Saturday, 8 December 2012
အဲဒီအခန်းထဲ ဒုက္ခတွေဟာ တဖွဲဖွဲ
သောကနဲ့ စပ်ချုပ်ထားတဲ့ တိမ်တွေ
အနောက်ဘက်ကောင်းကင်မှာ ကိုယ်ထင်ပြနေကြပြီ
ဒဏ်ရာတွေတိမ်တောက်ပြီးရင်
ဒီနေ့လည်း မြုံနေတဲ့ အနာတွေနဲ့ နေဝင်ရဦးမယ်...။
ကြိုးလျော့ခံထားရတဲ့ ဂစ်တာတစ်လက်လို
ခေတ်တစ်ခေတ်ရဲ့ ထောင့်တစ်ထောင့်မှာ
ဒေါင့်မကျိုးတဲ့ အိပ်မက်တွေနဲ့
ငါဟာ ခေါက်ရိုးကျိုးနေခဲ့သူ...။
ညထူထူမှာ အမှောင်ထူထူ
ဘဝထူထူမှာ ဒုက္ခထူထူ
မေတ္တာတရားဟာ ငါ့အတွက်တော့
မဟူရာရောင်သန်းနေတဲ့ ခပ်အူအူ ကဗျာတစ်ပုဒ်ပဲ...။
ကြေကွဲမှု၊ထိခိုက်နာကျင်မှု၊အဆီအငေါ်မတည့်မှု၊မျှော်လင့်ချက်မဲ့မှု
အဲဒီအစုအဝေးတွေကနေ ကိုယ့်ဘဝကိုယ် ခံစားလို့မရတော့တဲ့အခါ
စိတ်နဲ့နှလုံးသားကို နံရံတွေဆီပစ်ပေါက်ရင်း
ဘဝကို အလျင်စလို ကျကွဲနေမိတယ်...။
အရောင်တွေကိုလည်း မကြည့်ရဲတော့ဘူး
အရိပ်တွေကိုလည်း မကြည့်ရဲတော့ဘူး
ဟောဒီ အကုသိုလ်ဆန်ဆန် အခန်းကျဉ်းလေးထဲ
အလင်းရောင်ငတ်နေရှာတဲ့ ဒုက္ခပန်းတစ်ပွင့်ဟာ
ဘဝကို ဘာသာပြန်ဖို့ ဘာသာစကားမဲ့နေခဲ့ပြီ...။
ငါ့ကို အဆိပ်တွေပဲပေးပါ ပြီးတော့
ဘဝကို သစ္စာတရားနဲ့ အလဲအထပ်ပြုပါ
ဘယ်လမ်းကသွာသွား အရောက်လွယ်တဲ့ ဒုက္ခတရားရဲ့ ရင်ခွင်မှာ
အနုပညာဆိုတဲ့စိတ်ကလေးနဲ့ တိတ်တိတ်လေး ငါခေါင်းချသွားချင်လို့.....။ ။
ရဲရင့်လမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment