Wednesday 13 August 2014

မီးစိမ်း

မီး
အခန်းတံခါးပွင့်သွားတော့ လောင်လက်စအရိပ်တွေက လက်ပြတယ်။
တစ်ယောက်ဟာ ကြမ်းပြင်ပေါ်မှာ နံရံတွေကို သူမသိဘူး။
သင်ယူမှုက နှာခေါင်းမှာပိုက်တန်းလန်းနဲ့ ဦးနှောက်မှာ လင်းစွဲလိုခိုနေတဲ့ အဖြူ။
အငွေ့တွေထဲ အလင်းကိုထပ်ရောထည့် အမှောင်ကိုသင်းသတ်ဖို့ အလှုပ်တွေလာပြီ။

စီးနေတဲ့မြစ်ဟာ တစာစာနဲ့ ဂီတကင်ဆာ အကိုက်ခံရတဲ့ ည။
ပျော်တယ်၊ပြဲတယ်၊ကိုယ်ကျင့်တရားကျမပျောက်အောင် ကြယ်တွေကို ...ခုန်းပိုးထားတဲ့ ည။
ညဟာကြယ်အတုတွေနဲ့ ဘောင်ဘင်ခတ်နေတယ်။
ဘယ်သူဟာ ဘယ်သူ့ရဲ့တေဇောဓာတ်လဲ။
အမှန်တရားဟာ ပင်လယ်တွေတစ်ထပ်ကြီးနဲ့ မြို့ကို ဝါးမြိုနေပြီ။
အမြင်ဆိုင်ရာ ယဉ်ကျေးမှုထဲ မမြဲခြင်းတွေ တဖျတ်ဖျတ်နဲ့ လူးလွန့်နေတဲ့ တောင်တန်းတွေ။
ယိမ်းထိုးနေတဲ့ စပေါ့လိုက်တွေကြားကနေ အစိမ်းရောင်တွေဟာ ကြေ မွ ဖွာ ဆင်း။
ကဗျာတစ်ပုဒ်ရဲ့ ဂုဏ်သိက္ခာဟာ ကဗျာဆရာရဲ့ဘဝကို ပြန်လည်ထုဆစ်နေတယ်။
ဆောက်တည်ရာမဲ့ခဲ့ပေါင်း ဘယ်နှစ်အသင်္ချေမှာ ဗင်းဆင့်ဗန်ဂိုးရဲ့ နေကြာပန်းထဲက
စုတ်ချက်တွေဖြစ်လိုက်ချင်တယ်။The Last Supper ထဲက ဒါဗင်ချီ ခင်းထားတဲ့ စားပွဲခင်း
ဖြူဖြူကြီးဖြစ်လိုက်ချင်တယ်။
စုန်းတောက်နေတဲ့မျက်လုံးတွေကို အာလူးစားသူများရဲ့ မျက်နှာမှာ သွားတပ်ကြည့်ပါလား။
လူဟာ ဆာလောင်ရင် ရိုင်းစိုင်းလာရော။
ခေတ်မီတိုင်း အဆင့်မီတာမဟုတ်ဘူး။ပဲ့ကျလာတဲ့ဘာသာစကားမှာ မျိုးပွားခြင်းဆိုင်ရာ
အထုန်ကူးမှုတွေပါမလာခဲ့ဘူး။ကမ္ဘာကြီးရဲ့ လျှာပေါ်မှာ မြက်တွေပေါက်နေပြီ။
ပညာကန်းပေမယ့် အနုပညာကို ရှိသမျှ ပါရမီ လေးနဲ့ထမ်းထားတယ်။
နဖားကြိုးကို အပြစ်မတင်ပါနဲ့ သားကြီးရာ။
လူဆိုတဲ့အပင်က လူတွေပဲပြန်ပေါက်ပါစေ။လေကြမ်းတစ်ချက်ဆောင့်တိုက်တယ်။
မနက်(၆)နာရီ
မီးသတ်ကားတွေမလာခင် မီးဟာ မီးစွယ်ကျိုးသွားတယ်။

စိမ်း

လေတွေစိမ်းနေတယ် လေစိမ်းတွေထဲ စိတ်တွေလည်း စိမ်းနေတယ်။
ဘဝအပေါ် အဆင့်ခုနှစ်ဆင့်နဲ့လွင့်ကျနေတဲ့ လရောင်ကလည်း အစိမ်း။
ခေတ်စိမ်းကြီးထဲ ဘာသာစကားကို ဘဲကြားရိုက်ပေးလိုက်။ဘားကြဲနေတ့
ဘိုးတံကလည်း အစိမ်း။ယုဇနပင်လား၊သနပ်ခါးပင်လား၊ညမွှေးပန်းပင်လား။
အဆုတ်ထဲဝင်လာတဲ့ ရနံ့တွေကလည်းစိမ်း။ရှောင်လို့မှမရတာ ခပ်တည်တည်နဲ့စိမ်းကြတာပေါ့။
ကိုယ့်မီးစိမ်းပေါ် သူဖြတ် သူ့မီးစိမ်းပေါ် ကိုယ်နင်း၊အစိမ်းတွေဟာဆာလောင်မှုနဲ့
စက်တပ်ထားတဲ့ရင်ဘတ်ကြီ်း။စနစ်တစ်ခုမှာ ဆိုးရွားစွာ နစ်ခဲ့ရတယ်။
စိမ်းဘယ်လို ဆက်စိမ်းမလဲ၊ဘာသာတရားတွေ အားလုံးကိုတော့ စိမ်းဘယ်လို
နားလည်နိုင်ပါ့မလဲ။တစ်ဘဝမှာ တစ်ရုပ်စီနဲ့ တစ်ယောက်ကိုတစ်ယောက်
ခပ်စိမ်းစိမ်းကိုယ်ထင်ပြကြတာပါ။ဆက်လက်ခရီးထွက်ခွာဖို့ စိမ်းကိုယ်တိုင်ပဲ
အလံစိမ်းချိုးလိုက်ပါ စိမ်း။အစိမ်းရောင်ရှုမျှော်ခင်းထဲ ပညာနဲ့သတိ ကပ်မိပါစေ။
ခေတ်စိမ်းကြီးထဲ လက်နက်နဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှလဲမှာလဲ။
မြက်ခင်းစိမ်းစိမ်းပေါ် ခြေထောက်စိမ်းစိမ်းလေးတွေ ဆော့ကစားနိုင်ဖို့။
တစ်လခန့်ကြာသော် ပေါ့စိမ်းရေ။
ရင်ဘတ်ထဲကသွေးကြောတွေလည်း စိမ်းလာခဲ့ပြီ။
စီးဆင်းမှုဟာအစိမ်းရောင်ဆန်လာတယ်။ဘဝတစ်ခု စိမ်းတော့မယ် စိမ်း။
အစိမ်းရောင်တွေ မှောက်ကျနေတဲ့ အခန်းထဲ ည ဟာလည်းခရေစေ့တွင်းကျစိမ်းနေတယ်။


                                                                                               ရဲရင့်လမင်း

                                                           (ကဗျာမဂ္ဂဇင်း၊၂၀၁၃၊နိုဝင်ဘာ၊အမှတ်.၁)

No comments:

Post a Comment