Monday 11 March 2013

ပေါ့ပေါ့ပါးပါး ဘဝကို တံဆိပ်ကပ်ပါ



အဆိပ်နှစ်ခွက်ရှိတယ်
မျောနေတဲ့ ဆင်သေနှစ်ကောင်ရှိတယ်
အထက်နဲ့အောက် နှစ်ဆင့်ရှိတယ်
ကြေကွဲနေရလည်း ဘာဖြစ်လဲ
အနှစ်သုံးဆယ်ကျော် ရထား
မျက်လှည့်မပြပါနဲ့ သံသရာ
သစ်ရွက်ကလေးဆီ တပွင့်ချင်းကြွေကျနေတဲ့ မိုးစက်ကလေးတွေရှိတယ်
အနှောင့်အသွားလွတ်လွတ် ညနဲ့ချိတ်ဆက်နေတဲ့ တလင်းပေါ်က လရောင်ရှိတယ်
အတွေးတွေကို ရင့်ရင့်လေးတွေးပါ
အသည်းကွဲပြီဆိုတာနဲ့ လူဟာဗဟိုချက်မဲ့မဲ့လာတော့တယ်
ယိမ်းလိုက်ပါ လှနေအောင် ယိမ်းလိုက်ပါ
အခါတပါးမှာ သေခြင်းကိုရွေးခဲ့ ပြီးပါပြီ
ပိုးတစ်ကောင်ပါ ပုန်းနေလို့လည်းရပါတယ်
လူငယ်တွေလမ်းမှားနိုင်တယ်လို့ လမ်းတွေကပဲပြောတယ်
ငရဲကို မိုးလိုမျှော်ပြီး
ဒုက္ခတွေနဲ့ ပြိုကျနေတဲ့ အရှေ့အရပ်က တိမ်တိုက်တွေ
                                                
                                                                     ရဲရင့်လမင်း

Monday 4 March 2013

မင်းခိုင်မြဲ ၏ ‘စိတ်ဓာတ်ကို ကြက်ခြေခတ်ခြင်း’ ကဗျာအား ချဉ်းကပ်ခြင်း


ကဗျာဆိုတာအာဏာရှင်မဆန်ပါဘူးတဲ့ သူငယ်ချင်းကဗျာဆရာတစ်ယောက်ကပြောဖူးတယ်။ဒါပေမယ့် ဒီကဗျာမှာတော့ လူငယ်တွေရဲ့စိတ်ဓာတ်ကို အာဏာရှင်ဆန်ဆန် ကြက်ခြေခတ်ခံခဲ့ရတာတွေကို ခံပြင်းတဲ့စိတ်နဲ့ ကဗျာဆရာကပုံဖော်ပေးထားခဲ့ပါတယ်။ကဗျာဆိုတဲ့ဘောင်လေးထဲကနေ အခုလို လွတ်

လပ်စွာ တုံ့ပြန်ခွင့်ရှိတယ်၊ပြောဆိုခွင့်ရှိတယ်ဆိုတာ ကဗျာဆရာပေးချင်တဲ့ မက်ဆေ့ရှ်(message)လို့မြင်မိပါတယ်။ဒါဟာ ကဗျာကို ချဉ်းကပ်ခြင်းသာလျှင်ဖြစ်ပါတယ်။ကောင်းသည်၊ဆိုးသည် ဝေဖန်ခြင်းမဟုတ်ကြောင်းကိုတော့ သိစေချင်ပါတယ် ခင်ဗျာ။

 

   ကဗျာကိုချဉ်းကပ်ခြင်းဖြစ်သည့်အလျောက် ကဗျာဆရာရဲ့စိတ်ခံစားချက် များကိုလည်းချဉ်းကပ်မိလျက်

သား ဖြစ်ကောင်းဖြစ်နေမှာပါ။ကျွန်တော့အနေနဲ့ ကဗျာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ အဓိပ္ပာယ်လိုက်

ကောက်နေခြင်းမဟုတ်သည့်အတွက် ကဗျာဖတ်သူရဲ့ကိုယ်ခံအားကလည်းအထိုက်အလျောက်

တော့အရေးပါနေမှာပါ။

    ဒီကဗျာမှာ ကဗျာဆရာဟာ ကဗျာကို လိုင်းအမာတွေနဲ့တည်ဆောက်ထားတယ်လို့ မြင်ပါတယ်။

ခေတ်အပေါ် သူပြောချင်နေတဲ့အချက်တွေကို အမေးဝါကျတွေနဲ့ ပြောထားတာတွေ့ရပါတယ်။ကဗျာကို

လိုင်းအမာတွေနဲ့တည်ဆောက်ထားတယ်ဆိုပေမယ့် Hypotheses(အနုမာနအယူအဆ/အဆိုကြမ်း)လို့ပြောလို့ရမယ့်

ခုန်လို့မရတဲ့ လိုင်းအသေတွေနဲ့တည်ဆောက်ထားသည်ကိုလည်းတွေ့ရပါတယ်။ဒီနေရာမှာ တစ်ခုပြောချင်တာက(ကျွန်တော့်အမြင်ပါ)လိုင်းအသေအားပြုရေးတဲ့ကဗျာတွေနဲ့ လိုင်းအရှင်အားပြုရေးတဲ့ကဗျာတွေရဲ့ ကွာဟမှုကိုပါ။လိုင်းအရှင်

အားပြုထားတဲ့ကဗျာတွေမှာ ဘာသာစကားအလုပ်လုပ်ပုံ ဘယ်လိုမျိုးအလုပ်လုပ်နေသလဲ အဲဒီဘာသာစကားကနေ အဓိပ္ပာယ်တွေဖွာထွက်လာမှု စတဲ့ ဘာသာစကားကိုအရမ်းအားပြုနေရတဲ့အတွက် ကဗျာရဲ့ဆိုလိုရင်းတွေဝေဝါးလာပါတယ်။တနည်းအားဖြင့် ဗဟိုချက်

တွေပါမဲ့လာခဲ့ပါတယ်။လိုင်းအသေနဲ့ကဗျာတွေမှာတော့ ဆိုလိုရင်းကို ထိထိမိမိလေး ပြသွားနိုင်တာတွေ့ရပါ့

မယ်။ကဲ ကဗျာလေးကိုစပြီး ခံစားကြည့်ရအောင်ဗျာ…….

