ပွဲတော်ရက်ပြီး နောက်တစ်နေ့မှာ ဂြိုဟ်ကောင်လမ်းလျှောက်ထွက်လာတယ်။
လူသားကမ္ဘာထဲကိုဂြိုဟ်ကောင်ရောက်လာတယ်ဆိုပါတော့။ဂြိုဟ်ကောင်ဟာ
ဆူညံသံတွေကြားရာဆီလျှောက်လာရင်း မာကျောတဲ့အရာတစ်ခုကဂြိုဟ်ကောင်
ခေါင်းကိုလာထိမှန်တယ်။ဂြိုဟ်ကောင်အတိတ်မေ့သွားတယ်။သတိပြန်ရလာတော့ သွေးသံတရဲရဲနဲ့တိုက်ခိုက်သတ်ဖြတ်နေကြတဲ့ စစ်ပွဲတစ်ခုထဲကို ဂြိုဟ်ကောင်ရောက်
နေတယ်။ဂြိုဟ်ကောင် တုန်လှုပ်သွားတယ်။စစ်ပွဲတွေကို ငါဖန်ဆင်းလိုက်တာလား။
ဂြိုဟ်ကောင်စဉ်းစားတယ်။အကြီးအကျယ်ကိုစဉ်းစားတယ်။စဉ်းစားလို့မရဘူး။
ဂြိုဟ်ကောင်အတိတ်မေ့နေပြီ။ဂြိုဟ်ကောင်ဟာ သူ့ကိုယ်သူဖန်ဆင်းရှင်ဆိုတဲ့ သိမှုကလွဲပြီး
ကျန်တာအားလုံးမေ့နေပြီ။တွေဝေစွာနဲ့ဆက်လျှောက်လာတော့ ဗုံးခိုကျင်းတစ်ခုနားမှာ
ကျည်ဆံခွံတွေနဲ့ကစားနေတဲ့ ကလေးတစ်ယောက်ကိုတွေ့တယ်။ကလေးငယ်ဟာ
ဂြိုဟ်ကောင်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြုံးပြတယ်။ဂြိုဟ်ကောင်ရင်ထဲ
စို့နင့်သွားတယ်။သွေးသံတရဲရဲစစ်ပွဲကြားမှာငတ်မွတ်ဆာလောင်နေတဲ့ကလေးတစ်ယောက်ကို
မိမိရဲ့ဖန်ဆင်းရှင်ဆိုတဲ့ကြီးမြတ်မှုနဲ့ ပြန်ပြုံးပြနှုတ်ဆက်သင့်သလား။ဂြိုဟ်ကောင်အတိတ်မေ့နေ
တယ်။ဘာကိုမှရေရေရာရာဆုံးဖြတ်လို့မရဘူးဖြစ်နေတယ်။စဉ်းစားရင်းတွေးခေါ်ရင်းနဲ့ ခေါင်းထဲ
နောက်ကျိလာတယ်။အဖြေရှာမရတဲ့အဆုံး စစ်ပွဲတွေနဲ့ဝေးရာ ဂြိုဟ်ကောင်ထွက်လာခဲ့တယ်။
ခြောက်လမ်းသွားဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဂြိုဟ်ကောင်လမ်းလျှောက်နေတယ်။ဂြိုဟ်ကောင်
လှမ်းတွေ့နေရတာကသစ်ပင်တွေမရှိတော့တဲ့ တောင်ကတုံးတွေ၊ တံတားအောက်မှာခမ်း
ခြောက်စပြုနေတဲ့မြစ်ကြီးတစ်စင်း၊ လမ်းဘေးဝဲယာတလျှောက်ရေရှားပါးမှုပြသနာနဲ့ ရင်ဆိုင်နေရတဲ့ကျေးရွာတွေ ဒါတွေကိုရောငါပဲဖန်ဆင်းခဲ့တာများလား။လမ်းမပေါ်က
