Sunday 3 March 2013

ဟိုငြိဒီငြိ ငြိနေတဲ့ ကဗျာ



မယ်ဇယ်ပင်တန်းအောက်က သစ်ရွက်ခြောက်တို့ရဲ့ ဂီတ
အလွမ်းတွေဖြာကျနေမယ့် အမေ့မျက်နှာပေါ်က ဇရာဆိုတဲ့ လမ်းအိုလေး
မိသားစုကပဲ့ထွက်လာတဲ့ အညတရကြယ်တစ်လုံး
ဘဝရဲ့မခိုင်တဲ့ဒေါက်တွေကို ထိုင်ကြည့်နေတဲ့ မျက်လုံးတွေ
ခုန်တန်းလျားလေးပေါ်က ဆင်တူယိုးမှားလရောင်
စကားလုံးတွေအားကောင်းနေဆဲ ငြိမ်းချမ်းရေး
*အရုပ်မျက်နှာ ပန်းမျက်နှာ*
လက်တွေ့ကျကျ လောင်မြိုက်နေတဲ့ စစ်
အမှန်တရားသည် ဖြောင့်၏ စောင်းနေသည်က ငါနှင့်ကျွန်တော်
အစာငတ်လို့ ဆန္ဒပြနေတဲ့ ကမ္ဘာကြီး
**ကျောက်စရစ်တောမာခေါင်ခေါင်မှာ အတောင်ကျွတ်သောကြိုးကြာ ရေရှာ၍မရသကဲ့သို့**
အရှုံးခံပြီး တိုက်နေရတဲ့ ဝမ်းတစ်ထွာ
ကမ်းခြေမှာမှောက်ကျနေတဲ့ လူမသိ သူမသိ အမှတ်တမဲ့လေညှင်းတွေ
အကြည်ဓာတ်ကလေး ကျကွဲနေတာကလွဲရင် အရာရာဟာ သွေးရိုးသားရိုး
ကမ်းလွန်ပင်လယ်က ၉၆ပါး အတောင်ပံတွေနဲ့ မသေရုံတမယ် ကမ်းလွန်ငှက်တွေ
ချိုသာတဲ့နှလုံးခုန်သံမှာ ဘဝချိန်ခွင်ဟာ လျှာဇောက်ထိုး
သစ်ကြောင့်လား...ရွှေကြောင့်လား...စိန်ကြောင့်လား...ဂက်စ်ကြောင့်လား...
မထင်မှတ်တဲ့မိုးတွေက ဥတုမှားပြီး ခဏခဏရွာတယ်
မကျီဇယ်နဲ့ ပြည်တည်နေတဲ့အနာတွေ ပေါက်ထွက်တော့မယ်
ကျနေတဲ့စိတ်ဓာတ်ကို ကြောက်ကြောက်နဲ့ပဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားရ
အာဏာရှင်ဆန်သော မျက်လုံးတွေကို မမုန်းတော့ပါ
ကျူးကျော်ရပ်ကွက်ထဲမှာ နေထိုင်ရင်း
မမြင်အပ်သော အတွေးထောင့်မှာ ဥပေက္ခာအိမ်လေး ဆောက်ထားလိုက်သည်

                                                                                      ရဲရင့်လမင်း

                                              (*)(**)ဆရာမောင်သာရ၏ ဝတ္ထုခေါင်းစဉ်များ

No comments:

Post a Comment