Saturday 29 December 2012

ငြိမ်းချမ်းရေး သင်္ချာ






  • ကမ္ဘာကြီးဟာ လေးထောင့်ကြီး
  • ထောင့်လေးထောင့်မှာ အပေါက်ကလေးတွေကိုယ်ဆီနဲ့
  • တစ်ယောက်အကြောင်းတစ်ယောက် သိတယ်ဆိုတာ
  • စက်ဝိုင်းပုံ စစ်ပွဲတွေကို
  • တိ
  • တိ
  • ကျ
  • ကျ
  • လှည့်စားနေတာ
                                                ရဲရင့်လမင်း

ကျုပ်တို့လျှောက်တဲ့လမ်းမှာ ခင်ဗျားတို့ခြေရာတွေလာမရှာကြနဲ့



လောဘဆော့ဖ်ဝဲလ်တွေ မောဟဆော့ဖ်ဝဲလ်တွေလာရင် စက်ရုပ်လောကလည်းပျက်မှာပဲ
ရင်းနေတဲ့အနာတွေနဲ့ ခေတ်ကိုငေးရတာ အမြင်တွေဘောင်ဘင်ခတ်လွန်းတယ်
အနီးမှုန်မှုန် အဝေးမှုန်မှုန် မှုန်တာကတော့ မှုန်တာပဲ
မကန်းတာကံကောင်းလို့ ဖော့ပစ်လိုက် တွေးပစ်လိုက်
ထစ်ခနဲဆို ဆွေးကြနွေးကြတော့မယ် အပစ်အခတ်ရပ်ဆိုလား ငြိမ်းချမ်းရေးဆိုလား
ထစ်ခနဲဆို လူလုံးပြကြတော့မယ် အလွန်တရာစိုးရိမ်ပူပန်မိတယ်တို့ ဘာတို့ ညာတို့
အဲဒီ ထစ်ခနဲထစ်ခနဲ ဆိုတာတွေဟာ ကျုပ်တို့ရင်ထဲမှာ အခြောက်တိုက်အရိုးစွဲခံနေရတဲ့ သေနတ်သံတွေ
ဘာလေသံနဲ့ပြောပြော စစ်ဟာကမ္ဘာကြီးကို တတိတိနဲ့လှိုက်စားနေတဲ့ ကင်ဆာတစ်မျိုးပဲ
စနေထောင့်ပန်းလှုတဲ့နေ့တုန်းက နေ့ခင်းကြောင်တောင် ဘုရားမီးပူဇော်နေသူတွေကိုတွေ့တော့
တစ်ယောက်တည်း ပြုံးမိတယ် အတ္တကအရှိန်ပြင်းလွန်းတော့ အသိဥာဏ်တွေက အလိုလို လမ်းဖယ်ပေးလိုက်ရတာများလား အတွေးဟာဆုတ်တစ်ရက် ဆန်းတစ်ရက်နဲ့
ဆော့ဖ်ဝဲလ်တွေကလည်း အသစ် စစ်ပွဲတွေကလည်း အသစ်
ဆေးပညာတွေကလည်း အသစ် ဗိုင်းရပ်စ်တွေကလည်း အသစ်
နေနည်းတွေကလည်း အသစ် သေနည်းတွေကလည်း အသစ် လစ်ရင်လစ်သလို အသက်ကိုခိုးခိုးရှုနေရ
ကျုပ်တို့အဘိုးသာရှိသေးရင် ကူဖီမလိုင်ရောင်းတဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီး ကိုဖီအာနန်လည်း
စစ်ကိုဆလံသလို့ ရာထူးမှနှုတ်ထွက်ကြောင်း သတင်းအသစ်တွေကို
ခေတ်ကြီးကသောက်ကျိုးနည်း တိုးတက်နေပါလားလို့ ကွမ်းတပြစ်ပြစ်နဲ့ ရိဦးမယ် ရွဲ့ဦးမယ် ထင်ပါ့
မငြိမ်းချမ်းလို့ မလွတ်လပ်လို့ မမျှတလို့ ကျုပ်တို့ ကဗျာတွေရေးနေတာ
တချို့တွေကပြောတယ် အနုပညာသမားတွေသေရင် အပါယ်လားတယ်ဆိုပဲ
ကျုပ်တို့ကလည်း ဒီအနုပညာနဲ့ နိဗ္ဗာန်ကို ရှာဖွေနေတာ မဟုတ်ဖူးဆိုတဲ့အကြောင်း
ဟော...တကယ်တမ်းတွေးရမှာက
ဒုံးပျံတွေတစ်စင်းပြီးတစ်စင်းလွှတ် လူနေဖို့ဂြိုလ်အသစ်အသစ်တွေရှာနေကြတာ
၁။အခု ကျုပ်တို့နေထိုင်နေတဲ့ ကမ္ဘာကြီး လူဦးရေအရမ်းထူထပ် လာလို့လား
၂။အခု ကျုပ်တို့နေထိုင်နေတဲ့ ကမ္ဘာကြီး သဘာဝဘေးအန္တရာယ်တွေနဲ့ မလုံခြုံတော့လို့လား
၃။အခု ကျုပ်တို့နေထိုင်နေတဲ့ ကမ္ဘာကြီး စစ်မီးတွေနဲ့မငြိမ်းချမ်းတော့လို့လား
အထက်ပါမေးခွန်းတွေကို ခင်ဗျားတို့လည်း ကျေးဇူးပြုပြီးဖြေကြည့်ကြပါ
သင်္ခါရလောကကြီးဆိုပေမယ့် ခြံထဲဝင်ချင်လို့ စည်းရိုးနားကပ်လျှောက်
အပေါက်ရှာနေတဲ့ လူတွေကို ကျုပ်တို့နားလည်မှုမပေးနိုင်ဘူး
ကိုယ့်ဖိနပ်ကိုယ်စီး ကိုယ့်ခရီးကိုယ်မသွားတဲ့လူတွေကို ကျုပ်တို့နားလည်မှုမပေးနိုင်ဘူး
ကျုပ်တို့တစ်ကိုယ်လုံးမှာ ကဗျာဗုံးတွေချည်းပဲ
လူတံဆိပ်ကပ်လို့မရတဲ့လူတွေထဲကို အဲဒီဗုံးတွေလွယ်ပြီး ကျုပ်တို့ပြေးဝင်မယ်
ခေတ်မကောင်းလို့ခေတ်မကောင်းကြောင်းပြောတာ ဘယ်ဘာသာတရားကကျုပ်တို့ကို တောက် ခေါက်မလဲ
စစ်မကောင်းလို့စစ်မကောင်းကြောင်းပြောတာ ဘယ်ဘာသာဗေဒက ကျုပ်တို့ကို တောက် ခေါက်မလဲ
ခေတ်တစ်ခေတ်ရဲ့ဇကောထဲ လိမ့်နေတဲ့ဇီးဖြူသီးတွေလို အဲဒီဇာတ် တခန်းရပ်ရင်
ခင်ဗျားလည်းသိမယ် ကျုပ်လည်းသိမယ် ဘယ်သူဟာ ဘုရားလောင်း ဘယ်သူဟာ ဒေဝဒတ်
                                                                                                                           
                                                                                         ရဲရင့်လမင်း

လက်ဖက်ရည်ဆိုင် ဂီတ



အသံတွေက အရှိန်နဲ့ပြုတ်ကျလာတဲ့အဟုန်
နံရံကပ်ပါးစပ်တွေရဲ့ အလျင်မှာ ငင်ဖို့သေနေတဲ့ဇောတွေက
တစ်ဘဝပြီးတစ်ဘဝ ဝင်တိုက်တယ်
အဘနဖူး သိုက်သွားမတူးနဲ့ အဘကမူးတက်တယ် အဘမူးရင်သွေးဆိုးတယ်ဆိုပဲ
မဆိုင်တာတွေကောက်ဆက် မဆီတာတွေကောက်ဆိုင်
တယောကို စုတ်တံနဲ့ထိုးမယ် ပန်းချီကို ဘိုးတံနဲ့ဆွဲမယ်
ကဗျာဆရာတွေဆိုတာ ငလျင်ကြောပေါ်က မီးတောင်တွေလို
အချိန်နဲ့အခါကို ခွေးခြေခုံလေးတွေပေါ်ကနေ လက်ခါပြတက်ကြတယ်
ဟုတ်....ကဲ့......ဟုတ်........ကဲ့....ဟုတ်.....ကဲ့...ဆ....ရာ....ဒီ.....ဒီ......ည...ည
ဖုန်းကကောင်းတယ် လိုင်းကစုတ်နေတာ
ကျောင်းနေဖို့မပြောနဲ့ စားဖို့တောင်အနိုင်နိုင်လေ ကျွန်တော့ညီလည်း ဒီမှာပဲအစ်ကို
နာမည်ကတော့ စည်လို့ ပင်လို့ သာလို့ ယာလို့ တစ်မြို့လုံးအမှိုက်ပုံတွေချည်းပဲ
မြောင်းပုပ်နံ့ နံတယ်ကွာ ဟိုဘက်ဝိုင်းရွေ့ရအောင်
ငါပြောတာ အဲဒီဆော်ပေါ့ ဝတ်လိုက်ရင်အလန်တွေချည်းပဲ ဘာလဲတော့မသိဘူး
ပိုက်ဆံမှမရှိတာ ဆေးရုံတောင်မရောက်လိုက်ဖူး နှစ်ရက်ပဲခံတယ် ဦးကျော်သူတို့ပဲပေါ့ကွာ
ငါတို့သမ္မတကြီးကတော်တော် မြန်မာဆန်တာပဲ အိုဗားမားကိုတောင် မြန်မာလိုပဲပြောတာအေ့
ဟာ ဒို့အဖွားကတော့ ဘုမသိဘမသိ ကွိုင်ဘဲ
အရေခွံလဲတာပါကွာ ပုလင်းထဲကဝိုင်တွေကတော့ ဒီအရသာပဲ
တစ်လုံးရှုံးတဲ့ ဂိုးပေါင်းတော့မအောင်လောက်ဖူး အောက်ထိုင်လိုက်ဆရာ
တိုးလိုက် ကျယ်လိုက် အသံတွေတထပ် ပြီးတထပ် တဖျတ်ဖျတ်နဲ့ပြုတ်ကျလာ
Popချင်လား Rockချင်လား Alterလား Punkလား
ကိုယ့်ဂီတကိုယ်ရွေး ကိုယ့်သမိုင်း ကိုယ်သွေး လိုက်တိုင်းမပြေးကြနဲ့
လူ့ဘဝဆိုတာ ဘာ ဘာ ညာ ညာ
မဆီတာတွေကောက်ဆက် မဆိုင်တာတွေကောက်ဆီ
ဤဆိုင်သည် ခင်ဗျားတို့ ကျွန်တော်တို့၏ ချွေးနည်းစာနှင့် လည်ပတ်နေသောကြောင့်
ရောက်လာသူအားလုံး ဆင်းရဲမွဲတေမှုအပေါင်းအား ပြုံးပြုံးလေးခံနိုင်ရည်ရှိကြပါစေ
                                                                                                                    
