Wednesday 13 August 2014

အသူရကာယ် တေးသွား

အပွေးမမြင်ပေမယ့် အပင်ကိုတန်းသိလိုက်တယ် ခင်ဗျားလည်းဆိုးဆေးမိထားတဲ့
အခွင့်အရေးပန်းတစ်ပွင့်ပဲ အပမှီနေတဲ့မျက်လုံးနဲ့ မြင်မြင်ရာကို အကြည့်တွေနဲ့ထိုးခွဲ
ယဉ်ကျေးမှုငရဲတံခါးဟာ ဒီဘဝ ဒီနေရာမှာတင် လှလှလေးပွင့်နေတယ်
ဘဝအပေါ်ကြွေကျနေတဲ့ ဖရုသဝါစာတွေ စံဖို့ခံနေရတာလား ခံဖို့စံနေရတာလား
ပါးစပ်ထဲရောက်လာတဲ့ ထမင်းလုတ်တွေမှာ အကြည့်တွေခလုတ်တိုက်နေတဲ့
ပေါင်တန်ဖြူဖြူညနေခင်းတွေမှာ လိင်စိတ်ကြွနေတဲ့ ကဗျာတွေမှာ
ကုသိုလ်က ဘယ်လောက်သားလဲ အကုသိုလ်က ဘယ်လောက်သားလဲ
ဌါန်ကရိုဏ်းကျကျရလာတဲ့ ဘဝတွေပါ ‘ဆာ’လို့ ‘ရှာ’ နေရတဲ့ ဘဝတွေပါ
တစ်ယောက်ရဲ့အဝိဇ္ဇာမှာ တစ်ယောက်ရဲ့ပြဿဒါးကိုထိုးစိုက်
ကိုယ့်အတွေးနဲ့ကိုယ် ယဉ်ယဉ်လေး မိုက်လိုက်ကြရုံပေါ့
လူဟာ တရားတွေနဲ့ တွန့်သွားလိုက် တခါ အမှားတွေနဲ့ တွန့်သွားလိုက် တခါ
ရလာတဲ့ဘဝအခါးမှာ လူလားမြောက်နေတဲ့ ဒုက္ခတွေ ဗိသုကာဆန်တဲ့ငိုကြွေးခြင်းတွေ
မမျှော်လင့်ပဲတိတ်သွားတဲ့ အပျော်တွေနဲ့ နေ့ရှိသရွေ့ ငရဲကိုပန်းတစ်ပွင့်လို ပန်ထားရတယ်
လေတိုက်တိုင်း တဖွေးဖွေးလှုပ် လေတိုက်တိုင်း တဖြုတ်ဖြုတ်ကြွေ
တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ ရမက်ဝင်္ကဘာထဲ လွင့်နေရတဲ့ တရားမဝင် ရောင်စုံပန်းပွင့်လေးတွေပါ
ခေတ်ရဲ့သံစဉ်အတိုင်း ခပ်ချဉ်ချဉ်ဆိုညာဉ်းနေရတဲ့ ငြီးငွေ့ဖွယ် အသစ်အဆန်းတွေပါ
လောဘတစ်ရစ် မောဟတစ်ရစ်နဲ့ ငွေစော်နံခန်းဆီးနောက်ကွယ်က ဝဋ်ဆန်ဆန်ညတွေပါ
အဇ္ဇျိတ္တထဲက တဆစ်ဆစ်ကိုက်ခဲနေတဲ့အနာတွေဟာ စိတ်ငြိမ်ဆေးတွေကိုမှ တောင့်တသတဲ့လား
ဒုက္ခတွေနဲ့နစ်နေတဲ့ သံသရာကြီးပါ
နည်းပညာအနယ်အနှစ်တွေနဲ့နစ်နေတဲ့ သံသရာကြီးပါ
ကပ်သုံးပါးအားကောင်းနေတဲ့ သံသရာကြီးပါ
အဖြစ်/အပျက်တွေ ဦးတည်ရာမဲ့နေတဲ့ သံသရာကြီးပါ
စိတ်ရဲ့အတက်/အကျမှာ ခန္ဓာတွေဟာ သေးသွားလိုက် ကြီးလာလိုက်နဲ့
ရုပ်ကိုနာမ်ကမျက်လှည့်ပြနေသလို တမျိုးလေးကြည့်ကောင်းနေပြန်တယ်
တစ်ကိုယ်လုံး သင်္ခါရတက်တူးတွေနဲ့ လောကကြီးကတော့
အိုနာသေ မြို့ရိုးပေါ်က အန္ဓဆိုတဲ့ ဝဋ်နာကံနာ အမှိုက်တွေကို စိမ်းစိမ်းကြီးစိုက်ကြည့်နေလေရဲ
‘ကယ်ကြပါ’ ‘ကယ်ကြပါ’ အသံလေးကြားလို့ထကြည့်တော့
မာယာဘုံအလွတ်ထဲမှာ ခင်ဗျားနဲ့ကျုပ် အနုမာနဇောတွေနဲ့ ကျောချင်းကပ်ပြီးအော်နေတာ

                                                                                               ရဲရင့်လမင်း

No comments:

Post a Comment