ဇိမ်ခံကားတွေထဲ အဲယားကွန်းလေးဖွင့်ပြီး ဖန်ဆင်းရှင်မိမိထက် ဇိမ်ကျကျခရီးသွားနေကြတဲ့
လူတွေကိုငေးကြည့်ရင်း ဂြိုဟ်ကောင်ရူးချင်လာတယ်။ ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်
ကျရောက်နေတဲ့ မိမိအရေပြားအောက်မှာ ချွေးသီးချွေးပေါက်ကြီးငယ်နဲ့ ဂြိုဟ်ကောင်မျက်လုံးတွေပြာဝေလာတယ်။အဝေးပြေးလမ်းမကြီးနဲ့ မြင်ကွင်း
တွေအားလုံးကို ကျောခိုင်းပြီး စိတ်ကူးတည့်ရာဆက်လျှောက်လာခဲ့တယ်။လမ်းတလျှောက်မှာတော့
ငါဟာလူသားတွေရဲ့ဒဏ်ကိုအခံရဆုံးသူတစ်ယောက်ပဲလို့ ဂြိုဟ်ကောင်တွေးမိစပြုလာတယ်။
ကြီးကျယ်ခမ်းနားတဲ့မြို့ကြီးတစ်မြို့ထဲကို ဂြိုဟ်ကောင်ရောက်လာတယ်။မြို့ထဲကိုရောက်တာနဲ့ မြို့ထဲကအိမ်တွေရဲ့ခမ်းနားကြီးကျယ်မှုကိုကြည့်ပြီး ဂြိုဟ်ကောင်အံ့သြသွားတယ်။တစ်မြို့လုံး
သပ်ရပ်သန့်ရှင်းပြီး ဂြိုဟ်ကောင်တစ်ခါမှမမြင်ဖူး မတွေ့ဖူးတဲ့ အိမ်ကြီးအိမ်ကောင်း
တွေနဲ့ ပြည့်နှက်နေတယ်။ဂြိုဟ်ကောင်မနာလိုဖြစ်သွားတယ်။ပြီးတော့စဉ်းစားပြန်တယ်။
ဒီအရာတွေကိုရောငါဖန်ဆင်းတာပဲလား။ဂြိုဟ်ကောင်အတိတ်မေ့နေတယ်။ဘာကိုမှပြန်စဉ်းစား
လို့မရဘူးဖြစ်နေတယ်။ဒီလိုအိမ်မျိုးတွေထဲမှာ ဘယ်လိုအရာတွေ ထပ်ရှိနေနိုင်မလဲ
ဂြိုဟ်ကောင်သိချင်လာတယ်။မြို့ထဲကအိမ်တစ်အိမ်ထဲ ဂြိုဟ်ကောင်ဝင်ကြည့်လိုက်တယ်။
အိပ်ခန်း၊မီးဖိုခန်း၊စာကြည့်ခန်း၊ဧည့်ခန်း၊အိမ်သာ စသည်ဖြင့်အခန်းတိုင်းမှာ ဇိမ်ခံပစ္စည်း
အပြည့်အစုံနဲ့ စမတ်ကျကျစည်းစိမ်ခံနေတဲ့ တရားဟောဆရာဆိုသူတွေကိုတွေ့တယ်။
တချို့အိမ်တွေမှာ ဘုရားခန်းကျဉ်းကျဉ်းလေးတွေကိုတွေ့ရပြီး တချို့အိမ်တွေမှာ ဘုရားခန်းလုံးဝ
မရှိတာကို ဂြိုဟ်ကောင်သတိပြုမိသွားတယ်။ဒီတစ်ခါတော့ ဂြိုဟ်ကောင်မအံ့သြတော့ဘူး။
မြို့အဝင်မှ`City of Pulpit´ ဟူသော ခန့်ညားထည်ဝါသည့်ဆိုင်းဘုတ်ကြီးကို
ခပ်ထေ့ထေ့ပြုံးကြည့်ရင်း အဲ့ဒီမြို့ကြီးကနေ ဂြိုဟ်ကောင်ထွက်ခွာလာခဲ့တယ်။