                                                                                                        ရဲရင့်လမင်း

နှင်းဝှက်တဲ့ ဆောင်း



အေးစက်စက် တွန့်ကြေနေတဲ့ ဆံနွယ်စတွေနဲ့
တံစက်မြိတ်အောက် လျှောက်လမ်းလေးမှာ
ဖြူလွလွရနံ့တွေကို ကိုယ်ထင်ပြပါဦးလား

နုတ်ခမ်းဖျားက တဖွဲဖွဲလွင့်ကျလာတတ်တဲ့
ခရမ်းနုရောင်အပြုံးတွေနဲ့ ငါ့ရဲ့အဖိုဓာတ်လေးကို
အတိဿယဝုတ္တိမြောက်အောင် လာပြုစားပါဦးလား

အရင်လိုပဲ ငါ့ရင်တစ်ခွင်လုံး မြူခိုးတွေဝေသွားအောင်
မထင်မှတ်တဲ့ထောင့်ချိုးကနေ ငါမသိတဲ့ဘာသာစကားနဲ့
ခဏခဏ ခိုးခိုးကြည့်ပေးပါဦးလား

ငါ့နှလုံးသားရဲ့ ပို့စ်မော်ဒန်ကဗျာမလေးရေ...

အစက်အပြောက်လေးတွေထားပြီး မာယာတံခါးခေါက်
မင်းကိုယ်ရောင်ဖျောက်သွားတဲ့ နောက်မှာတော့

ငါ့ဆိပ်ကမ်းမှာ ဆောင်းတွေဆိုက်ကပ်တိုင်း...

အရောင်တွေ အရိပ်တွေ နားမလည်တော့တဲ့ မျက်ဝန်းတစ်စုံရယ်
ဓမ္မတေးတွေနဲ့ မအိပ်စက်ချင်တော့တဲ့ နားတစ်စုံရယ်
တစ်ခုခုကိုတောင်းခံဖို့ ဖြန့်ထားတဲ့ လက်တစ်စုံရယ်
နောက်ဘဝကိုခြေချချင်နေတဲ့ သွေးရူးသွေးတန်း ခြေထောက်တစ်စုံရယ်

အရာရာအားလုံးဟာ
ဒိုးပြားလေးတွေရှပ်တိုက်ပြီး ပြေးထွက်ခြင်းခံရတဲ့ရေပြင်လို
ယဉ်ယဉ်လေးလှိုင်းထ နောက်ကျိနေခဲ့ပြီ...

ရဲရင့်လမင်း

Monday 17 December 2012

အဲဒီအတွေးတွေကို ရိုက်ခွဲပြီးရင် ရတုသံတွေညံနေတဲ့ အဲဒီဘ၀တွေကို မော့သောက်ပစ်လိုက်


ခြေရာမပျက် လက်ရာမပျက် ခြောက်ကပ်ကပ်ဘ၀တွေဟာ
ဒုက္ခပုံစံခွက်ထဲ ပြုတ်ကျလာခဲ့တယ်
အံဝှက်ထဲကကြယ်တွေကရော ဘယ်အချိန်မှာမီးထတောက်မလဲ
လူပြတ်တဲ့လမ်းမှာ လမ်းသလားရတာ လောကကြီးရေ ခင်ဗျားကိုတော့အားနာတယ်
ခေတ်အပေါ်တွဲလောင်းကျနေတဲ့ ကြိုးတစ်ချောင်းဟာ
အဲဒီခေတ်ကို အံတုဖို့ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရိုးသားပေးနေရမလဲ
ခေတ်ကြီးရဲ့အလှမ်းကျယ်မှုထဲ အလယ်လပ်နေရတဲ့ ဘ၀တွေ
ပတ်စာမပြည့်တဲ့ဗုံလေးတွေလို လျော့ရဲရဲ အက်သံလိုက်နေရတဲ့ ဘ၀တွေ
နှစ်ဆယ့်တစ်ရာစု ဆိုင်းဝိုင်းကြီးထဲ အိုးနင်းခွက်နင်း ဒုက္ခပတ္တလားတီးနေရတဲ့ ဘ၀တွေ
အမှောက်မှောက်အမှားမှား အကြောက်တရားထွန်းကားရာအရပ်မှာ
ခိုဖြူတွေပျံသန်းသလို ခိုပြာတွေလည်းပျံသန်းတယ်
သိုးဖြူတွေကျက်စားသလို သိုးမဲတွေလည်းမွေ့လျော်တယ်
အမြီးနဲ့မလွတ်လို့ တစ်ကွက်ပြီးတစ်ကွက် ရွှေ့ပေးလိုက်ရတဲ့ စားကျက်တွေ
အမောက်နဲ့မလွတ်လို့ တစ်ကန့်ပြီးတစ်ကန့် လှပ်ပေးလိုက်ရတဲ့ မြေရိုင်းတွေ
ခင်ဗျားတို့ သူဋ္ဌေးတွေဆိုတာ အတ္တခေါင်းစဉ်အောက်မှာ ချိုင့်ဝင်နေတဲ့
ခေတ်သစ်တစ္ဆေတွေပါပဲ
အဆီအငေါ်မတည့်လို့ အနင်းခံလိုက်ရတဲ့မြက်တွေထက်
အလိုမတူဘဲ အနမ်းခံလိုက်ရတဲ့ပန်းတွေကို ငါနှမြောမိတယ်
ရင်ထဲမှာတဆစ်ဆစ်နဲ့ အတွင်းကြိတ်ဒေါသဟာ
အသံဘယ်လောက်ကျယ်ကျယ် တောက်..! ဘယ်လောက်ခေါက်ခေါက်
ဘ၀ကိုကတ်ရှာဖြတ်ဖို့ စောင့်စားနေရှာတဲ့ဘားကုတ်တွေမှာတော့
ဒုက္ခတွေက တသီတတန်းကြီး မဟုတ်လား
အိပ်ကပ်ထဲကလက်ကျန်ဟာ ညစာလား
စီးထားတဲ့ဖိနပ်ကရော ဘယ်နှစ်မှတ်တိုင်ရောက်မလဲ
လေထဲမှာမြောက်တက်သွားတဲ့အတွေးဟာ လေထဲမှာတင် ဖျတ်ခနဲ ကျကွဲတယ်
နင်းထားတဲ့ ဇလီဖားတုံးတွေကိုငုံ့ကြည့်တော့
အဆီတ၀င်းဝင်းဘီးတွေ မထီမဲ့မြင် ဖြတ်ကြိတ်သွားတဲ့
သဲတရှပ်ရှပ်ဘ၀တွေဟာ ကြားဘူတာမှာတင် အပိုင်းပိုင်း အစစ

                                                                                ရဲရင့်လမင်း




Sunday 9 December 2012

တခါက မြနှင်းဆီ












ငါ့စိတ်တွေလေတဲ့အခါ
အတွေးကိုအတိတ်ပေါ် ပစ်တင်ထားလိုက်တယ်
ပင်လယ်ရယ် တောင်တန်းရယ်
မနက်ဖြန်ကိုဝတ်မှုန်ကူးမဲ့
ဝင်ရိုးစွန်းက အေးစက်စက်အိမ်မက်တွေရယ်
မဆိုဖြစ်တော့တဲ့ ကျောင်းသားဘဝကသီချင်းတွေရယ်
မလွယ်ဖြစ်တော့တဲ့ အဖြူရောင်လွယ်အိတ်ကလေးရယ်
တကယ်ပါဘဲ..လွမ်းမိတယ် မြနှင်းဆီ

ငါကရပ်နေတဲ့ကောင်ဆိုတော့
မြစ်သေလား?မြစ်ကျိုးအင်းလား?
တရားပါတယ်လို့ ပါးစပ်ကတစ်ခါပြောတိုင်း
ငါ့နှလုံးသား အနှစ်သာရမဲ့ခဲ့ရပုံတွေ
ပြန်မတွေးချင်တော့ပါဘူး မြနှင်းဆီ

ကွန်ကရစ်နံရံတွေနဲ့ တမံတုပ်ထားတဲ့မြို့ပြထဲ
ငါ့ရဲ့ကောက်ကွေ့မှုဟာ မာယာမဟုတ်ဘူး မြနှင်းဆီ..
အလှတရားတစ်ခုအဖြစ် နင်မြင်တတ်မယ်ဆိုရင်ပေါ့။

ဘဝအကြောင်းမသိတတ်ခင်အရွယ်က အတွေးရောင်စုံနဲ့
နင်မဖွင့်ဖောက်ခဲ့တဲ့ ငါ့ရဲ့ပန်းနုရောင် စာအိတ်လေးကို
အခုနင်ပြန်ဖွင့်ကြည့်ပါလား..!
ရိုးသားစွာ တွန့်ကြေနေမဲ့
ငါ့ရဲ့ အဖြူရောင်ဒိုင်ယာလော့ခ်တွေကို
နင်ပြန်တွေ့ရဦးမှာပါ..မြနှင်းဆီ


ဘဝမှာတစ်ခုပြည့်ဖို့ တစ်ခုအမြဲလိုတယ်တဲ့ မြနှင်းဆီ.....