         (နေထွက်ပြီး နေ၀င်သွားတဲ့ မြစ်ကမ်းဘေးမှာ ငါ့ကိုယ်ငါချရပ်လိုက်တယ်။)

    ကဗျာဆရာဟာ မြစ်ကမ်းဘေးတစ်ခုမှာ ရပ်နေတယ်ဆိုတဲ့အကြောင်းကို နိမိတ်ပုံပါးပါးလေးနဲ့ ကဗျာကို

လှလှလေးအင်ထရိုဝင်လိုက်ပါတယ်။ကဗျာဆရာဟာ မြစ်ကမ်းဘေးမှာ ရပ်နေပါပြီ။ ဒါဟာ သူပြောချင်တာတွေကိုဆက်ပြောဖို့ မြစ်ကမ်းနံဘေးနောက်ခံနဲ့ ကဗျာဆန်ဆန် ဆက်တင်ချလိုက်တာလို့ ဆိုနိုင်ပါလိမ့်မယ်။ကဗျာဆရာဟာသူပြောချင်နေတာတွေ၊

ခေတ်အပေါ်မကျေနပ်ချက်တွေ၊ခံပြင်းနေတာတွေကို အမေးဝါကျတွေနဲ့စပြောပါတော့တယ်။

            (ဒီနေ့နဲ့မနက်ဖြန်မှာ ကိုယ်တိုင်စာတတ်ပြီး ဘာလို့စာမတတ်မှုဖြစ်နေတာလဲ။  

              ကိုယ်တိုင်သိမ်မွေ့သလိုလိုနဲ့ဘာလို့ရိုင်းစိုင်းသွားတာလဲ။)

အဲဒီလိုင်းနှစ်လိုင်းဟာရိုးရိုးရှင်းရှင်းလေးတွေပါ။ကဗျာဖတ်သူအနေနဲ့လည်း

အများကြီးကိုဖြန့်တွေးပြစ်လိုက်လို့ရပါတယ်။အမေးဝါကျဆန်ဆန်နဲ့ ခေတ်ရဲ့အနေအထားကိုတွေးခိုင်းလိုက်တာလို့ထင်ပါတယ်။တဖက်ကကြည့်

မယ်ဆိုရင်လည်း ဒါဟာကဗျာဆရာရဲ့ ခေတ်အပေါ်မကျေနပ်တဲ့ လေသံတွေပါပဲ။

    ( ဟော.....

      တတိယနိုင်ငံရေးသမားတဲ့ ခပ်ရိုင်းရိုင်းနှုတ်ဆက်လိုက်တယ်။

      မင်္ဂလာပါလူကြီးမင်းခင်ဗျာ...)

‘ဟော….’ဆိုတဲ့အောက်က ပထမလိုင်းမှာ ခပ်ရိုင်းရိုင်းနှုတ်ဆက်လိုက်တယ်လို့ဆိုထားပေမယ့် ဒုတိယ

လိုင်းမှာတော့ ‘မင်္ဂလာပါ လူကြီးမင်းခင်ဗျာ’ ဆိုတဲ့ ယဉ်ကျေးတဲ့စကားကိုဆန့်ကျင်ဘက် လိုင်းနဲ့ တွဲသုံးသွား

ပါတယ်။ဒါဟာကဗျာသမားတွေမှာရှိနေတက်တဲ့ ရွဲ့တက်တဲ့ စိတ်အခြေအနေကို ပြသွားတာပါ။နိုင်ငံရေးသမားတွေကို တကယ်ရောနိုင်ငံရေးသမားစစ်ကြရဲ့လားလို့ခပ်ထေ့ထေ့မေးခွန်းတွေထုတ်ပြီး ကဗျာဖတ်သူတွေကိုပါ ဒါတွေဟာ တကယ်လိုအပ်ပါသလားလို့ရိုးရှင်းထိမိတဲ့ ဝါကျလိုင်းတွေနဲ့အသိပေးသွားခဲ့ပါတယ်။  

                  (ကိုယ်ထူကိုယ်ထအိပ်မက်တွေကို အာခေါင်ခြစ်အော်ဖူးပါသလား။       

                    ပညာတတ်ဆန်ဆန်လာဘ်စားမှုကို ခွဲခြားတတ်ပြီလားး။

                    အမြင်မတူတာနဲ့တွေ့ရင် အတ္ထုပ္ပတ္တိစ/ဆုံး လုံးစေ့ပတ်စေ့လေ့လာဖူးပြီလား။

                    မာတင်လူသာကင်း ရဲ့ စာတိုပေစတွေ ဖတ်ဖူးပြီလားးး။

                   ကိုယ်သေတဲ့အခါ ကိုယ့်သမိုင်းကောင်းဖို့ဆိုးဖို့ မျှော်ကြည့်ဖူးပါသလား။

                   နိုင်ငံရေးမေးခွန်းအချို့ကို ဆိုလိုရင်းခွဲခြားတတ်ပြီလား။

                   စစ်ပွဲကြားက အားငယ်မှုတွေရဲ့ ရည်ရွယ်ချက်ကို လေ့လာဖူးပြီလား.....။)

                  (ဖော်ညွှန်းပြီး ဆက်မပြောတော့ဘူး။)

     နိုင်ငံရေးသမားလို့ဆိုသူတွေနဲ့ကျွန်တော်တို့ ခင်ဗျားတို့တွေအတွက်ရော ဒီလိုအသိတွေ၊အမြင်တွေ တကယ်လိုအပ်ပါသလား၊မလိုအပ်ဖူးလား

ဆိုတာကိုတော့ ကဗျာဆရာက (ဖော်ညွှန်းပြီး ဆက်မပြောတော့ဘူး။)တဲ့။ကဗျာဖတ်သူကိုလည်း အခုလိုအဖွင့်လိုင်းလေးနဲ့ ထွက်ပေါက်ပြန်ပေးထားပါတယ်။

   ကဗျာတစ်ပုဒ်မှာ ထွက်ပေါက်လေးပေးပြီဆိုရင် အဲဒီရဲ့နောက်မှာ အဲဒီကဗျာရဲ့ အသက်ဓာတ်ဖြစ်တဲ့

အချင်းအရာတွေဟာ ကပ်ပါလာတက်ပါတယ်။

       (မျိုးဆက်တစ်ခုကို ယုံကြည်ရင် မျိုးဆက်တစ်ခုလိုယဉ်ကျေးဖို့လိုလိမ့်မယ်။

        အချိန်ကာလကို ခြုံငုံပြီး ခိုင်မာမှုကို မွေးထုတ်မပေးနိုင်တဲ့အထဲမှာ

       ငါ့ကိုလူအဖြစ်ထုဆစ်ထားတဲ့ နိုင်ငံလည်းပါတယ်လို့ ငါပြောတယ်။)