ညစ်ညူးလာတဲ့စိတ်တွေကိုဖြေလျော့ဖို့ နိုက်ကလပ်တစ်ခုထဲကို ဂြိုဟ်ကောင်ရောက်လာတယ်။
စိတ်ကြွဆေးစားပြီး ဒီဂျေမြူးဇစ်နဲ့စည်းချက်ကျကျကခုန်နေတဲ့လူငယ်တစ်ယောက် ဂြိုဟ်ကောင် ကိုတွေ့သွားတယ်။ပန်းကန်ပြားထဲမှာထည့်ထားတဲ့ ကိုကင်းမှုန့်တွေကိုယူလာပြီး ဂြိုဟ်ကောင်
ရဲ့နှာခေါင်းဝမှာ ပိုက်လေးကိုတေ့ပေးလာတယ်။ကိုကင်းတွေကိုမရှုသွင်းခင် ဂြိုဟ်ကောင်စဉ်း
စားပြန်တယ်။လူတစ်ယောက်ကိုပုံမှန်စိတ်အခြေအနေကနေ ကင်းလွတ်သွားအောင်၊လူရဲ့အကျင့်
စာရိတ္တတွေကို တခဏအတွင်းပျက်စီးယိုယွင်းသွားအောင် တဒင်္ဂအတွင်းပြုလုပ်နိုင်တဲ့ ဒီလိုအရာ
တွေကို ဘယ်သူဖန်ဆင်းလိုက်တာလဲ။ငါကိုယ်တိုင်ပဲဖန်ဆင်းတာလား။ဂြိုဟ်ကောင်အတိတ်မေ့နေ
တယ်။ဘာကိုမှပြန်စဉ်းစားလို့မရဘူး။တစ်ကြိမ်စဉ်းစားလိုက်တိုင်း ဦးခေါင်းဟာသေမတက်ကိုက်ခဲ
လေးလံနောက်ကျိလာတယ်။ဂြိုဟ်ကောင်ဟာ ဘာကိုမှပြန်စဉ်းစားလို့မရတော့တဲ့ သူ့အဖြစ်ကိုသူ
စိတ်ပျက်လာတယ်။မိမိကိုယ်မိမိ ဖန်ဆင်းရှင်လို့သိနေတဲ့ သိမှုဟာလည်း ဘာမှမရေရာ အသုံးမဝင်
တော့ကြောင်း တစစသဘောပေါက်လာတယ်။မထူးတော့ဘူးလို့ဆုံးဖြတ်ပြီး ရှေ့က ကိုကင်းပန်းကန်
ကိုလှမ်းယူပြီး အားရပါးရရှုရိုက်ပြစ်လိုက်တယ်။ကမ္ဘာလောကကြီးနဲ့ ဂြိုဟ်ကောင်အဆက်အသွယ်
ပြတ်ပြီး နိုက်ကလပ်ကြမ်းပြင်ပေါ် လဲကျသွားတယ်။
သတိပြန်ရလာတော့ ဂြိုဟ်ကောင်ဟာ သူ့ရဲ့မူလနေရာမှန်ကိုပြန်ရောက်နေခဲ့တယ်။
လူသားတွေနဲ့အရာဝတ္ထုတွေကိုဖန်ဆင်းရှင်က ဖန်ဆင်းတာမဟုတ်ဘဲ လူသားတွေကသာ
သူတို့ရဲ့အတ္တတွေ ကိုယ်ကျိုးစီးပွားတွေ နဲ့ အရာရာအတွက်အသုံးတော်ခံဖို့ ဖန်ဆင်းရှင်ကို
ဖန်တီးတည်ဆောက်ယူခဲ့ကြတယ်ဆိုတာ ဂြိုဟ်ကောင်သိမြင်လာခဲ့တယ်။အဲ့ဒီအချိန်ကစလို့
ဂြိုဟ်ကောင်ဟာ နောက်တစ်ကြိမ်လူသားကမ္ဘာဆီလမ်းလျှောက်မထွက်ဖို့ အပြီးတိုင်
ဆုံးဖြတ်လိုက်တော့တယ်။
-ရဲရင့်လမင်း-
၂၀၁၆၊ ဂျွန်
No comments:
Post a Comment