တကယ်တော့..
ငါ့နှလုံးသားဟာ မင်းနှလုံးသားရဲ့ဆိတ်ကွယ်ရာမှာ
မင်းကိုယ်တိုင်ကျကျန်ရစ်ခဲ့တဲ့
ဖိနပ်ကလေးတစ်ဖက်ဆိုတာ...
မင်းသိခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့
ငါ့ရဲ့....တခါက...မြနှင်းဆီရယ်......................။...။

                                                            ရဲရင့်လမင်း
                                      (ငယ်ငယ်ရွယ်ရွယ်၊ရူးရူးမိုက်မိုက်၊လွမ်းလွမ်းဆွတ်ဆွတ်)

Saturday 8 December 2012

မေတ္တာတရားနဲ့ လွင့်နေတဲ့တိမ်













 
 
                                       အစွဲတွေနဲ့မလန်းတော့တဲ့ကမ္ဘာမြေအတွက်
အခုလို မထင်မရှား မေတ္တာစကား နည်းနည်းလောက်
ဆိုပါရစေလား သူငယ်ချင်းရေ..

မင်းရောငါရော..မွေးလာကတည်းက
စိတ်နဲ့ကိုယ် တစ်ယောက်တစ်ကိုင်းစီမို့
မတူညီတဲ့ခိုနားမှုမှာ တို့တွေငြိမ်းချမ်းလိုက်ရုံပေါ့...

*မခြောက်သေးတဲ့မေတ္တာတရားတွေမို့
ခဏခဏလာမကိုင်ပါနဲ့လို့လည်း
မဆိုထိုက်ပေဘူး မဟုတ်လား*

ဒီသံသရာစက်ထဲ
ယက်နေကြဆဲဒုက္ခကောင်ချင်းအတူတူမို့
မွေးရာပါအတ္တတွေကို
ဈးပေါင်ကျိုးနဲ့ချရောင်းလိုက်ကြရအောင်လား သူငယ်ချင်းရေ....

ဒီလိုဆို...
အဘယ်သို့သောကမ္ဘာရဲ့ အဘယ်သို့သောနေရာမှာ
အဘယ်သို့သောသူနဲ့ အဘယ်သို့သောအကြောင်းကြောင့်မှ
အဘယ်သို့သောစစ်ကို ဒို့ခင်းဖို့မလိုတော့ပြီ..သူငယ်ချင်း

လက်ဖက်တစ်ရိုး ကြံတစ်ချိုးစာမျှဆိုပေမယ့်...
မေတ္တာတရားနဲ့လွင့်နေတဲ့တိမ်မို့
နေ့ဖြစ်စေ...ညဖြစ်စေ
အလင်းဖြစ်စေ...အမှောင်ဖြစ်စေ
သူဟာ.....
ကမ္ဘာကုန်ကျယ်သ၍ တည်နေပေလိမ့်မယ်....သူငယ်ချင်း...၊၊....၊၊
                               
                                                 (*)ဆရာစိုင်းဝင်းမြင့် ကျောက်စာတိုင် ကဗျာမှ မှီငြမ်းသည်။
 
                                                                         ရဲရင့်လမင်း

ငှက် ပန်းချီကား










သူဟာ အတွေးငှက်ကလေးတစ်ကောင်ပါ

စကားလုံးတွေကို ကိုက်ချီယူပြီး
ဟိုး..မိုးကောင်းကင်ဆီ ပျံတက်သွားတယ်

ဖျပ်ကနဲဆို...ရွာချပြီ
ဟော စကားလုံးမိုးတွေ ရွာချပြီ
လင်းခနဲ လက်ခနဲ
စိတ်ကူးလျှပ်ရောင်တို့က တဝေ့ဝေ့

သြော်..မိုးစဲပြီ

စကားလုံးတွေဟာ...
လမ်းမတွေပေါ်မှာ၊စမ်းချောင်းလေးထဲမှာ
ပြီးတော့ မြစ်ချောင်းအင်းအိုင်
ပင်လယ်သမုဒ္ဒရာတွေဆီမှာ

ဟော............
ဟိုး.....မိုးကုတ်စက်ဝိုင်းအစပ်မှာ
ရောင်စုံသက်တံလေးတစ်စင်း

အရှိမဲ့တရား ကိုယ်ထင်ပြရာဆီ
သူဟာ... ပျံသန်းနေတာလား  ...........!

                                            ရဲရင့်လမင်း

အရူးစားကျက်


ရေဗူးလည်းမပါ ဖိနပ်လည်းမပါ ထီးလည်းမပါ
နွေကိုလည်းမသိ သီလလည်းမရှိ အကျအပေါက်လည်းမမှန်
ခေတ်ကြီးရဲ့ဝေယျာဝစ္စမှာ ရင်ဘတ်ဟောင်းလောင်းနဲ့ မြို့ပြတွေ
ကြက်သီးထနေတဲ့ ကျေးလက်တွေ
တဆစ်ဆစ်ကိုက်ခဲနေဆဲ စိတ်၏ကွန်ယက်များ
နေဟာတရွေ့ရွေ့စောင်းသွားတယ် လေဟာတဝေ့ဝေ့ပြောင်းသွားတယ်
ရေလည်းမလာ မြောင်းလည်းမပေး ဇောင်းထက်တဲ့အတွေးနဲ့ အဆွေးတွေ
ချောင်းပေါက်သွားလေတဲ့ ဒီကမ္ဘာ ဤခဏမှာ အပူဘယ်နှစ်ထပ် အအေးဘယ်နှစ်ထပ်
ဓာတ်ကြီးလေးပါးနဲ့ မအပ်စပ်တော့တဲ့ အသက်ဓာတ်တွေဟာ မလတ်ဆတ်တော့သလိုလို
ကမ္ဘာ့အလယ်မှာစစ်တံဆိပ်နဲ့ ကျကွဲနေတဲ့  မြန်မာပြည်မြေပုံကြောင်း ပြန်ပြောင်းတွေးမိတော့
ကျုပ်တို့အစိုးရဟာ တစ်ထောင့်ကိုးရာငါးဆယ့်ရှစ်ဝန်းကျင်က အိမ်ခဏလာစောင့်တဲ့ အိမ်စောင့်အစိုးရ
အခုတော့ ကိုယ့်အိမ်ကိုယ်ပြန်ဖောက်နေတဲ့ အိမ်ဖောက်အစိုးရ ကဲ အလှည့်ကျ မနွဲ့ကြစတမ်း
ရတုန်းလေးယူထားလိုက် လှတုန်းလေးမူထားလိုက်ကြပေါ့
အရှေ့ခွေးဟောင်ဟောင် အနောက်ခွေးဟောင်ဟောင် ကြောင်တောင်တောင်နဲ့ ဖုန်ထ
ဘောင်ဘင်ခတ်နေတဲ့မောဟမှာ ဘေးထွက်ဆိုးကျိုးကိုမသိ
လောလောပြီးကနေတဲ့ လောကအလယ် CHEMICAL အသစ်တွေကို သွန်သွန်ချပြန်တယ်
လျှပ်စီးလို လက်ခနဲမှာ အက်သွားတဲ့ဘဝတွေ ခွက်သွားတဲ့ဘဝတွေ
နှပ်ကြောင်းလိုက်တယ်ဆိုမလား ဆက်ကြောင်းလိုက်တယ်ဆိုမလား
အနီတစ်ရစ် အနက်တစ်ရစ် ဒုက္ခက စစ်မှစစ် သစ်မှသစ်
နှုတ်ခမ်းတလန် ပန်းတလန် အကြံမအောင်လို့ အဆံချောင်နေတဲ့ ကြယ်တွေ
အရှိုက်ကို သွားသွားငြိတော့ မီးတဟုန်းဟုန်း ရိုးခနဲ ရိပ်ခနဲ
လဲသွားတယ် ကွဲသွားတယ် စုတ်သွားတယ် ပြတ်သွားတယ်
မသူတော်အရပ်က အမှန်တရားဟာ ကြောက်သေးတဖြန်းဖြန်း
ဆင့်ကဲဆင့်ကဲအထက်ကိုမော့ကြည့် ရှိရှိသမျှ အလင်းတွေခမ်းပြီ
အမှောင်တွေ တစ်ခြမ်း ပြီးတစ်ခြမ်း လမ်းထလျှောက်
ငေါက်ခနဲ အငေးကိုဆွဲဆန့် ကံကြမ္မာဟာ အသက်ရှုသံပြင်းပြင်းနဲ့ ဆတ်ခနဲ
ဆပ်ပြာပူဖောင်းလေးလို လေထဲမှာ ဖျတ်ခနဲ
အမြင့်ရောက်လို့ အမြင်မတူ မိုက်ဖို့မဲနေတဲ့သိုးတွေ
သိက္ခာမကျချင်ရင် ခင်ဗျားတို့ လိပ်ပြာလှအောင်နေကြ
ကျုပ်တို့က လက်ချည်းဗလာဆိုပေမယ့်
ပွဲဟာမပြီးသေးဘူး မီးဟာမငြိမ်းသေးဘူး                  

                                                             
                                                  ရဲရင့်လမင်း
                                            (၀၆၊ဒီဇင်ဘာ၊၂၀၁၂)

အဲဒီအခန်းထဲ ဒုက္ခတွေဟာ တဖွဲဖွဲ

 
သောကနဲ့ စပ်ချုပ်ထားတဲ့ တိမ်တွေ
အနောက်ဘက်ကောင်းကင်မှာ ကိုယ်ထင်ပြနေကြပြီ
ဒဏ်ရာတွေတိမ်တောက်ပြီးရင်
ဒီနေ့လည်း မြုံနေတဲ့ အနာတွေနဲ့ နေဝင်ရဦးမယ်...။

ကြိုးလျော့ခံထားရတဲ့ ဂစ်တာတစ်လက်လို
ခေတ်တစ်ခေတ်ရဲ့ ထောင့်တစ်ထောင့်မှာ
ဒေါင့်မကျိုးတဲ့ အိပ်မက်တွေနဲ့
ငါဟာ ခေါက်ရိုးကျိုးနေခဲ့သူ...။

ညထူထူမှာ အမှောင်ထူထူ
ဘဝထူထူမှာ ဒုက္ခထူထူ
မေတ္တာတရားဟာ ငါ့အတွက်တော့
မဟူရာရောင်သန်းနေတဲ့ ခပ်အူအူ ကဗျာတစ်ပုဒ်ပဲ...။

ကြေကွဲမှု၊ထိခိုက်နာကျင်မှု၊အဆီအငေါ်မတည့်မှု၊မျှော်လင့်ချက်မဲ့မှု
အဲဒီအစုအဝေးတွေကနေ ကိုယ့်ဘဝကိုယ် ခံစားလို့မရတော့တဲ့အခါ
စိတ်နဲ့နှလုံးသားကို နံရံတွေဆီပစ်ပေါက်ရင်း
ဘဝကို အလျင်စလို ကျကွဲနေမိတယ်...။

အရောင်တွေကိုလည်း မကြည့်ရဲတော့ဘူး
အရိပ်တွေကိုလည်း မကြည့်ရဲတော့ဘူး

ဟောဒီ အကုသိုလ်ဆန်ဆန် အခန်းကျဉ်းလေးထဲ
အလင်းရောင်ငတ်နေရှာတဲ့ ဒုက္ခပန်းတစ်ပွင့်ဟာ
ဘဝကို ဘာသာပြန်ဖို့ ဘာသာစကားမဲ့နေခဲ့ပြီ...။

ငါ့ကို အဆိပ်တွေပဲပေးပါ ပြီးတော့
ဘဝကို သစ္စာတရားနဲ့ အလဲအထပ်ပြုပါ

ဘယ်လမ်းကသွာသွား အရောက်လွယ်တဲ့ ဒုက္ခတရားရဲ့ ရင်ခွင်မှာ
အနုပညာဆိုတဲ့စိတ်ကလေးနဲ့ တိတ်တိတ်လေး ငါခေါင်းချသွားချင်လို့.....။       ။

                                                                                           ရဲရင့်လမင်း

သီချင်း



  • ကီးကျိုးဘားယိုင်
  • ဝင်လာတဲ့ အပြုံးက
  • 'Crush Tone' တွေကိုလာဆောင့်တယ်...
  • အဲဒီ မျက်နှာပြင်တွေ မညီညာလို့
  • အဲဒီလမ်းထဲ ပခုံးချင်းဝင်တိုက်တာ....
  • ဂီတကို ရိုးရိုးလေး ခေါက်သိမ်းလိုက်တော့
  • ဘဝဟာ...
  • တယောသံပါးပါးလေးနဲ့ ကျန်ခဲ့တယ်...။        ။

                                                               ရဲရင့်လမင်း

ပကတိအခြေအနေ

   
ခေတ်ကြီးက
သက်ရှိတွေတင်မဟုတ်
သက်မဲ့တွေလည်း မငြိမ်းချမ်းတော့ဘူး...။

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့
သူကိုယ်တိုင်က မငြိမ်းချမ်းတော့တာလား...!

ဘာကြောင့်ဖြစ်ဖြစ် စစ်ဟာစစ်ပဲ...

အနိဌာရုံတွေ တိုးလို့တွဲလောင်းနဲ့
ရွာရိုးကိုးပေါက် လျှောက်သွားရင်း
ရောက်လေရာအရပ်မှာ အခါးတွေကို မျိုးစေ့ချ
လက်တွေ့မှာတော့...
သူတို့ဘဝတွေ တကယ့်ကို
နာနာကျင်ကျင်၊ကြေကြေကွဲကွဲ၊အက်အက်ရှရှ.....

တစ်ဖက်မှာ အထက်ကိုလှမ်းကြည့်ပြန်တော့
ခေါင်းပေါင်းစတွေတလူလူနဲ့
နိုင်ငံရေးသွေးဆုံးနေတဲ့ ဖွတ်ချပ်မင်းသားတွေ
အတ္တတွေ တစ်ခွဲသားနဲ့ တစ်ဆင်းပြီးတစ်ဆင်း
မုန့်လုံးစက္ကူကပ်နေကြတယ်...

အနေအထားက ရှင်းရှင်းလေး
ရုပ်လည်းမြင်တယ်၊အသံလည်းကြားတယ်
ခက်တာက အဓိကဇာတ်ကောင်တွေဟာ
အိုဗာအိုက်တင်တွေနဲ့.....။ ။

                                               ရဲရင့်လမင်း

ပြက်လုံး

 

ဘဝဟာတရားသဖြင့်လည်း ရှင်သန်တယ်
မတရားသဖြင့်လည်း ရှင်သန်ခံရတယ်
ပတ်ဝန်းကျင်က စကားနာလေစိမ်းများတယ်
မျှော်လင့်ချက်သစ်ပင်မှာ ပန်းတွေမပွင့်ဘူး
ရထားကြီးဝင်လာတယ် ရထားကြီးပြန်ထွက်ခွါသွားတယ်
အနှစ်နှစ်ဆယ်ကျော်လမ်းလေးဟာလည်း အရင်အတိုင်းဘဲ
အဟောင်းတွေ ပိုဟောင်းသွားကြတယ်
နတ်ပြည်နဲ့ငရဲကြား နေ့ရက်တွေဟာဗျာများနေတယ်
ညဟာ...အလွမ်းနဲ့စစ်ခင်းနေတယ်
''မရှိဘူး၊မသိဘူး''အဲ့သည်လိုလူတွေရဲ့လက်မှာ..
အကြင်နာတရားဟာ သွေးအေးနေတယ်
''ဤခရီးနီးပြီလား''တွေးမိတဲ့အတွေးမှာ..
စိတ်ကူးဟာအတိတ်နဲ့ နှစ်ပါးသွားနေတယ်
လရောင်ကိုတောင် မကာကွယ်နိုင်တော့တဲ့ ရိုးတံကျဲကျဲဟာ..
ငါ့နွေရာသီရဲ့နောက်ဆုံးအိနြေ္ဒဖြစ်တယ်
ပြောတော့ ပင်လယ်ဆီဦးတည်နေတာပါတဲ့
မြစ်ချောင်းတွေကိုဖြတ်ကျော်ဖို့အတွက်ကျပြန်တော့လည်း
သူတို့ဟာ...တံတားတစ်စင်းမဟုတ်ခဲ့ပြန်ဘူး..

ဘဝမှာ...
ညတာက ရှည်လွန်းတော့
အိပ်မက်တွေကလည်း များလှပေါ့...။             ။
                                                         
                                                      ရဲရင့်လမင်း

လေလျော့နေတဲ့လူ


အဆင်းနဲ့အတက်
သူ့အထက်ကလေဟာနယ်...။

အဝေးနဲ့အနီး
ခရီးများဆဲသံသရာနယ်...။

ဓမ္မနဲ့အဓမ္မ
အငြင်းပွားဆဲဤကမ္ကာနယ်...။

မြိုချလိုက် ချိုမြတဲ့ဒုက္ခတွေ
ငိုချလိုက် လိုတရသောကတွေ...။

မျက်ရည်ကပင်လယ်
ရယ်သံကတောတောင်...

စောင်းနေတဲ့အတွေး
ပြေးနေဆဲခန္ဓာဝန်မှာ
သံသရာမဆုံးသေးသ၍
ဇာတ်လမ်းတွေ အတတ်ဆန်းတွေ
မက်လုံးတွေ ပြက်လုံးတွေ
တေ့လွဲတွေ စစ်ပွဲတွေကြား

ဒီလိုပဲ...ချိုမယောင်နဲ့ခါး
မှန်မယောင်နဲ့မှားတတ်လွန်းလို့
ဘဝဟာ
ပြတင်းတစ်ပေါက် တံခါးတစ်ချပ်
အလှပ်ခံထားရတဲ့...အိမ်လို....။..........။

                                                    ရဲရင့်လမင်း

ဗုဒ္ဓပြုံးခဲ့သော တီကောင်များ

 
သံသရာက တစ်အိမ်လိုတယ်ဆိုလို့
ဝင်ထိုင်မိပါတယ်...
ကျုပ်မှာခုထိ ထမရတော့ဘူး...။

လောဘတစ်ကျိုက်၊မောဟတစ်ကျိုက်နဲ့
လောကပုရပိုက်မှာ...
ဒုလ္လဘတရားကို ခါးပိုက်ပိုက်မိပြီမို့
ကဲ...
ကြုံသလိုလေး လွဲလိုက်ကြဦးစို့..။

ဒီပွဲမှာ ဘယ်သူတွေဟာ ဘယ်လောက်အထိ
ရိုးသားကြမလဲ...!ခိုးစားကြမလဲ...!နိုးကြားကြမလဲ...!
ပရိယာယ်လား...!အခင်းအကျင်းလား...!တန်ပြန်တိုက်စစ်လား...!

စရိုက်ခြင်းမတူပေမယ့် အတ္တရဲ့ထုထည်ကိုဖြတ်ပြီးရင်တော့
အမှန်တရားဆိုတာလည်း ယိုင်သွားမယ့် အလင်းတန်းတစ်ခုပါပဲ။

ပတ္တာပြုတ်နေတဲ့ လောကမာယာကို မသိချင်ယောင်ဆောင်ပြီး
အတ္တထောင့်ကျဉ်းကျဉ်းထဲမှာ ဘဝကို...
အဆစ်တောင်းချင်နေသူတွေလည်းရှိရဲ့
အလစ်ချောင်းချင်နေသူတွေလည်းရှိရဲ့။

'ပျော်ပါရဲ့လားလို့' မမေးတော့ပါဘူး
ကျုပ်တို့တတွေဟာ ကိုယ့်အမှားနဲ့ကိုယ်
ခဏတာ ကိုယ်ထင်လာပြနေကြတဲ့
သုံးဆယ့်တစ်ဘုံက ဒုက္ခရောင်စုံဖဲချပ်တွေပါပဲ။

အဖုံးမလုံတဲ့ ကိလေသာအံဝှက်ထဲမှာ...
ဘဝကို ဘဝတွေနဲ့ ကစားရင်း
ဘဝမေ့နေကြတဲ့...... တီကောင်တွေ...။              ။

                                                                 ရဲရင့်လမင်း
                                         (နိုဝင်ဘာ၊၂၀၁၂၊ခရမ်းရိပ် အနုပညာ အွန်လိုင်းမဂ္ဂဇင်း)

အိမ်ဖြည့်



စကားလုံးတွေ ရွှေရောင်သန်းနေမှ
ချစ်ခြင်းက လူရာဝင်သတဲ့လား...!

ငွေကြေးကထမ်းထုတ်သွားတဲ့ ဘဝတွေအတွက်
ဘယ်တရားကို ဘယ်နတ်တွေကများစောင့်ပါသလဲ...!

အချစ်ကို လူကူးမျဉ်းကြားမှကူးဖို့
မေတ္တာတရားကိုဈေးကြီးကြီးပေးဝယ်ဖို့
ဘဝဟာ သုံးနားမညီခဲ့ဘူး
သစ္စာတရားဟာ မီးပေါင်မပြည့်ခဲ့ဘူး...။

အောက်ဆီဂျင်မဝရှာတဲ့ ရေဆိုးမြောင်းထဲက ငါးတစ်ကောင်လို
မှင်မလိုက်တော့တဲ့ ဘောလ်ပင်တစ်လက်လို
အခန်းပျက်နေတဲ့ ဘက်ထရီတစ်လုံးလို
ငါဟာ...ဒုက္ခတွေနဲ့ အမှည့်လွန်နေတဲ့ကောင်ပေါ့...။

တကယ်ဆို...
နင့်အတ္တတွေ တစ်ပတ်ပြည့်ဖို့
ငါ့နှလုံးသားကို နာနာကျင်ကျင်တိမ်းစောင်းပေးခဲ့တာပါ...။

ကံကြမ္မာကသာ ဘီလူးဆိုင်းမတီးခဲ့ဘူးဆိုရင်
အဲဒီဇာတ်မှာ...
ငါကလည်း ထီးတော်မိုး၊ပန်းတော်ဆက်ပေါ့...။

အခုတော့...
ဒေဝဒတ် မြေမျိုတဲ့အခန်းရောက်မှ
အကယ်ဒမီ လာပေးချင်နေကြတယ်...။

ဘယ်နတ်၊ဘယ်လူဟာ ဘယ်အချိန်မှာ
ဘယ်လိုသာဓုကိုခေါ်မှာလဲ...!

တကယ်တော့...
အပူအအေးမမျှတဲ့ ဝန်းကျင်မှာ
ငါဟာ အက်နေတဲ့ ဖန်ခွက်တစ်လုံးပါ...

နင့်အိမ်မက်တွေ ရွှေချဖို့အတွက်တော့
လူမသိ၊သူမသိ သစ်စေးဘဝနဲ့ပဲ
ငါ...တိတ်တိတ်ကလေး နေဝင်ပေးခဲ့ပါ့မယ်....။                ။
          
                                                             ရဲရင့်လမင်း

ခေတ်



  • ရနံ့ခိုးဝှက်ခြင်းခံရတဲ့ နှင်းဆီပွင့်တွေရဲ့အဖြစ်
  • ကဗျာဆရာကကဗျာနဲ့ မရပ်တည်နိုင်တဲ့အဖြစ်
  • နိုင်ငံကူးလက်မှတ်ကို ဘဝတစ်ခုလို ဆုပ်ကိုင်ထားရတဲ့အဖြစ်
  • နွေရာသီဆို ပြတ်တောက်သွားတဲ့ လျှပ်စစ်မီးတွေရဲ့အဖြစ်
  • ခင်းချင်သလိုခင်းပြီး ပိတ်ချင်သလိုပိတ်ထားတဲ့ လမ်းတွေရဲ့အဖြစ်
  • ဘယ်သူသေသေ မသေမခြင်းခေါင်းမာတော့မယ့် ငတေကောင်တွေရဲ့အဖြစ်
  • ဇာတ်တူသားစားပြီး နတ်ပြည်သွားချင်နေသူတွေရဲ့အဖြစ်
  • သံတိုင်တွေကြားက ယုံကြည်ချက်ကို သစ္စာမဖောက်သူတွေရဲ့အဖြစ်
  • လှောင်အိမ်ထဲက စေတီပုထိုးတွေရဲ့အဖြစ်
  • ကိုယ့်ယဉ်ကျေးမှုကိုကိုယ် လေလံတင်ရောင်းချချင်နေသူတွေရဲ့အဖြစ်
  • ရွှေပေါ်မြတင် ခရိုနီဇာတ်ခင်းနေတဲ့ မသူတော်ကောင်တွေရဲ့အဖြစ်
  • စစ်ဆိုတဲ့အတွေ့မှာ အိုးမဲ့အိမ်မဲ့ ကူကယ်ရာမဲ့နေသူတွေရဲ့အဖြစ်
  • လောဘ၊ဒေါသ၊မောဟ သုံးရွက်တပ်ပန်ကာလေးနဲ့ အိပ်မောကျနေတဲ့
  • အတ္တကောင်တွေရဲ့အဖြစ်
  • ဆေးစက်ကျရာ အရုပ်ထင်ဖို့ ဖြတ်ထိုးဥာဏ်မကောင်းရှာတဲ့
  • အဝေးရောက် သားဆိုးသားမိုက်တွေရဲ့အဖြစ်
  • ရင်ဟိုက်ဗိုက်ဖေါ်၊ဒူးပေါ်ပေါင်လှပ် ဥတုသုံးပါးအသက်ရှုကြပ်နေတဲ့
  • ကိလေသာထိပ်ဖူးတပ် တိုနံ့နံ့ဒုံးကျည်တွေရဲ့အဖြစ်
  • အဲဒီလို အဖြစ်အပျက်တွေကြားကဘဲ
  • မကျေနပ်ခြင်းကျည်ဆံကို ကဗျာတစ်ပုဒ်ရဲ့အစီအမံနဲ့
  • ပစ်လွှတ်လိုက်ပါတယ်.......

  • နှစ်ဆယ့်တစ်ရာစုရေ မင်းကျောပေါ်မှာပါလာတဲ့
  • အတုနဲ့အစစ် တစ်ခုခုကိုတော့ ထိတန်ကောင်းပါရဲ့။ ။

                                                                           ရဲရင့်လမင်း

အသဲကွဲလယ်သမား

 

 ငါ့ရင်ခွင်ကျေးလက်ထဲ
အချစ်ဆိုတဲ့ခလောက်သံ မကြားရတဲ့ရာသီမို့
ငါ့နှလုံးသားလေးဟာ..လယ်စောင့်တဲလေးလိုဘဲ
တိတ်ဆိတ်လွန်းနေခဲ့တယ်

တမျှော်တခေါ်လယ်ကွင်းတွေကိုဖြတ်ပြီး
ဟိုး...မိုးကုတ်စက်ဝိုင်းဆီလမ်းလျှောက်ထွက်ဖို့ စိတ်ကူးမိသူ ငါဟာ..
တကယ်တော့...ဟိုးခပ်လှမ်းလှမ်းက အသက်မဲ့ဆွံ့အနေတဲ့
စာခြောက်ရုပ်လေး တစ်ရုပ်လိုသာ..

နေ့စဉ်ရက်ဆက်အလွမ်းတွေကိုထွန်ယက်ရင်း
ဘာရယ်မှန်းမသိတဲ့အသီးအပွင့်ကို တောင့်တဆာလောင်နေမိသူမို့
ကျွဲပုခုံးထနေရှာတဲ့ ရွှံ့စေးရောင်ငါ့ဘဝကိုလည်း စိတ်မနာချင်တော့ပါဘူး

ကောက်ရိုးပုံတွေကြားက ...
ရှားရှားပါးပါး စွယ်တော်အိမ်မက်ညလေးတွေ အကြောင်းကိုလည်း
ဘယ်သူ့ကိုမှအထူးတလည် မဖွင့်ဟဖြစ်ခဲ့သူပါ

မျက်ရည်တမံကျိုးလို့ အချစ်မိုးခေါင်နေသူ ငါ့အဖို့
ဘယ်လိုလွန်ဆွဲပွဲမှလည်း မလိုအပ်တော့ပါဘူး
အရာရာကို လိပ်ပြာသန့်စွာ ငါအရှုံးပေးပါတယ်

မေမေရေ...............
လယ်သမားတစ်ယောက်ရဲ့ အသဲကွဲဒိုင်ယာရီဆိုတာ
ရွာဦးကျောင်းက အုံးမောင်းသံတွေလို
ကစဉ်းရိုးပေါ်က နံနက်ခင်းတွေလိုတော့...
ဘယ်သာယာချိုမြိန်ပါ့မလဲ နော်...!  ။              ။

                                                           ရဲရင့်လမင်း

တနင်္ဂနွေ ရည်းစားစာ




တနင်္ဂနွေရေ...မင်းဟာ

ငါ့အတွက်တော့ ချစ်စရာ ကဗျာတစ်ပုဒ်ပါဘဲ.....

လွမ်းချင်သလောက် လွမ်းလို့ရတယ်

စိတ်ကူးနဲ့ အိမ်ပြန်လို့ရတယ်

မသူတော်တွေနဲ့လည်း ကွဲလွဲခွင့်ရှိတယ်

ဒါပေမယ့်...