ဒါဟာ ကဗျာဆရာက ကဗျာဆိုတဲ့ဘောင်ထဲကနေ ကျွန်တော်တို့တွေ ဆုံးရှုံးခဲ့ရ၊ခံစားခဲ့ရ၊နာကျည်းခံပြင်းခဲ့ရ

တဲ့အခွင့်အရေးတွေကို ကဗျာရဲ့လွတ်လပ်တဲ့စည်းထဲကနေ သတိပေး တောင်းဆိုလိုက်တာပါ။ဒီကဗျာရဲ့ အသက်အဝင်ဆုံးလိုင်းတွေပါပဲ။ဒီနေရာလေးကို သုံးခေါက်လောက်တော့ ဖတ်ကြည့်စေချင်ပါတယ်။

    အဲဒီနောက်မှာတော့ ကဗျာဆရာဟာ သူအပါအဝင် ခေတ်ကြီးရဲ့ကျဆင်းနေတဲ့ ခုခံအားတွေကို အကျလိုင်းတွေနဲ့ ဆက်ပြီးပုံဖော်ပါတယ်။ဒါကလည်း Ending ကိုသွားဖို့၊ကဗျာကို အဆုံးသတ်ဖို့ ဖြည်ချလိုက်

ဖျော့ချပေးလိုက်တာလို့မြင်ပါတယ်။

(ခေတ်ဆိုတာကြီးကိုကြည့်ပြီး မေတ္တာတရားတွေလဲ မှေးမှိန်ကုန်ပြီ။

အရောင်တွေထဲက မေးခွန်းအချို့ကို အနုပညာအဖြစ် မဖန်တီးနိုင်သေးဘူး။

21ရာစုနာရီသံဟာ နိုက်ကလပ်ကတေးသံကိုစည်းချက်လိုက်နေတယ်။

ကျော်ကြားမှုကို မ၀တ်ဆင်ဖို့ ကမ္ဘာကြီးက ငါ့ကိုအမဲလိုက်နေပြီ။)

    ကဗျာဆရာဟာ နောက်ဆုံးမှာ အမေးဝါကျတွေကို မသုံးတော့ပါဘူး။သူအလိုမကျတဲ့ခေတ်ဆိုတာကြီးကို မှော်သားကပ်နေတဲ့ အထက်ကလိုင်းလေးခုနဲ့ ကဗျာဓာတ်မိမိရရကိုပြသွားခဲ့ပါတယ်။ကိုယ့်စိတ်ဓာတ်ကိုယ် ပြုပြင်ဖို့ကိုတောင်အခွင့်အရေး မပေးချင်တဲ့ လူတွေ ကို တနည်းအားဖြင့် အာဏာရှင်ဆန်မှုတွေကို

(ဒီလိုနဲ့ ကိုယ့်စိတ်ဓါတ်ကိုယ် ငုံ့အသွေးမှာ အားလုံးကငါ့ကိုကြက်ခြေခတ်ပြစ်လိုက်တယ်။)ဆိုပြီး မချိတင်ကဲလေသံ မျိုးနဲ့ ကဗျာကို အဆုံးသတ်သွားခဲ့ပါတယ်။

            

    ကျွန်တော်ကတော့ ကျွန်တော့်ရဲ့စိတ်/နှလုံးသားမှာ လာထိရှတဲ့ကဗျာတစ်ပုဒ်ကိုဖတ်ပြီးတဲ့အခါတိုင်းမှာ

ကျွန်တော့်မျက်စိကို မှိတ်လိုက်ပါတယ်။ပြီးရင်တော့ အဲဒီကဗျာဆရာရဲ့စိတ်/နှလုံးသားဆီ ရောက်အောင်အတွေးတွေနဲ့ကူးခတ်တော့တာပါပဲ။အဲဒီအတွက်လည်း ကဗျာဆရာဟာ နေထွက်ပြီး နေဝင်

သွားတဲ့ မြစ်ကမ်းဘေးမှာ ကျွန်တော့်ကို ရပ်စောင့်နေဦးမှာပါလို့ ယုံကြည်နေမိတယ်။      

 

မှတ်ချက်။         ။ကျွန်တော့်၏ ခံစားမှုသက်သက်သာဖြစ်ပါကြောင်း။ကောင်းကောင်းဆိုးဆိုး

                      ကျွန်တော်၏တာဝန်သာဖြစ်ပါသည်။

                                                                                                       လေးစားစွာဖြင့်…..

                                                                                                             ရဲရင့်လမင်း

                                                                                                            (၁၅၊၀၂၊၂၀၁၃)

Sunday 3 March 2013

လူဟာ လူယောင်ဆောင်ပြီး လူ့အဖြစ်ကိုရလာတာ



ထိုက်တန်ပါရဲ့လား ခြွေချလိုက်တဲ့ ပြာတွေမှာ ဘဝတွေဟာ တစ်လိပ်ပြီးတစ်လိပ်
ဗီးနပ်(စ်)ရဲ့အိပ်ခန်းမဟုတ်ဘူး လောကရဲ့ပိတ်ကား ကြမ္မာငင်နေတဲ့ ခန်းဆီးစတွေရှိတယ်
ဆည်းလည်းသံမရှိဘူး ဒုက္ခနဲ့စပ်ချုပ်ထားတဲ့ တော်လဲသံတွေပဲ ရှိတယ်
အလေ့ကျပေါက်ပင်တွေနဲ့ ဆန့်ကျင်ဘက်ကိုဆွဲဆန့်ထားတဲ့ ပုံပျက်ပန်းပျက်
ရွှံ့စေးတုံးတွေပဲရှိတယ် ခင်ဗျားထက် ခင်ဗျားရဲ့မျက်နှာဖုံးကပိုအထာကျတယ်
အကြင်နာတရားခေါင်းပါးမှုကိုပြောတာ ငရဲကိုထိုးဆင်းသွားတဲ့ အိုးစည်သံလေးတွေကိုပြောတာ
တောင်ပေါ်မြေပြန့် သက်တံ့လေးတွေကိုပြောတာ
ဆင်ခြေဖုံးရပ်ကွက်က ပါးကွက်ကြားလေးတွေကိုပြောတာ
ညသရုပ်ဖေါ် ရှန်ပိန်ခွက်ထဲ အပူရှပ်နေတဲ့ ကြယ်တွေကိုပြောတာ
တို့မီး ရှို့မီးတွေကြီးပွားတဲ့ခေတ်မှာ အတုအယောင်တွေနဲ့ လောင်ကျွမ်းကြရ
အာလူးစားသူတွေရဲ့မျက်လုံးထဲ သဲတရှပ်ရှပ်အတွေးကို ဇာချဲ့နေမိတယ်
ဒီပင်လယ်မှာ ဒီဘဝတွေ အမှတ်လေးဆယ်မှပြည့်ပါ့မလား ကပ်စရာကမ်းမှ တွေ့ပါ့မလား
သမင်လည်ပြန်ဖနောင့်တဲ့ မနုဿစည်းဝိုင်းထဲကနေ ဒုက္ခဘာသာဗေဒနဲ့
အလိုက်သင့် ခုန်ထွက်လာတဲ့ ခြင်းလုံးလေး အမြီးအမောက်မှတည့်ပါ့မလား
ချိုပေါ့ကျတစ်ခွက်ပေးပါ မာရ်နတ်နဲ့ယက်လုပ်ထားတဲ့ကြိုးကို ဥပေက္ခာအချိုးသစ်နဲ့ နစ်နေအောင်ကျစ်ချင်လို့
ဖိတ်သမျှ စင်တဲ့လောက ကျင့်သားမရသေးတဲ့ အမှောင်ခြမ်းမှာ စိတ်ဟာ ကြောင်ကျပဲ ကျချင်တော့တယ်
ဘုရားအားဖြင့်တော့ အားလုံးဟာ ချစ်သား/သမီး တွေချည်းပါပဲ
တစ်ယောက်ကတစ်ယောက်ကို ကိုယ်ချင်းစာတရားနဲ့ ဒေါက်ထောက်ပေးလိုက်ဖို့ပဲလိုတယ်
ကမ္ဘာကြီးရေ ခင်ဗျားဝတ်မယ့်အင်္ကျီက ဘာအရောင်လဲ
အဲဒီသီချင်းကို ကျေးလက်ကလည်း ဝတ်ချင်နေတာ...ကဲ...
အဝိဇ္ဇာပန်းချီကားထဲ ကိုယ့်အတ္တကိုယ်ထည့်ဆွဲဖို့ ခင်ဗျားတို့လက်တွေ ရဲဆေးတင်ထားကြ
အကုသိုလ်ဟာလိုသလောက်ရတယ် ကြမ်းပိုးများတဲ့ကျွန်းမှာသွားကြားထိုးတံတွေပေါသလိုမျိုးပေါ့
သင့်ရဲ့လူ့အဖြစ်ကို ဖွင့်ကြည့်ပြီးပြီလား ဖွင့်ကြည့်ခွင့်ရောရပြီလား
(Nomad)လို့ခေါ်တဲ့ ခြေသလုံးအိမ်တိုင်တွေ ရေကြည်ရာ မြက်နုရာ ရွာလွန်ရွက်တိုက်နေကြဆဲ
ခန္ဓာတစ်ခုချင်းစီတိုင်းဟာ စက်ရုံတွေသာဖြစ်ရင် နေ့စဉ်နဲ့အမျှ ရယ်သံတွေပဲ ထုတ်လုပ်နေမှာပေါ့
အခုလောလောဆယ် ဘိန်းခင်းထဲက ဘိန်းပန်းတွေကတော့
ဘဝအတုတွေကိုပြုလုပ်နေပြီ စိတ်အတုတွေကိုပြုလုပ်နေပြီ
အစစ်တွေနဲ့အစပ်ဟက်တည့်ဖို့ ကမ္ဘာမြေကြီးဆွဲငင်အားနဲ့ကြွေကျနေတဲ့ သစ်သီးတွေကိုပဲ နေရာအနှံ့မြင်ချင်နေမိတော့တယ် ဆုတောင်းဟာ ဆုတောင်းပဲအမှောင်ဟာ လမ်းမရှိပဲနဲ့တော့ အလင်းဆီ သူ့အလိုလိုရောက်မလာဘူး
အဆိပ်ခွက်ထဲက သမိုင်းမှာ ဝံပုလွေတွေ လူရာဝင်ခဲ့သလို
လူသားတိုင်းရဲ့နှလုံးသားမှာ ယဉ်ကျေးတဲ့ အီကွေတာမျဉ်းတွေလည်း ဖြတ်သန်းခွင့်ရှိပါစေ
ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ အခုကျရောက်နေတဲ့ ခေတ်ကြီးရဲ့ တံတားကို
(Soft Power)တွေနဲ့ ခပ်ပြင်းပြင်းလေး ဖြတ်လျှောက်ပစ်လိုက်စမ်းပါ
ရုပ်ဝတ္ထုတွေ ပြန့်ကျဲနေတဲ့ ဘေးကြပ်နံကြပ်ထဲ
ဗေဒါရောင်ဆော့(ဖ်)ဝဲ(လ်)အသစ်တွေ တဆစ်ဆစ်နဲ့ အဆင့်ဆင့် ပွင့်နေတာ တွေ့လိမ့်မယ်

                                                                                                   ရဲရင့်လမင်း
                                                                                                  (01.03.2013)

