Sunday 9 December 2012

တခါက မြနှင်းဆီ












ငါ့စိတ်တွေလေတဲ့အခါ
အတွေးကိုအတိတ်ပေါ် ပစ်တင်ထားလိုက်တယ်
ပင်လယ်ရယ် တောင်တန်းရယ်
မနက်ဖြန်ကိုဝတ်မှုန်ကူးမဲ့
ဝင်ရိုးစွန်းက အေးစက်စက်အိမ်မက်တွေရယ်
မဆိုဖြစ်တော့တဲ့ ကျောင်းသားဘဝကသီချင်းတွေရယ်
မလွယ်ဖြစ်တော့တဲ့ အဖြူရောင်လွယ်အိတ်ကလေးရယ်
တကယ်ပါဘဲ..လွမ်းမိတယ် မြနှင်းဆီ

ငါကရပ်နေတဲ့ကောင်ဆိုတော့
မြစ်သေလား?မြစ်ကျိုးအင်းလား?
တရားပါတယ်လို့ ပါးစပ်ကတစ်ခါပြောတိုင်း
ငါ့နှလုံးသား အနှစ်သာရမဲ့ခဲ့ရပုံတွေ
ပြန်မတွေးချင်တော့ပါဘူး မြနှင်းဆီ

ကွန်ကရစ်နံရံတွေနဲ့ တမံတုပ်ထားတဲ့မြို့ပြထဲ
ငါ့ရဲ့ကောက်ကွေ့မှုဟာ မာယာမဟုတ်ဘူး မြနှင်းဆီ..
အလှတရားတစ်ခုအဖြစ် နင်မြင်တတ်မယ်ဆိုရင်ပေါ့။

ဘဝအကြောင်းမသိတတ်ခင်အရွယ်က အတွေးရောင်စုံနဲ့
နင်မဖွင့်ဖောက်ခဲ့တဲ့ ငါ့ရဲ့ပန်းနုရောင် စာအိတ်လေးကို
အခုနင်ပြန်ဖွင့်ကြည့်ပါလား..!
ရိုးသားစွာ တွန့်ကြေနေမဲ့
ငါ့ရဲ့ အဖြူရောင်ဒိုင်ယာလော့ခ်တွေကို
နင်ပြန်တွေ့ရဦးမှာပါ..မြနှင်းဆီ


ဘဝမှာတစ်ခုပြည့်ဖို့ တစ်ခုအမြဲလိုတယ်တဲ့ မြနှင်းဆီ.....

တကယ်တော့..
ငါ့နှလုံးသားဟာ မင်းနှလုံးသားရဲ့ဆိတ်ကွယ်ရာမှာ
မင်းကိုယ်တိုင်ကျကျန်ရစ်ခဲ့တဲ့
ဖိနပ်ကလေးတစ်ဖက်ဆိုတာ...
မင်းသိခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့
ငါ့ရဲ့....တခါက...မြနှင်းဆီရယ်......................။...။

                                                            ရဲရင့်လမင်း
                                      (ငယ်ငယ်ရွယ်ရွယ်၊ရူးရူးမိုက်မိုက်၊လွမ်းလွမ်းဆွတ်ဆွတ်)

No comments:

Post a Comment