တနင်္ဂနွေရယ် မင်းချက်တဲ့ညစာတော့

ငါစားချင်လှပြီ....။            ။

                                        ရဲရင့်လမင်း

နှစ်ချို့ပန်းချီ

 

ချုပ်ရိုးပြည်နေတဲ့ညဆီ လရောင်က မသိမသာတိုးဝှေ့
ကောင်းကင်နှင့်အတူ ဟင်းလင်းပွင့်ထွက်နေသော
ငါ့ရင်အစုံ...
အဲဒီလိုညတွေမှာပေါ့
နှလုံးသားဟာ ရစ်သမ်မကျစွာ ကခုန်နေခဲ့တယ်။

မျှော်လင့်ခွင့်ဆိုတဲ့ မေတ္တာတရားကင်းဗတ်(စ်)စပေါ်
ဘဝအမောဖောက်နေရှာတဲ့ သောကလက်တစ်စုံဟာ
အတ္တတွေရဲ့ အလင်းအမှောင်
ဒုက္ခတွေရဲ့ အထူအပါး
တစ်ခုခုကိုစေစားဖို့.....
စုတ်ချက်တွေဟာ ဦးတည်ရာမဲ့နေခဲ့တယ်။

မျိုသိပ်ခြင်း ဒါမှမဟုတ် ဖွင့်ဟပေါက်ကွဲခြင်း
အဲဒီနှစ်ခုထဲက တစ်ခုခုကို အနုပညာအတွက်ရွေးပါဆိုရင်
ငါ့နောက်ကျောက လူမသိသူမသိဒဏ်ရာတွေဟာ
ကော်နဲ့ကပ်ထားတာမဟုတ်ဘူး ဆိုတဲ့အကြောင်း...
ဟောဒီ...လောကကြီးသိအောင်တော့ ခပ်တိုးတိုးလေး ပြောပြချင်တယ်။

တကယ်တော့ ငါဟာ...
စုန်းကိုက်ခံရတဲ့ရာသီမှာမှ စုန်းပြူးတစ်ကောင်လို
နက္ခတ်အလွဲတွေနဲ့ မွေးဖွားလာခဲ့သူပါ
ပြီးတော့...
ဘဝရဲ့မငြိမ်သေးတဲ့ ဆေးသားတွေပေါ်မှာ
ကိုယ့်ကိုကိုယ် သရော်တဲ့ရေးဟန်တွေနဲ့ နှစ်ချို့နေခဲ့ရသူပေါ့။

မနေ့တုန်းက
'ချစ်ခြင်းတရား' ဆိုတဲ့ခေါင်းစဉ်နဲ့
ဆွဲလိုက်တဲ့ ပန်းချီကားမှာ
စွယ်တော်ရွက်ကလး တစ်ရွက်ရယ်သာ.....
အဲဒီပန်းချီကား
ဒီနေ့ပြန်ကြည့်တော့
အဲဒီ စွယ်တော်ရွက်ကလေးဟာ သူ့အလိုလို မျက်ရည်တွေဝိုင်းနေခဲ့တယ်...။

ငါ့မှာတော့...
ဆောက်တည်ရာမဲ့စွာ
အရောင်မဲ့စွာ အထားအသိုမဲ့စွာ
ပြီးတော့...
မင်သက်ခြင်းမှာ အရာရာဟာ ဆွံ့ အ လို့...။ ။

                                                                   ရဲရင့်လမင်း 

ကွန်


 
မှင်နီတွေရဲနေတဲ့ကျောက်စာ
ဘယ်ခေတ်ကိုများကိုယ်စားပြုပါသလဲ?
ငါ့နှလုံးသားသမိုင်းမှာတော့
ခနော်နီခနော်နဲ့ အလွမ်းတွေရဲ့သက္ကရာဇ်
ဒါ..ငါမကောင်းစားခဲ့တဲ့ အကျည်းတန်ခြင်း ခုနှစ်များစွာပေါ့...

အတိတ်ရဲ့အထီးကျန်ခြင်းတွေ တစစယဉ်ပါး
ငါ့အနားနား အဘယ်သို့သောအနာဂတ်တွေက
ကုစားခြင်းအရှင်သခင်အဖြစ်
ဘယ်အချိန်ရောက်ရှိလာမှာလဲ..?

ပစ္စုပန်ကိုရှေ့ချ..
ထိုင်ထိုင်ပြီးမှိုင်နေရတဲ့ရက်တွေလည်း
များလှပြီချစ်သူ

ငါတွေးငေးရာပြတင်းတံခါးမှာ
လမိုက်ညတွေတစ်ညပြီးတစ်ည
အလင်းမဲ့နေ့တွေတစ်နေ့ပြီးတစ်နေ့
တမြည့်မြည့်..ဝေး၍ဝေး၍သာ

ဒီတော့ချစ်သူ
နင်တက်လှမ်းမယ်ဆိုတဲ့ အမြင့်ဆုံးတောင်ထိပ်မှာ
ပန်းတွေကိုရွှေမှုန်ကြဲရင်းစိုက်ပျိုးနိုင်စေ
ရောက်လေရာဘယ်အရပ်မျိုးမှာမဆို
နင်အိပ်မက်ဆိုးတွေကင်းပါစေလို့
ငါလှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါရဲ့

အတိတ်သစ်ပင်မှာချိပ်ခဲ့တဲ့
နင်နဲ့ငါ့ရဲ့အရိပ်တွေအတွက်
မာယာခပ်များများကံကြမ္မာကို အခုတော့
ငါ..အခန်းအောင်းရင်းဆက်လက်မောင်းနှင်ခဲ့ပါပြီ

အဲ့ဒီမှာ...
အဆိပ်တိမ်စိုင်တွေအုံ့မိုး
ခပ်ပါးပါးမျှော်လင့်ချက်တွေဝေဝါး
ချို့တဲ့သောရင်ခုန်သံများ၏သိမ်ငယ်ခြင်း
ဘာပဲဖြစ်ဖြစ်ပေါ့ချစ်သူ.....

လွန်လေပြီးသောအိပ်မက်တစ်ဆင်စာကိုတော့...
နောက်ဆုံးအသက်ငွေ့ငွေ့တိုင်သည်အထိ
ငါ..လှလှပပဖက်တွယ်ထားဦးမှာပါ..။ ။
                            
                                                 ရဲရင့်လမင်း
                                     (အသက်၂၀တုန်းက ကဗျာလေးပါ။)

စစ်



အရိုးပေါ်အရေတင် ခေတ်ကြီးထဲ

ဟိုလူ့ ထောက်ခံရနိုးနိုး ဒီလူ့ ထောက်ခံရနိုးနိုး
ဟိုလူ့ကြောက်ရနိုးနိုး ဒီလူ့ကြောက်ရနိုးနိုးနဲ့
ယိုင်နဲ့နဲ့မိသားစုတွေဟာ ဦးတည်ရာမဲ့လမ်းတွေပေါ်
ပုလဲသီ တကွဲစီ။


စာသင်ကျောင်းက ခေါင်းလောင်းလေးတွေ မြည်သေးရဲ့လား
ငှက်ကလေးတွေရော လွတ်လွတ်လပ်လပ် တေးဆိုကြသေးရဲ့လား
အပြစ်မဲ့ ကလေးငယ်တွေဟာ....
ခလောက်သံအစား အမြောက်ဆံတွေနဲ့သာ
ယဉ်ပါးနေခဲ့ကြပြီ။


ကံကြမ္မာရေ
မင်းကတော့ ခပ်လွယ်လွယ်ပဲ မြောက်တင်လိုက်တာပါ
သူတို့ခမြာတော့
ပန်းကျကျ ခေါင်းကျကျ
အသက်လုပြီး ကပြနေရရှာတယ်။


'စစ်'တဲ့ 
ဘယ်သူထုခဲ့တဲ့ ပန်းပုလဲ
အနိဌာရုံတွေသာ ရုန်းကြွနေတဲ့ ပဆစ်အိမ်ထဲ
သေခြင်းရဲ့ကွက်လပ်ကို ရှင်ခြင်းနဲ့အစားထိုးရင်း
ဟေ့..၊ဒီမှာ ကမ္ဘာကြီး
ခင်ဗျားဟာ မနုဿမီးတွေနဲ့
တော်တော်ရုပ်ဆိုးနေရှာပြီ။ ။

                                              ရဲရင့်လမင်း

မှောင်သောငှက်များ



ညကိုညမှန်းမသိတဲ့ ပန်းတွေအစုံစုံပွင့်လာကြ
လျှပ်ပေါ်လော်လီငွေသံကြေးသံ တရွှမ်းရွှမ်းမှာ
ကြွပ်ဆတ်ဆတ်ဘဝများ၏ သွက်သွက်ခါအောင်
ကြွေနေပုံ...

အချိန်တန်တော့ လူလုံးမသဲတကွဲရောင်နီနဲ့
အိပ်ချင်မူးတူး အိပ်တန်းပြန်ခဲ့အကြိမ်ကြိမ်

နေ့လယ်နေ့ခင်းဆိုတာ
ဘယ်လိုလှပါသလဲ.?
သူတို့ခမြာယောင်ဝါးဝါး

ဒီလိုနဲ့ဘဲ...
ကျင့်သားရအပြုံးတွေကြား
နှုတ်ခမ်းနီနီညနေဟာ
ဆည်းဆာကို အပေါစားဆန်စေခဲ့ပေါင်း
ရာသီတော်အလီလီ..။...။
 
                                                ရဲရင့်လမင်း

သက်ငြိမ်ဆောင်း



ကြိုးတန်းပေါ်က အသည်းကွဲနေတဲ့
ငါ့...အနွေးထည်လေးလည်း
ချမ်းလွန်းလို့တုန်နေရှာ

ပြတင်းတံခါးက ကြည့်မယ်ဆို
နေသားတကျ ဝန်းကျင်ဟာ
ငါ့အပေါ် အေးတိအေးစက်

အိမ်တံစက်မြိတ် အရိပ်အောက်
လရောင်နှင့်အတူ လွင့်ကျနေသော
ငါ့ကဗျာအိုလေးလည်း သေဆုံး

ကြိုးပြတ်နေသော ဂစ်တာအိုလေးထက်
သတိရခြင်းလက်တစ်စုံ
တုန်ယင်..ကွဲအက်

ကြယ်တွေကိုရေတွက်မိတော့
ခရမ်းနုရောင် နှင်းမြူတွေကြား
မှုန်ဝါးဝါး အလွမ်းတစ်စ..
အသက်မဲ့

ရူးသွပ်ခြင်းကိုသက်သေတည်ဖို့.......
....ဝေဒနာဆိုတဲ့မျက်ရည်ကြည်က
ပဲလှော်ကြား ညှပ်ခဲ့ရတဲ့ဆားလို......
တစ်စုံတစ်ယောက် အရသာအလို့ငှာ တိတ်တိတ်ကလေး
ငန်ပေးခဲ့ဖူးပြီ

အဲဒီလို...ဖြစ်ရပ်တွေနဲ့အတူ
အမှတ်မထင် ကျကွဲသွားတဲ့ဝိညာဉ်
ငါဟာ..ဆောင်းဦးရာသီတစ်ခုရဲ့အလယ်
ငြိမ်သက်သွားသော..
နတ်ဆိုး...။...       ....။

                                           ရဲရင့်လမင်း

ကိုယ်ပိုင်သံစဉ်



ဒိုရေမီဖာတောင် မသိတဲ့ကောင်က
အချစ်သီချင်းကို ကောရက်(စ်)ပိုဒ်ကမှ
စဆိုချင်တယ်တဲ့....
ငါဟာတော်တော်ရီ(ရယ်)ရတဲ့ကောင်ဘဲ။