တစ္ဆေ သရဲတွေ ရွတ်တဲ့ ဂါ ထာ



ကြယ်တွေ ခြစ်ခြစ်တောက် ပူတဲ့ညမှာ မိသားစုပန်းလှေကလေး
လရောင်နဲ့အတူ တိမ်းမှောက်နေတယ်ဆိုတဲ့ အကြောင်း
အငြိအစွန်း ထောင့်တွေနဲ့ ချောင်းကြည့်ပေါက်ကလေးကနေ ချောင်းကြည့်လိုက်တယ်
ဒုက္ခတွေကို ထမ်းပိုးထားသူလား ချစ်ခြင်းမေတ္တာကို မော့ကြည့်နေသူလား
ဘယ်နိုင်ငံ ဘယ်မြို့မှာ ဘယ်သူဟာ ဘာပါလဲ
ဆိုမြဲစကားတွေနဲ့ ဆိုဆဲတရားတွေ အသေအချာပါ အသွေးကို အသက်နဲ့မက်ခဲ့တယ်
ဟော!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
နေ့ခင်းကြောင်တောင် မှောင်နေတဲ့ ခန္ဓာကြီး အနီလည်းတစ်ပွင့်ပါပဲ အနက်လည်းတစ်ပွင့်ပါပဲ
ပျံသန်းခြင်းကို နှစ်သက်လို့ ငှက်တွေကို ကြည့်တာပေါ့
ကျုံးရေထဲ ကျွန်ရိပ်တွေ ထပ်မမြင်ပါရစေနဲ့
ကဗျာဆရာဟာ လောကကို ဇောင်းပေးပြီး နယူးယောက်မြို့ကြီးလိုငေးနေတယ်
ဘယ်နန်းတော်ထဲမှာ ဘာရုပ်ထုတွေရှိတယ်ဆိုတာထက်
ဘယ်သူ့ရင်ထဲမှာ ဘာကဗျာတွေရှိနေသလဲ
ပိတ်ထားတဲ့ ဘုံဘိုင်ခေါင်းကို လှည့်လိုက်တော့ အတ္တတွေဝေါခနဲ ပန်းထွက်လာတယ်
ဘယ်သူမှ မကျွတ်လွတ်သေးပါဘူး အကျိုး နဲ့ အကြာင်းကိုသာ ဆီလျော်အောင် ထု ဆစ် ကြ
အကြိမ်ကြိမ် ကြွေကျနေရတာကိုက စကြာဝဠာကြီးကို ခါးထောက်ပြီး ငေးနေရသလိုလို
                                           
                                                                                                    ရဲရင့်လမင်း
                                                                                                  (၂၃၊၀၂၊၂၀၁၃)

နာနေတာလား/နားနေတာလား နေတောင်အတော်စောင်းသွားပြီ



ဇာတ်လမ်းကမှမကောင်းတာ ဇာတ်ညွှန်းကိုသေအောင်ခွဲလည်း
ခပ်ကြောင်ကြောင်တွေပဲလာမှာ
လောကကြီးမှာလိပ်တွေများတယ် လောက်တွေများတယ်
အထူးပြုလုပ်ချက်တွေနဲ့ ပိုးကိုက်ခံထားရတဲ့ ပေါ်လစီသစ်သီးတွေများတယ်
ကျုပ်လည်း တွင်းထွက်ပဲ ခင်များလည်း သစ်တောပဲ ကွာလတီအလိုက်တော့ ရောင်းစားခံရမယ်
အတွန့်သွားမတက်နဲ့ နားထင်မှာဝဲနေတာ ယင်ကောင်တွေမဟုတ်ဘူး
အမှန်တရားကို တူးဆွမိတဲ့ပေါက်တူးတွေ သံတိုင်တွေရဲ့အနောက်ကနေ
အပေါက်အပြဲဒဏ်ရာတွေနဲ့ထွက်ကျလာတယ် လှေခါးထစ်လား/တောင်ယာလား
ပြန်စရာအိမ် မရှိတော့ဘူး/ထွန်စရာလယ်မရှိတော့ဘူး
ကြုံသလို ဆူးထိုးစိုက်ရမယ့် ဘဝတွေဟာ ဒုနဲ့ဒေး
ကိုယ့်ဗိုက်ကိုယ်ခွဲ ကိုယ့်လက်နဲ့ကိုယ်သွယ် ကိုယ့်သွေးကိုယ်မေ့နေတဲ့
သဘာဝသယံဇာတတွေလည်း နေ့ချင်းညချင်းပိုက်တန်းလန်းနဲ့
ဆွဲဆောင်မှုမရှိတဲ့ မြို့/ရွာတွေအပေါ်ကနေ မှင်သေသေနဲ့ ဖြတ်သန်းသွားကြတယ်
အမှိုက်ပုံ အကြီးကြီးတွေကြားက ဘဝသေးသေးလေးတွေ
သားသတ်ရုံနဲ့တူတူလာတဲ့ ညှီစို့စို့ လွင်ပြင်တွေ
အခုတလော အနိဌာရုံတွေပဲ မြင်မြင်နေတဲ့ မျက်လုံးတွေကို ထိုးဖောက်လိုက်ချင်ပြီ
သက္ကရာဇ်တွေပြောင်းသွားတယ် နှစ်ကာလတွေ ဆန့်ထွက်လာတယ်
ဒီအရပ်မှာ ဒီဇာတ်ကို ကလို့ကောင်းနေတုန်းပဲ
သင်းကွဲငှက်တွေဟာ သင်းကွဲတေးသံနဲ့ နိုင်ငံတကာရဲ့လမ်းတွေပေါ်
နည်းမျိုးစုံနဲ့ တိုးဝင်ပျောက်ကွယ်သွားကြရဲ့
အထွေထွေဆန်တဲ့ မျက်ရည်နဲ့ အထွေထွေဆန်တဲ့ ဘဝတွေဟာ
ထုံးပေါက်ထားတဲ့အစဉ်အလာနဲ့ ဥပဒေအထက်က အပ်တွေကို အလိုလိုလန့်နေကြရတယ်
ဘယ်မှာလဲ စာသင်ခန်းထဲက ဗိုလ်ချုပ်အောင်ဆန်းတွေ/ချီဂွေဗားရားတွေ
ဘယ်မှာလဲ တက္ကသိုလ် ကံ့ကော်ရိပ်က နယူတန်တွေ/အိုင်းစတိုင်းတွေ
အားလုံးဟာ အက်ကြောင်းအထပ်ထပ်နဲ့ အနှစ်ခြောက်ဆယ်ဓာတ်ပြားထဲ
အလိုမတူပဲ ထည့်ကြိတ်ခံထားရတယ်
ပေါ့ပ် ယဉ်ကျေးမှုမှာ ပေါ့ပ် စာတွေများများဖတ် ပေါ့ပ် အတွေးတွေများများတွေး
ပေါ့ပ် ဆေးတွေများများစား ပေါ့ပ် အလှူတွေများများလုပ်
ပေါ့ပ် ဟာခင်များကို 'လှုပ်'သွားမယ့် ခေတ်ကြီးလို့ ယူဆရင်
ဝှက်ထားတဲ့ဖဲကို ပေါ့ပ် ဆန်ဆန်လေးပြစ်ချလိုက်
ပေါ့ပေါ့ပြီး ပါးလာတဲ့ ဘဝတွေအတွက် မနေနိုင် မထိုင်နိုင် လက်တစ်စုံဟာ
မရိုးသားခြင်းတွေကိုပဲ အထိတ်တလန့်နဲ့ ပြေးပြေးပြီးနှုတ်ဆက်နေမိတယ်
                                                                                     ရဲရင့်လမင်း
                                                                                   (09.02.2013)

