘယ်သူပြောနိုင်လဲ
အနုပညာဆိုတဲ့ပန်းအိုးလေးထဲ အတုနဲ့အစစ်ဟာ
ခွဲခြားရခက်တဲ့ ခက်ဆစ်တစ်ခုအနေနဲ့ ခေတ်ကိုယှဉ်ပြီးပွင့်တယ်
ပေါ့ပ်ကိုချစ်လို့ ရော့ခ်ကိုပြစ်ထားခဲ့ကြတာလား တကယ်တော့
အသွေးအသားတွေက အသားစားငါးတွေရှိရာ စိတ်လိုလက်ရကူးခတ်နေကြတာ
လမ်းကိုလမ်းအတိုင်းငေးရတာ အသိတရားတွေအမောဖောက်လွန်းတယ်
အဖြူကအဖြူအတိုင်းမှောင်တာ တရားပါတယ်လို့ခင်ဗျားတို့ရောတွေးဖူးလား
တစ်ခုတော့မေးချင်တယ်
ဘာသာစကားရဲ့ဒေါက်တိုင်နဲ့ခေတ်ကိုတည့်မတ်မလား
အနုပညာဆိုတဲ့မာနနဲ့ အရှိတရားတွေကိုသတ်ပြစ်လိုက်ကြမလား
ကဗျာဟာကဗျာဆန်သွားတဲ့အခါ ကဗျာတံဆိပ်တော့အကပ်ခံရမှာပါပဲ
ငါတို့တွေဟာ ငါတို့ချစ်တဲ့ကမ္ဘာကြီးကို ငါတို့ရဲ့ရင်ဘတ်တွေနဲ့
ကုစားခွင့်ရထားကြတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး
ရဲရင့်လမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment