Monday 17 December 2012

အဲဒီအတွေးတွေကို ရိုက်ခွဲပြီးရင် ရတုသံတွေညံနေတဲ့ အဲဒီဘ၀တွေကို မော့သောက်ပစ်လိုက်


ခြေရာမပျက် လက်ရာမပျက် ခြောက်ကပ်ကပ်ဘ၀တွေဟာ
ဒုက္ခပုံစံခွက်ထဲ ပြုတ်ကျလာခဲ့တယ်
အံဝှက်ထဲကကြယ်တွေကရော ဘယ်အချိန်မှာမီးထတောက်မလဲ
လူပြတ်တဲ့လမ်းမှာ လမ်းသလားရတာ လောကကြီးရေ ခင်ဗျားကိုတော့အားနာတယ်
ခေတ်အပေါ်တွဲလောင်းကျနေတဲ့ ကြိုးတစ်ချောင်းဟာ
အဲဒီခေတ်ကို အံတုဖို့ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရိုးသားပေးနေရမလဲ
ခေတ်ကြီးရဲ့အလှမ်းကျယ်မှုထဲ အလယ်လပ်နေရတဲ့ ဘ၀တွေ
ပတ်စာမပြည့်တဲ့ဗုံလေးတွေလို လျော့ရဲရဲ အက်သံလိုက်နေရတဲ့ ဘ၀တွေ
နှစ်ဆယ့်တစ်ရာစု ဆိုင်းဝိုင်းကြီးထဲ အိုးနင်းခွက်နင်း ဒုက္ခပတ္တလားတီးနေရတဲ့ ဘ၀တွေ
အမှောက်မှောက်အမှားမှား အကြောက်တရားထွန်းကားရာအရပ်မှာ
ခိုဖြူတွေပျံသန်းသလို ခိုပြာတွေလည်းပျံသန်းတယ်
သိုးဖြူတွေကျက်စားသလို သိုးမဲတွေလည်းမွေ့လျော်တယ်
အမြီးနဲ့မလွတ်လို့ တစ်ကွက်ပြီးတစ်ကွက် ရွှေ့ပေးလိုက်ရတဲ့ စားကျက်တွေ
အမောက်နဲ့မလွတ်လို့ တစ်ကန့်ပြီးတစ်ကန့် လှပ်ပေးလိုက်ရတဲ့ မြေရိုင်းတွေ
ခင်ဗျားတို့ သူဋ္ဌေးတွေဆိုတာ အတ္တခေါင်းစဉ်အောက်မှာ ချိုင့်ဝင်နေတဲ့
ခေတ်သစ်တစ္ဆေတွေပါပဲ
အဆီအငေါ်မတည့်လို့ အနင်းခံလိုက်ရတဲ့မြက်တွေထက်
အလိုမတူဘဲ အနမ်းခံလိုက်ရတဲ့ပန်းတွေကို ငါနှမြောမိတယ်
ရင်ထဲမှာတဆစ်ဆစ်နဲ့ အတွင်းကြိတ်ဒေါသဟာ
အသံဘယ်လောက်ကျယ်ကျယ် တောက်..! ဘယ်လောက်ခေါက်ခေါက်
ဘ၀ကိုကတ်ရှာဖြတ်ဖို့ စောင့်စားနေရှာတဲ့ဘားကုတ်တွေမှာတော့
ဒုက္ခတွေက တသီတတန်းကြီး မဟုတ်လား
အိပ်ကပ်ထဲကလက်ကျန်ဟာ ညစာလား
စီးထားတဲ့ဖိနပ်ကရော ဘယ်နှစ်မှတ်တိုင်ရောက်မလဲ
လေထဲမှာမြောက်တက်သွားတဲ့အတွေးဟာ လေထဲမှာတင် ဖျတ်ခနဲ ကျကွဲတယ်
နင်းထားတဲ့ ဇလီဖားတုံးတွေကိုငုံ့ကြည့်တော့
အဆီတ၀င်းဝင်းဘီးတွေ မထီမဲ့မြင် ဖြတ်ကြိတ်သွားတဲ့
သဲတရှပ်ရှပ်ဘ၀တွေဟာ ကြားဘူတာမှာတင် အပိုင်းပိုင်း အစစ

                                                                                ရဲရင့်လမင်း




No comments:

Post a Comment