ဟိုငြိဒီငြိ ငြိနေတဲ့ ကဗျာ



မယ်ဇယ်ပင်တန်းအောက်က သစ်ရွက်ခြောက်တို့ရဲ့ ဂီတ
အလွမ်းတွေဖြာကျနေမယ့် အမေ့မျက်နှာပေါ်က ဇရာဆိုတဲ့ လမ်းအိုလေး
မိသားစုကပဲ့ထွက်လာတဲ့ အညတရကြယ်တစ်လုံး
ဘဝရဲ့မခိုင်တဲ့ဒေါက်တွေကို ထိုင်ကြည့်နေတဲ့ မျက်လုံးတွေ
ခုန်တန်းလျားလေးပေါ်က ဆင်တူယိုးမှားလရောင်
စကားလုံးတွေအားကောင်းနေဆဲ ငြိမ်းချမ်းရေး
*အရုပ်မျက်နှာ ပန်းမျက်နှာ*
လက်တွေ့ကျကျ လောင်မြိုက်နေတဲ့ စစ်
အမှန်တရားသည် ဖြောင့်၏ စောင်းနေသည်က ငါနှင့်ကျွန်တော်
အစာငတ်လို့ ဆန္ဒပြနေတဲ့ ကမ္ဘာကြီး
**ကျောက်စရစ်တောမာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍မရသကဲ့သို့**
အရှုံးခံပြီး တိုက်နေရတဲ့ ဝမ်းတစ်ထွာ
ကမ်းခြေမှာမှောက်ကျနေတဲ့ လူမသိ သူမသိ အမှတ်တမဲ့လေညှင်းတွေ
အကြည်ဓာတ်ကလေး ကျကွဲနေတာကလွဲရင် အရာရာဟာ သွေးရိုးသားရိုး
ကမ်းလွန်ပင်လယ်က ၉၆ပါး အတောင်ပံတွေနဲ့ မသေရုံတမယ် ကမ်းလွန်ငှက်တွေ
ချိုသာတဲ့နှလုံးခုန်သံမှာ ဘဝချိန်ခွင်ဟာ လျှာဇောက်ထိုး
သစ်ကြောင့်လား...ရွှေကြောင့်လား...စိန်ကြောင့်လား...ဂက်စ်ကြောင့်လား...
မထင်မှတ်တဲ့မိုးတွေက ဥတုမှားပြီး ခဏခဏရွာတယ်
မကျီဇယ်နဲ့ ပြည်တည်နေတဲ့အနာတွေ ပေါက်ထွက်တော့မယ်
ကျနေတဲ့စိတ်ဓာတ်ကို ကြောက်ကြောက်နဲ့ပဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားရ
အာဏာရှင်ဆန်သော မျက်လုံးတွေကို မမုန်းတော့ပါ
ကျူးကျော်ရပ်ကွက်ထဲမှာ နေထိုင်ရင်း
မမြင်အပ်သော အတွေးထောင့်မှာ ဥပေက္ခာအိမ်လေး ဆောက်ထားလိုက်သည်

                                                                                      ရဲရင့်လမင်း

                                              (*)(**)ဆရာမောင်သာရ၏ ဝတ္ထုခေါင်းစဉ်များ

Thursday 28 February 2013

ကြိုးတန်းပေါ်က ကမ္ဘာ




လျှပ်စစ်အမျှင်အတန်းတွေနဲ့ ထမင်းရည်ပူလောင်နေတဲ့ ကမ္ဘာကြီးဟာ
အသစ်တဖန်တွယ်ကပ်လာတဲ့ သွေးပြန်ကြောတွေနဲ့
ပင့်ကူအိမ် ယဉ်ကျေးမှုကြီးကို စိတ်လိုလက်ရ မွေးဖွားလိုက်ပြန်တယ်
အဲဒီပခြုပ်ထဲ......
တစ်ယောက်က အချစ်အကြောင်းပြောရင် တစ်ယောက်ကစစ်အကြောင်း
တစ်ယောက်က သတင်းတွေဖွရင် တစ်ယောက်က အတင်းတွေချ
တစ်ယောက်ကနိုင်ငံရေးဆို တစ်ယောက်ကလည်း သာရေး နာရေး ဘာရေး ညာရေး
တစ်ယောက်အတွေးမှာ တစ်ယောက်ခိုအောင်း အချိပ်အဆက်မမိတမိနဲ့ ဇာတ်ဝင်ခန်းတွေပြောင်းပြောင်းသွားကြတယ်
ဝေးဝေးမကြည့်နဲ့
ကွန်ကောင်းရင် လက်ပ်တော့ပ်လေးရှေ့ချ အလွမ်းမျက်ရည်ခခွင့်ရတဲ့ခေတ်လေ
အတင်းဝင် အတင်းထွက် စနစ်တွေ အထပ်ထပ်ကြားမှာ
ငဟတ်တွေကလည်း လစ်ရင်လစ်သလို ခေတ်အပေါ်သဝန်တိုကြသေးတယ်
အသိပညာ/အတတ်ပညာတွေ ပခုံးချင်းဝင်တိုက်နေကြတဲ့ အဲဒီကွန်ယက်ထဲ
လမ်းမတူတဲ့သူတွေလည်း လူချင်းတွေ့လို့ အလုပ်တွေဖြစ်နေကြပြီ 'ကိုချော'ရေ
ဂရပ်ဖစ်ဆန်ဆန် အပြုံးတွေနဲ့ ဒစ်ဂျစ်တယ် ဖုန်လုံးကြီးတွေနဲ့
ပရိုဂရမ်အသစ်တွေရေးနေဆဲ ကမ္ဘာကြီးရဲ့ကွန်နက်ရှင်ကြိုးတန်းပေါ်
အမည်မဖော်လိုသူတွေလည်း တွဲလောင်း ကမ္ဘာကျော်ချင်သူတွေလည်း တွဲလောင်း
                                                                                                       
                                                                                                        ရဲရင့်လမင်း

Tuesday 29 January 2013

အသူရကာယ် တေးသွား



အပွေးမမြင်ပေမယ့် အပင်ကိုတန်းသိလိုက်တယ် ခင်ဗျားလည်းဆိုးဆေးမိထားတဲ့
အခွင့်အရေးပန်းတစ်ပွင့်ပဲ အပမှီနေတဲ့မျက်လုံးနဲ့ မြင်မြင်ရာကို အကြည့်တွေနဲ့ထိုးခွဲ
ယဉ်ကျေးမှုငရဲတံခါးဟာ ဒီဘဝ ဒီနေရာမှာတင် လှလှလေးပွင့်နေတယ်
ဘဝအပေါ်ကြွေကျနေတဲ့ ဖရုသဝါစာတွေ စံဖို့ခံနေရတာလား ခံဖို့စံနေရတာလား
ပါးစပ်ထဲရောက်လာတဲ့ ထမင်းလုတ်တွေမှာ အကြည့်တွေခလုတ်တိုက်နေတဲ့
ပေါင်တန်ဖြူဖြူညနေခင်းတွေမှာ လိင်စိတ်ကြွနေတဲ့ ကဗျာတွေမှာ
ကုသိုလ်က ဘယ်လောက်သားလဲ အကုသိုလ်က ဘယ်လောက်သားလဲ
ဌါန်ကရိုဏ်းကျကျရလာတဲ့ ဘဝတွေပါ  ‘ဆာ’လို့ ‘ရှာ’ နေရတဲ့ ဘဝတွေပါ
တစ်ယောက်ရဲ့အဝိဇ္ဇာမှာ တစ်ယောက်ရဲ့ပြဿဒါးကိုထိုးစိုက်
ကိုယ့်အတွေးနဲ့ကိုယ် ယဉ်ယဉ်လေး မိုက်လိုက်ကြရုံပေါ့
လူဟာ တရားတွေနဲ့ တွန့်သွားလိုက် တခါ အမှားတွေနဲ့ တွန့်သွားလိုက် တခါ
ရလာတဲ့ဘဝအခါးမှာ လူလားမြောက်နေတဲ့ ဒုက္ခတွေ ဗိသုကာဆန်တဲ့ငိုကြွေးခြင်းတွေ
မမျှော်လင့်ပဲတိတ်သွားတဲ့ အပျော်တွေနဲ့ နေ့ရှိသရွေ့ ငရဲကိုပန်းတစ်ပွင့်လို ပန်ထားရတယ်
လေတိုက်တိုင်း တဖွေးဖွေးလှုပ် လေတိုက်တိုင်း တဖြုတ်ဖြုတ်ကြွေ
တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ ရမက်ဝင်္ကဘာထဲ လွင့်နေရတဲ့ တရားမဝင် ရောင်စုံပန်းပွင့်လေးတွေပါ
ခေတ်ရဲ့သံစဉ်အတိုင်း ခပ်ချဉ်ချဉ်ဆိုညာဉ်းနေရတဲ့ ငြီးငွေ့ဖွယ် အသစ်အဆန်းတွေပါ
လောဘတစ်ရစ် မောဟတစ်ရစ်နဲ့ ငွေစော်နံခန်းဆီးနောက်ကွယ်က ဝဋ်ဆန်ဆန်ညတွေပါ
အဇ္ဇျိတ္တထဲက တဆစ်ဆစ်ကိုက်ခဲနေတဲ့အနာတွေဟာ စိတ်ငြိမ်ဆေးတွေကိုမှ တောင့်တသတဲ့လား
ဒုက္ခတွေနဲ့နစ်နေတဲ့ သံသရာကြီးပါ
နည်းပညာအနယ်အနှစ်တွေနဲ့နစ်နေတဲ့ သံသရာကြီးပါ
ကပ်သုံးပါးအားကောင်းနေတဲ့ သံသရာကြီးပါ
အဖြစ်/အပျက်တွေ ဦးတည်ရာမဲ့နေတဲ့ သံသရာကြီးပါ
စိတ်ရဲ့အတက်/အကျမှာ ခန္ဓာတွေဟာ သေးသွားလိုက် ကြီးလာလိုက်နဲ့
ရုပ်ကိုနာမ်ကမျက်လှည့်ပြနေသလို တမျိုးလေးကြည့်ကောင်းနေပြန်တယ်
တစ်ကိုယ်လုံး သင်္ခါရတက်တူးတွေနဲ့ လောကကြီးကတော့
အိုနာသေ မြို့ရိုးပေါ်က အန္ဓဆိုတဲ့ ဝဋ်နာကံနာ အမှိုက်တွေကို စိမ်းစိမ်းကြီးစိုက်ကြည့်နေလေရဲ့
‘ကယ်ကြပါ’ ‘ကယ်ကြပါ’ အသံလေးကြားလို့ထကြည့်တော့
မာယာဘုံအလွတ်ထဲမှာ ခင်ဗျားနဲ့ကျုပ် အနုမာနဇောတွေနဲ့ ကျောချင်းကပ်ပြီးအော်နေတာ
                                                                                                