ဘေးတိုက်လှုပ်ရှားမှုများတဲ့လောကကြီးထဲ
ဒုက္ခမိုးတွေကဘဲ သည်းလွန်းတာလား
ဘဝဘီးတွေကဘဲ ကွာလတီမပြည့်တာလား
ငါ့မှာခဏခဏလမ်းချော်နေရတယ်။

တံလျှပ်ကိုလည်း ရေမထင်ခဲ့ပါဘူး
ရွှေသမင်လည်း အလိုက်မမှားခဲ့ပါဘူး
လောကဓံရေ မင်းနဲ့စစ်ခင်းရလွန်းလို့
ငါ့မှာ ဒုက္ခဝပ်ကျင်းထဲက ရုန်းမထွက်နိုင်ခဲ့တာ ကြာပါပြီ။

တိမ်တွေကငွေ့ရည်ဖွဲ့တိုင်း
ရွာတာမဟုတ်ပါဘူး....
ငါ့ရင်ကိုခိုတဲ့ ငါ့ဂစ်တာအိုလေးလည်း
ထိခိုက်ပွန်းရှမှုတွေနဲ့ သူ့ရင်ထဲက
အနာတရတေးကို မဖွင့်ဟဖြစ်တာကြာပါပြီ။

မှောင်ဖို့လည်းခက် လင်းဖို့လည်းခက်တဲ့ နေ့တွေထဲ
ဒုက္ခတရားရေ ....
ငါကပွင့်မယ်လုပ်တိုင်း
မင်းကငါ့ကို ပန်နှင့်ပြီလေ...။

ဘဝကြမ်းရှရှထဲ
ချရေးလိုက်တဲ့သီချင်းတွေမှာ...
ငါ့ရဲ့တောမကျွမ်းမှုကြောင့်
သံစဉ်တွေဟာ သူ့အလိုလို
သေနေခဲ့တယ်။

ကဲ....
ဘာတတ်နိုင်မှာလဲ
သူငယ်ချင်းရယ်.......
မင်းကလည်း လက်ဖြောင့်တပ်သား
ငါကလည်း လက်ဖြောင့်တပ်သား
ရင်ဝကိုလာမှန်တဲ့ အနုပညာအတွက်တော့...
ငါတို့နှလုံးသားတွေ....သာသာယာယာ
ထိုးကျွေးလိုက်ကြရုံပေါ့။..................။

                                                       ရဲရင့်လမင်း

ဝတ္ထု



ချစ်ကြိုက်ကွဲညား
ဒီဒိုင်မေးရှင်းကကို မလွတ်နိုင်ဘူး။
တစ္ဆေဇာတ်လည်း အချစ်တွေနဲ့ အမုန်းတွေနဲ့
သိပ္ပံဇာတ်လည်း အချစ်တွေနဲ့ အမုန်းတွေနဲ့
သမိုင်း၊ရာဇဝင်၊ဒဏ္ဏာရီ ဘယ်နေရာကြည့်ကြည့်
သူ့နေရာနဲ့သူ ချစ်ကြ၊လွမ်းကြ၊ကွဲကြ၊ညားကြ
ကြာလာတော့..
ငါ့မျက်လုံး၊ငါ့ဦးနှောက်၊ ငါ့နှလုံးသားမှာ... ...
သံသယတိမ်တွေ စွဲလာခဲ့ပေါ့ 

ဟော့ဒီဝတ္ထုကိုဖတ်ကြည့်
မင်းလည်း အကန်း၊ငါလည်း အကန်း
တိုးနေတဲ့တောကလည်း အတူတူဘဲ။

ဟော့ဒီမှာ...
နှစ်ဆယ့်တစ်ရာစု အရက်စားပွဲပေါ်က
ဟာသနှောထားတဲ့ သန္ဓေဖျတ်ချခန်းတွေ...

ဟော့ဒီမှာ...
ကိုယ့်အစွယ်ကိုယ်ဝှက် သွားတတ်ကလေးပေါ်ရုံ
အံ့မခန်း ဇာတ်ကောင်စရိုက်တွေ...

ဟော့ဒီမှာ...
ခပ်ညံ့ညံ့ ဒိုင်ယာလော့ခ်တွေနဲ့
နိုင်ငံခြားပြန် ဇာတ်ရုပ်တွေ...

ဟော့ဒီမှာ...
တစ်နေ့လုပ်တစ်နေ့စား
ကူးရင်းနဲ့ နစ်နေတဲ့ဇာတ်ရုပ်တွေ...

တကယ်တော့...
ဟောဒီမှာ ဟောဒီမှာလို့ ပြောရတာ
ဟော့ဒီရင်ထဲက နာလှပြီ။

ကမ္ဘာကြီးအကြောင်း သိချင်ရင်
ကမ္ဘာကြီးရဲ့ မျက်လုံးတွေကိုကြည့်ပါ

ကျုပ်တို့အကြောင်းသိချင်ရင်တော့
ကျုပ်တို့ရဲ့မျက်လုံးတွေကိုကြည့်ပေါ့....

သေချာတာက ဘယ်သူမဆို အားလုံးဟာ
မရေးရသေးတဲ့..
ဝတ္ထုကိုယ်စီနဲ့....။       ။

                                       ရဲရင့်လမင်း

စကားလုံးတွေဟာ သူ့အလိုလို ကျကွဲနေတယ်


အဲဒီမှာ...
ညှီစို့စို့ရနံ့နဲ့ ရေခဲရိုက်ထားတဲ့
မေတ္တာတရားတွေရှိတယ်။

အဲဒီမှာ...
ဗိုက်မဆာအောင် ကော်ရှုနေကြတဲ့
ဘူတာကြီးနားက မိဘမဲ့ကလေးတွေရှိတယ်။...

အဲဒီမှာ...
အနုပညာနောက်ကျောက ထိုးသွင်းဒဏ်ရာနှစ်ချက်နဲ့
အဖေါ်အချွတ် ဇာတ်ဝင်ခန်းတွေရှိတယ်။

အဲဒီမှာ...
အော်ပရေးရှင်းမလုပ်ရသေးတဲ့
အထက်လန်အောက်လျှော ချစ်ခြင်းတရားတွေရှိတယ်။

အဲဒီမှာ...
ချုပ်ရိုးဖြည်ဖို့မေ့နေတဲ့
နေ့စေ့လစေ့ သစ္စာတရားတွေရှိတယ်။

အဲဒီမှာ...
အတ္တတွေနဲ့ ကစုန်ပေါက်နေတဲ့
ခရိုနီမြင်းတစ်ကောင်ရှိတယ်။

အဲဒီမှာ...
ရောင်းသူဝယ်သူအသံတူ
နှစ်ဆယ့်တစ်ရာစုရဲ့ လောဘမှန်ကူကွက်တွေရှိတယ်။

အဲဒီမှာ...
အလိုလည်းမကျ အပိုလည်းမရတဲ့
စပ်ကူးမက်ကူး မြို့ပြညတွေရှိတယ်။

အဲဒီမှာ...
ဈေးပေါင်ကျိုးနဲ့ ချရောင်းခံလိုက်ရတဲ့
ခပ်ညံ့ညံ့ ဦးခေါင်းခွံတွေရှိတယ်။

အဲဒီမှာ...
လူစဉ်မမီလို့ လူရာအသွင်းမခံရတဲ့
အတွေးစုတ်ဖွားနဲ့ မြို့ကြီးသားတွေရှိတယ်။

အဲဒီမှာ...
မှိုစော်နံနေတဲ့
အောက်သိုးသိုး ညစာစားပွဲတွေရှိတယ်။

အဲဒီမှာ...
ကိုယ့်ဗုံကိုယ်တီး ကိုယ့်အမြီးကိုယ်ခါ
ကိုယ့်ဂီတကိုယ်မသိတဲ့ တစ်ကိုယ်ကောင်းသမားတွေရှိတယ်။

အဲဒီမှာ...
နောက်ဖေးလမ်းကြားထဲ ဆာလောင်နေတဲ့
ကလေးငယ်တွေရဲ့ ပင့်သက်မောမျက်ဝန်းတွေရှိတယ်။

အဲဒီမှာ...
ခင်ဗျားနဲ့ကျုပ် သဘောထားခြင်းမတိုက်ဆိုင်တဲ့
ခေတ်ပေါ် ကဗျာလောကလည်းရှိတယ်။

အဲဒီမှာ...
လက်မထပ်ရသေးတဲ့
ချစ်သူနှစ်ဦးရဲ့ အိပ်ရာဝင်ပုံပြင်တွေလည်းရှိတယ်။

အဲဒီမှာ...
လူပြောသူပြောများတဲ့
သမ္မတကြီးရဲ့ ဆင်ခြင်တုံတရား ဆိုတာလည်းရှိတယ်။

အဲဒီမှာ...
ကျုပ်သိပ်နားမလည်တဲ့ အနုပညာနဲ့ငွေကြေးကြားက
ဟနေတဲ့တံခါးတစ်ချပ်လည်းရှိတယ်။

အဲဒီမှာ...
ကိလေသာရွာထိပ်က မည်းမည်းမြင်ရာထိုးဟောင်တက်တဲ့
သံသယခွေးဟောင်သံတွေလည်းရှိတယ်။

အဲဒီမှာ...
ကာလရေတိမ်နစ်နေရှာတဲ့
ကျေးလက်က အဖြူထည်ဘဝတွေလည်းရှိတယ်။

အဲဒီမှာ...အဲဒီမှာလို့
ပြောပြောနေတာ
အဲဒီအကြောင်းအရာတွေဟာ
ငါ့အတွေးကို လာလာတိုက်စားနေလို့ဘဲ။

တကယ်တော့...
အနာတွေများလွန်းလို့ ခုန်ထွက်သွားတာပါ
ကဗျာဆရာဆိုတာ ရင်ဘတ်မလုံဘူးတဲ့...
ဟုတ်မှာပါ...
ခေတ်ကြီးရဲ့ရှိုက်ထုတ်လိုက်သမျှ သက်ပြင်းတွေထဲ
စကားလုံးတွေဟာ...
သူ့အလိုလို
...ကျ...ကွဲ...လို့........။.........။
                                    
                                                      ရဲရင့်လမင်း

Friday 23 November 2012

ဝေလီဝေလင်း

ဒါ...ခါတော်မှီ လက်ရာမဟုတ်
ငါတွန့်သမျှ လိုက်ကြေဖို့မလို
ခွေးမြီးကောက်ကျည်တောက်စွပ်သူတွေ မဖတ်ရ
အဲဒီအနားရောက်လျှင် ရပ်ပါ
အဲဒီဆိုင်းဘုတ်ကို ကြည့်ပါ
ခေါင်းငုံ့ချင် ငုံ့ပါ
ကျောခိုင်းချင် ခိုင်းပါ
လက်ပိုက်ချင် ပိုက်ပါ
အော်တော့ မဆဲကြနဲ့
ခွင့်ပြုမိန့်မှာ ခြင်္သေ့ဟန်တွေ မပျောက်သေးဘူး...။

မှောင်မလို့လား၊လင်းမလို့လား
ပိတ်ထားတဲ့ တခါးတွေကို ဖွင့်ကြည့်တော့
အချိုရှားတဲ့ခေတ်ကြီးထဲ
ငါတို့ရဲ့ အနုပညာလက်ရာတွေလည်း
ခါးသက်နေခဲ့တယ်....။          ။

ရဲရင့်လမင်း

Sunday 18 November 2012

အမှတ်အသား


သွေးနဲ့ကိုယ် သားနဲ့ကိုယ်
လမ်းမမှားအောင် ကွေ့နေရ ကောက်နေရ
နေရာအနှံ့မရောက်နိုင်ရှာတဲ့
ချိုးဖြူငှက်ကလေးတစ်ကောင်
သောကတွေ ထည်လဲဝတ်ဆင်လို့

ကိုယ့်ကိုယ်ကို ခဏခဏသိဒ္ဓိတင်နေကြတဲ့
နိုင်ငံရေးတစ္ဆေတွေ
အနောက်တံခါးကိုဖွင့်ဖို့
ဘာသာရေးသော့တူနဲ့ တောခြောက်ကြ

စစ်ကို ဘုရားထူးသမို့
ငြိမ်းချမ်းရေးကို မဖူးချင်သူတွေ
သူ့ရင်ကို အရှင်လတ်လတ်ခွဲသမို့
ပုပ္ပါးလို မပျော်နိုင်ရှာသူ တောင်တစ်လုံးအကြောင်း

ဆေးမသုတ်ရသေးတဲ့ ကျောင်းတော်ကြီးနဲ့
လိပ်ပြာမခွဲရသေးတဲ့ ဝိညာဉ်တွေ
ချိန်သားမကိုက်ပေမယ့်
ချိန်သားကိုက်နေသလိုလို

ခေတ်ကြီးကဒုံးပျံ
သူအမြင့်တက်ဖို့ အကန်ခံနေရတဲ့ လေထုလို
ငါတို့ဘဝတွေ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
နေသားတကျ

ရောဂါဟာ ရင့်ရင့်လာတယ်
ဝင်လေထွက်လေဟာ လျော့လျော့လာတယ်

အစိပ်အကျဲ ဂရပ်ဖ်မျဉ်းတွေကိုငေးရင်း
နံရံမှာချိပ်ထားတဲ့ လွယ်အိတ်စုတ်ကလေးဟာ
ဖုံတက်ဖို့ကလွဲလို့
ဘယ်လမ်းကိုမှ သူ..မရွေးချင်တော့ဘူး..။     ။

ရဲရင့်လမင်း


Monday 12 November 2012

တနင်္လာ...ပြီးတော့ အင်္ဂါ






အိပ်ကပ်ကို စမ်းကြည့်တော့
ကြယ်တွေက ခမ်းနေပြီ......

ဒီနေ့လည်း လမ်းလျှောက်ပြန်မယ်
အန္ဓတစ်ယောက်ရဲ့ ခန္ဓာအိမ်နဲ့....

ခြေထောက်တွေက စိတ်ရဲ့သယ်ဆောင်ရာဆီ.........

တိမ်တွေကိုမော့ကြည့်
တိုက်တွေကိုမော့ကြည့်
ဘဝတွေကိုမော့ကြည့်.....

ကြိုးပြတ်သွားတဲ့ စွန်ကလေးဟာ
ကျိုးကျသွားတဲ့ သစ်ကိုင်းမှာ.....
နားခိုခွင့်.....ရှိ....?.....မရှိ........!.........။ ။

ရဲရင့်လမင်း

အရက်သမား

ဒုက္ခပိုးတွေ သေအောင်လား
အတ္တပိုးတွေ သေအောင်လား
ဟော...မော့ချလိုက်ပြန်ပြီ တစ်ခွက်...



အတွင်းမီးတွေ ငြိမ်းအောင်လား
အပြင်မီးတွေ ငြိမ်းအောင်လား
ဟော...မော့ချလိုက်ပြန်ပြီ တစ်ခွက်...

မလောက်မငှလို့ ကတောက်ကဆဖြစ်နေတဲ့
မိသားစုအတွက်တဲ့
ဟော...မော့ချလိုက်ပြန်ပြီ တစ်ခွက်...

ဟောဒီမှာ...
ကမ္ဘာကြီးအတွက် တစ်ခွက်
ကျုပ်အတွက် တစ်ခွက်
ခင်ဗျားအတွက် တစ်ခွက်
ခင်ဗျားသူငယ်ချင်းအတွက် တစ်ခွက်
ဒေါသတွေအတွက် တစ်ခွက်
နှစ်ဆယ့်တစ်ရာစုအတွက် တစ်ခွက်
ဒီမိုကရေစီအတွက် တစ်ခွက်
ဒိုရေမီဖာအတွက် တစ်ခွက်

အဲဒီလိုနေ့စဉ်ရက်ဆက် တစ်ခွက် ပြီးတစ်ခွက်နဲ့
ဘဝကိုကြုံသလိုချီးယာ့(စ်)လုပ်ရင်း
နှလုံးသားနဲ့ဦးနှောက်ဟာ...
သူထိုင်နေကျ ခွေးခြေခုံလေးလို
မမြင်ကွယ်ရာမှာ သံချက်ပြုတ်နေခဲ့ပြီ။ ။
                                                   ရဲရင့်လမင်း

ဘုံဆခွဲကိန်း


အင်္ဂါနေ့ဟာ
သူ့ကိုယ်သူ စကားလုံးတွေနဲ့ ချည်နှောင်လိုက်တယ်

သူ့လက်ကလွတ်မလားလို့...ကိုယ်
ကိုယ့်လက်ကလွတ်မလားလို့...သူ

အကြောင်းတိုက်ဆိုင်မှုက......
တစ်ခက်မှာ...နှစ်ပွင့်...။    ...     ။
                                            
                                             ရဲရင့်လမင်း

Saturday 10 November 2012

လူယဉ်ကျေးတွေနေတဲ့ မြို့


ဒါ ဘယ်သူ့ပယောဂလဲ...
အဆင်မပြေမှုက နာတာရှည်ရောဂါလို
ဘဝပေါ် အစွဲအလန်းကြီးလွန်းလှ...
မေတ္တာတရားကလည်း နတ်ဝင်သည်ပါးစပ်က
စကားလုံးတွေလို...
ပူဇော်ရန် အထူးခက်လှသည်ပေါ့
မောဟဆိုတဲ့ရဟတ်မှာ
သောကတွေကလည်း တစ်ပတ်...ပြီးတစ်ပတ်
သံသရာဆိုတဲ့ စက်သီး မရပ်သေးသ၍လေ
ဘဝဟာ...
အံစောင်းများရာလား...!ရေတိမ်မှာ နစ်ချင်လို့မရ
ဖွာရှိုက်လိုက်သမျှ အငွေ့တွေမှာ တစ်သားမွေးတစ်သွေးလှ
ဖမ်းစုပ်ရန် အထူးခက်လှသည်ပေါ့....
အခွံချည်းသက်သက် တိမ်တွေရဲ့ နံရံမှာ
ငါ့နာမည် ရေးထိုးပေးကြပါ....
ဒါ ဘယ်သူ့ပယောဂလဲ...
နှလုံးသားကို အပ်စိုက်ကုပါ
ဘဝကို အပ်စိုက်ကုပါ
ကမ္ဘာကြီးကို အပ်စိုက်ကုပါ
ဒဏ်ရာက တိုင်းရေးဆေးနဲ့မတိုးတော့ဘူး....
အရှိတရားကို ဖြတ်လိုဖြတ်၊ညှပ်လိုညှပ်၊ကပ်လိုကပ်
လုပ်ခဲ့သူကြီး....
အခုတော့ ဘဝကို ကဗျာဆိုတဲ့ နံရံမှာ
ချိပ်လိုချိပ်၊ဆွဲလိုဆွဲ
စောင်းလိုစောင်း၊တည့်လိုတည့်...
ဟုတ်တယ်...ဟုတ်တယ်
ကံကကြမ္မာက ဆင်တစ်ဖက်၊မြင်းတစ်ဖက်နဲ့
အဲဒီ...အညတရဆောင်းမှာ
ဒုက္ခတွေ နှင်းမကွဲသေးဘူး.....
ဟုတ်တယ်...ဟုတ်တယ်
အရိုးကြေကြေ၊အရေခမ်းခမ်း
အဲဒီ...အဝိဇ္ဇာမြို့ရိုးမှာ
အတ္တတွေ ဘုံကြိုးမပြတ်သေးဘူး.....
ဟုတ်တယ်...ဟုတ်တယ်
အဲဒါ...နတ်ဆောင်ဓား
ဓားအိမ်ထဲကနေ ဆွဲမထုတ်လိုက်ပါနဲ့
လူမသုံးလို့ သံချေးတွေတက်နေပြီ....
ဟုတ်တယ်....ဟုတ်တယ်
ကြယ်တွေကိုငေးရင်း ငတ်ခဲ့တဲ့ ညစာတွေအကြောင်း
ရှေးဟောင်းနှောင်းဖြစ် ကဗျာတစ်ပုဒ်
လူယဉ်ကျေးတွေနေတဲ့ မြို့ကနေ ထုတ်လုပ်လိုက်ပါတယ်....
ဒါ.....ဘယ်သူ့ပရောဂလဲ...............!.....။            ။
                                                                            ရဲရင့်လမင်း