Saturday 26 November 2016

အပြာရောင်သက်ရှိတွေအကြောင်း ဆန့်ကျင်ဘက်ထုတ်လွှင့်နေတဲ့ ကမ္ဘာ


.
ဒီသတင်းကြားပြီးကတည်းက ငါဟာ သေနတ်တလက်ဖြစ်သွား။ဗုံးတလုံးဖြစ်သွား။
သံချပ်ကာ ကားတစီးဖြစ်သွား။မိုးပေါ်ထောင်နေတဲ့ အမြောက်တလက်ဖြစ်သွား။
ငါ့ကိုယ်ထဲမှာ တိုက်ချင်ခိုက်ချင် စိတ်တွေ။သတ်ချင်ဖြတ်ချင် စိတ်တွေ။

အတုပ်ခံထားရတဲ့ လက်ပြန်ကြိုးကို ဖြတ်ပစ်။အပိတ်ခံထားရတဲ့ ပါးစပ်က ပလာစတာကို ခွာပစ်။
အစို့ခံထားရတဲ့ နားကြပ်ကို ဖြုတ်ပစ်။မျက်လုံးမှာစည်းထားတဲ့အဝတ်နက်ကို လှန်ပစ်။
ငါ့နားထဲ အသံတွေဟာ ကျယ်ကျယ်လောင်လောင်။ငါ့မျက်လုံးရှေ့ သတ်ကွင်းတွေဟာ
ထင်ထင်ရှားရှား။
ဒီသတင်းတွေကြားပြီးကတည်းက ငါ့စိတ်ဟာ ဘဂ္ဂဒတ်ကိုရောက်သွား။
ဟောင်ကောင်ကိုရောက်သွား။ရခိုင်ကိုရောက်သွား။ကိုဘာနီကိုရောက်သွား။
မြို့တော်ခမ်းမရှေ့ရောက်သွား။ဆီးရီးယားကိုရောက်သွား။လိပ်ကျွန်းကိုရောက်သွား။
ငါလည်းမင်းလိုပဲ ပင့်ကူအိမ်နဲ့ ကမ္ဘာပတ်နေတယ်။ကိုယ်ချင်းစာတရားနဲ့ ကမ္ဘာပတ်နေတယ်။
လူတွေကလက်နက်ကို အားကိုးတယ်။အာဏာကိုအားကိုးတယ်။အမုန်းတရားကိုအားကိုးတယ်။
ယဉ်ကျေးမှုကိုအားကိုးတယ်။အားကိုးစရာမဲ့နေတဲ့ ကလေးငယ်တွေ ဘယ်လိုအကြောင်းတရားတွေ
ကြောင့် တိုးပွားနေတာလဲ။
ဒီသတင်းတွေကြားပြီးကတည်းက
အုတ်နီခဲကလေးဟာ လမ်းပေါ်မှာ ကားကြိတ်လို့ကြေမွသွား။
ဒီသတင်းတွေကြားပြီးကတည်းက
ငိုသံတွေဟာ အရင်ကထက်ပို ပို ဆူညံလာ။
ဒီသတင်းတွေကြားပြီးကတည်းက
ငျိမ်းမ်ခြးယေး-ကို သံသယမျက်လုံးတွေနဲ့ တကမ္ဘာလုံးကစောင့်ကြည့်နေကြတယ်။
`ကိုယ့်လူရော ဘာကြားသေးလဲ´
.
ရဲရင့်လမင်း
ငြိမ်းချမ်းရေးကဗျာ၁၀၀ စာအုပ်မှ...

No comments:

Post a Comment