                                                                                                              ရဲရင့်လမင်း

အိပ်မက်မြစ်များ



အရိပ်တွေကို ရပ်တန့်ပစ်လိုက် အဆိပ်တွေခြွေချနေတဲ့ လောကသစ်ပင်
ဒုက္ခမြေထဲကျွံဝင်နေတဲ့ မနုဿသစ်သီးတွေ
လျှပ်ပေါ်ဖို့ လော်လီဖို့ သန္ဓေကိုပျိုးခဲ့ကြတာလား
ခန္ဓာနဲ့ခန္ဓာကြား ဟနေတဲ့တံခါးမှာ စိတ်ရဲ့စေတသိတ်ဟာ မလွယ်ပေါက်
နူးညံ့တဲ့လက်အစုံနဲ့ ခြေဖျားလေးထောက်လို့ ဖွဖွလေးဝင်ခဲ့ပါ
ဆယ်ကျော်သက်မျက်နှာပေါ်က ဆယ်ကျော်သက်အိပ်မက်
ညဟာဖျောက်ဆိပ်ကြယ်တွေနဲ့ ပင်လယ်ဆီခရီးဆက်နေတယ်
မြစ်တွေကိုအားနာလို့တဲ့ မြို့လေးဟာကမ်းစပ်မှာတငေးတမော
ဘဝတွေကို တိုးတိုးလေးဆေးကြောပေးနေရှာတယ်
ငြီးငွေ့လို့ချိုးကွေ့ပေးလိုက်ရတဲ့ ကဗျာမို့ လမ်းဘေးလွယ်အိတ်ထဲကဒဏ်ရာတွေကို
အုတ်ခုံပေါ်ကညတွေသာ တေလေအမှတ်အသားနဲ့ခံစားခွင့်ရှိပါစေ
အဆုတ်မကောင်းသူတွေအတွက် လောကဓံမှုတ်ပြောင်းဝက
ကံကြမ္မာအငွေ့အသက်လေးတစ်ပွင့်ဟာ နေအဝင်မှာလေနှင်ရာတလွင့်လွင့် အပြစ်ရှိသလို သူပွင့်ပါစေ
အသစ်တွေကို ဈေးမဆစ်ကြပါနဲ့ ငါတို့တွေဟာ အဖြစ်တွေအတိုင်း ပျက်နေကြရတာ
ခါးချင်လည်းခါးမယ် မှားချင်လည်းမှားမယ် အဲဒီအတွက် ဘားဆိုင်တွေမှာ ဘိုဆန်ဆန် ငါတို့တရားထိုင်ကြတာပေါ့
တဖြိုင်ဖြိုင်နဲ့ လည်သွားပြန်ပြီဥတုတွေ ပခြုပ်ထဲကအပြုံးတွေကို မာယာပလွေသံနဲ့ဆွဲထုတ်
တဖြုတ်ဖြုတ်နဲ့ကြွေကျလာတဲ့ အခိုက်ဓာတ်တွေကို ယဉ်ကျေးမှုအဟောင်းတွေနဲ့ ထုဆစ်
စိမ်လိုက်တိုင်း ဝင်သွားတဲ့ကျင်းတွေဟာ စုန်လိုက်တိုင်းဆန်သွားတဲ့လမ်းတွေကို
အပိုအလိုမရှိ လှပ်လှပ်လေး ဆယ်ယူသွားကြပြန်ပြီ သယ်ယူသွားကြပြန်ပြီ
အများအကြိုက်လိုက်မိလို့ အမြိုက်တရားနဲ့ မျောမိသူတွေ အမိုက်တရားနဲ့ ဇောပိသူတွေ
အမောကလည်းဖောက်တယ် တောကလည်းမှောက်တယ် စနက်တံဖြုတ်လိုက်တော့
သောကစနက်ပ်ရှော့တွေကတဒိုင်းဒိုင်း မောဟလှိုင်းတွေကလည်း အပြိုင်းပြိုင်း
အမှောင်ဟာ အလင်းတွေနဲ့ ခြေဦးတည့်ရာ သူ့အလိုလိုမှိုင်းသွားတယ်
ဟိုးမိုးကောင်းကင်ပေါ်က ကြော့ကြော့လေးမော့နေတဲ့ ကြယ်လေးတွေရေ
မင်းတို့တွေသေပြီးမှ ငါတို့တွေက လင်းရတာပါ
တကယ်လို့များ အိပ်မက်တွေက အလိုမတူပဲရပ်တန့်နေမယ်ဆိုရင်တောင်
မြစ်တွေကတော့ သူ့တရားနဲ့သူ ဖြူဖြူစင်စင်စီးဆင်းနေကြဦးမှာပါ
ကံပစ်ချရာ သွားနေကြရသူခြင်း အတူတူ ငါ့မှာတော့ ခြေဗလာနဲ့
ရပ်တန့်ခြင်းခြေသံကို ရိုးရိုးလေး ရှပ်တိုက်လို့ ပေါ့ပေါ့လေးနှုတ်ဆက်ခဲ့ပါရစေ
                                                                                  
                                                                                           ရဲရင့်လမင်း

သစ္စာတရားရဲ့ခံတပ်မှာ ပြိုကျနေတဲ့တိမ်တိုက်တွေ



ပွင့်ပွင့်လင်းလင်းပြောရရင် ပေါ့ပေါ့ပါးပါးပွင့်ပြနေရတဲ့ ခပ်ပါးပါးဘဝတွေပါ
မပြုံးနိုင်ရှာဘူး အပူရောင်တွေလွင့်နေတဲ့ ကမ္ဘာကြီး
သူ့ရဲ့ပါးတစ်ခြမ်းမှာ ဒုက္ခတွေနဲ့ပြာနှမ်းနေပြီ
အပေါက်အပြဲတွေ အနာအဆာတွေ မိသားစုတော်လဲသံတွေနဲ့
ခေတ်ဟာ စစ်ဆိုတဲ့အက်ဆစ်နဲ့ အပတ်ခံထားရတယ်
ယမ်းငွေ့တလူလူနဲ့ ငြိမ်းချမ်းရေးကရော ဘယ်ဘူတာကိုရောက်ပြီလဲ
လူမဆန်တဲ့လူတွေကပဲ လူတွေကိုကုန်ကူးနေကြတာ
ကဗျာမဆန်တဲ့ကဗျာဆရာတွေကလည်း တနေ့နေ့မှာ ကျုပ်တို့ကဗျာတွေကို
လူတွေလို ကုန်မကူးပါဘူးလို့ ဘယ်သူပြောနိုင်လဲ
အနုပညာဆိုတဲ့ပန်းအိုးလေးထဲ အတုနဲ့အစစ်ဟာ
ခွဲခြားရခက်တဲ့ ခက်ဆစ်တစ်ခုအနေနဲ့ ခေတ်ကိုယှဉ်ပြီးပွင့်တယ်
ပေါ့ပ်ကိုချစ်လို့ ရော့ခ်ကိုပြစ်ထားခဲ့ကြတာလား တကယ်တော့
အသွေးအသားတွေက အသားစားငါးတွေရှိရာ စိတ်လိုလက်ရကူးခတ်နေကြတာ
လမ်းကိုလမ်းအတိုင်းငေးရတာ အသိတရားတွေအမောဖောက်လွန်းတယ်
အဖြူကအဖြူအတိုင်းမှောင်တာ တရားပါတယ်လို့ခင်ဗျားတို့ရောတွေးဖူးလား
တစ်ခုတော့မေးချင်တယ်
ဘာသာစကားရဲ့ဒေါက်တိုင်နဲ့ခေတ်ကိုတည့်မတ်မလား
အနုပညာဆိုတဲ့မာနနဲ့ အရှိတရားတွေကိုသတ်ပြစ်လိုက်ကြမလား
ကဗျာဟာကဗျာဆန်သွားတဲ့အခါ ကဗျာတံဆိပ်တော့အကပ်ခံရမှာပါပဲ
ငါတို့တွေဟာ ငါတို့ချစ်တဲ့ကမ္ဘာကြီးကို ငါတို့ရဲ့ရင်ဘတ်တွေနဲ့
ကုစားခွင့်ရထားကြတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး
                                                                                                               
                                                                                  ရဲရင့်လမင်း