Saturday, 8 December 2012
အိမ်ဖြည့်
စကားလုံးတွေ ရွှေရောင်သန်းနေမှ
ချစ်ခြင်းက လူရာဝင်သတဲ့လား...!
ငွေကြေးကထမ်းထုတ်သွားတဲ့ ဘဝတွေအတွက်
ဘယ်တရားကို ဘယ်နတ်တွေကများစောင့်ပါသလဲ...!
အချစ်ကို လူကူးမျဉ်းကြားမှကူးဖို့
မေတ္တာတရားကိုဈေးကြီးကြီးပေးဝယ်ဖို့
ဘဝဟာ သုံးနားမညီခဲ့ဘူး
သစ္စာတရားဟာ မီးပေါင်မပြည့်ခဲ့ဘူး...။
အောက်ဆီဂျင်မဝရှာတဲ့ ရေဆိုးမြောင်းထဲက ငါးတစ်ကောင်လို
မှင်မလိုက်တော့တဲ့ ဘောလ်ပင်တစ်လက်လို
အခန်းပျက်နေတဲ့ ဘက်ထရီတစ်လုံးလို
ငါဟာ...ဒုက္ခတွေနဲ့ အမှည့်လွန်နေတဲ့ကောင်ပေါ့...။
တကယ်ဆို...
နင့်အတ္တတွေ တစ်ပတ်ပြည့်ဖို့
ငါ့နှလုံးသားကို နာနာကျင်ကျင်တိမ်းစောင်းပေးခဲ့တာပါ...။
ကံကြမ္မာကသာ ဘီလူးဆိုင်းမတီးခဲ့ဘူးဆိုရင်
အဲဒီဇာတ်မှာ...
ငါကလည်း ထီးတော်မိုး၊ပန်းတော်ဆက်ပေါ့...။
အခုတော့...
ဒေဝဒတ် မြေမျိုတဲ့အခန်းရောက်မှ
အကယ်ဒမီ လာပေးချင်နေကြတယ်...။
ဘယ်နတ်၊ဘယ်လူဟာ ဘယ်အချိန်မှာ
ဘယ်လိုသာဓုကိုခေါ်မှာလဲ...!
တကယ်တော့...
အပူအအေးမမျှတဲ့ ဝန်းကျင်မှာ
ငါဟာ အက်နေတဲ့ ဖန်ခွက်တစ်လုံးပါ...
နင့်အိမ်မက်တွေ ရွှေချဖို့အတွက်တော့
လူမသိ၊သူမသိ သစ်စေးဘဝနဲ့ပဲ
ငါ...တိတ်တိတ်ကလေး နေဝင်ပေးခဲ့ပါ့မယ်....။ ။
ရဲရင့်လမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment