Saturday 8 December 2012

အသဲကွဲလယ်သမား

 

 ငါ့ရင်ခွင်ကျေးလက်ထဲ
အချစ်ဆိုတဲ့ခလောက်သံ မကြားရတဲ့ရာသီမို့
ငါ့နှလုံးသားလေးဟာ..လယ်စောင့်တဲလေးလိုဘဲ
တိတ်ဆိတ်လွန်းနေခဲ့တယ်

တမျှော်တခေါ်လယ်ကွင်းတွေကိုဖြတ်ပြီး
ဟိုး...မိုးကုတ်စက်ဝိုင်းဆီလမ်းလျှောက်ထွက်ဖို့ စိတ်ကူးမိသူ ငါဟာ..
တကယ်တော့...ဟိုးခပ်လှမ်းလှမ်းက အသက်မဲ့ဆွံ့အနေတဲ့
စာခြောက်ရုပ်လေး တစ်ရုပ်လိုသာ..

နေ့စဉ်ရက်ဆက်အလွမ်းတွေကိုထွန်ယက်ရင်း
ဘာရယ်မှန်းမသိတဲ့အသီးအပွင့်ကို တောင့်တဆာလောင်နေမိသူမို့
ကျွဲပုခုံးထနေရှာတဲ့ ရွှံ့စေးရောင်ငါ့ဘဝကိုလည်း စိတ်မနာချင်တော့ပါဘူး

ကောက်ရိုးပုံတွေကြားက ...
ရှားရှားပါးပါး စွယ်တော်အိမ်မက်ညလေးတွေ အကြောင်းကိုလည်း
ဘယ်သူ့ကိုမှအထူးတလည် မဖွင့်ဟဖြစ်ခဲ့သူပါ

မျက်ရည်တမံကျိုးလို့ အချစ်မိုးခေါင်နေသူ ငါ့အဖို့
ဘယ်လိုလွန်ဆွဲပွဲမှလည်း မလိုအပ်တော့ပါဘူး
အရာရာကို လိပ်ပြာသန့်စွာ ငါအရှုံးပေးပါတယ်

မေမေရေ...............
လယ်သမားတစ်ယောက်ရဲ့ အသဲကွဲဒိုင်ယာရီဆိုတာ
ရွာဦးကျောင်းက အုံးမောင်းသံတွေလို
ကစဉ်းရိုးပေါ်က နံနက်ခင်းတွေလိုတော့...
ဘယ်သာယာချိုမြိန်ပါ့မလဲ နော်...!  ။              ။

                                                           ရဲရင့်လမင်း

No comments:

Post a Comment