Saturday 26 November 2016

`ငါ့ အိတ်ကပ်ထဲ နာရေးကြော်ငြာကို ခေါက်သိမ်းထားတဲ့ နေ့တွေ´



စားပွဲပေါ်က ပန်းအိုးထဲမှာ ငြိမ်းချမ်းရေးတွေ ပွင့်နေတယ်။
အပြာရောင်စားပွဲခင်းအောက်မှာ ပုရွတ်ဆိတ် နဲ့ နှံကောင် အစာလုနေတယ်။
ဆင်းရဲမွဲတေမှုက အနီအောက်ရောင်ခြည်မှာ ပတ်ကြားတွေအက်လို့။
နေ့အပူဟာမြင်းရိုင်းတစ်ကောင်လို လူအုပ်ကြီးထဲခုန်ပေါက်လို့။

ကျောနံပါတ်ဘယ်လောက်လဲ။ကျွန်နံပါတ်ဘယ်လောက်လဲ။ကျွန်းနံပါတ်ဘယ်လောက်လဲ။
ခါးတောင်နဲ့ဖင်လွဲနေတဲ့ ခင်ဗျားတို့နိုင်ငံရေး ဆားငန်ရေနဲ့ဆေးကြည့်ပေါ့။
ကားတစ်စီးပေါ်မှာ စတီယာတိုင်တစ်ခုစီ။
ဦးခေါင်းတစ်ခုစီမှာ အဖိနှိပ်မခံလိုမှုတစ်ခုစီ။
အရေးတကြီးဖြတ်သွားတဲ့ မီးသတ်ကားမှာ အရေးပေါ်အနီရောင်။
ဈေးဦးမပေါက်သေးတဲ့ လမ်းဆုံကစံပယ်ပန်းကုံးတွေမှာ ဆာလောင်မှုကအဖြူရောင်။
အဓမ္မမှုတဲ့ ခင်ဗျားမျက်လုံးထဲ ဘာတွေကိုမြင်လဲ။
အကြမ်းဖက်သတ်ဖြတ်မှုတဲ့ ခင်ဗျားနားထဲ ဘာတွေကိုကြားလဲ။
ကိုးရီးယားကားတွေကြည့်ပြီး ယဉ်ကျေးမှုချင်း ဆာဂျရီလုပ်မနေနဲ့ ရဲဘော်။
စွန့်စားခန်းရုပ်ရှင်တွေကြည့်ပြီး ဖီးလ်တစ်ကျိပ်နဲ့ တောက်ခေါက်မနေနဲ့ ရဲဘော်။
ငါတို့ရဲ့ ကံ စိတ် ဥတု အဟာရ ကို တော်လှန်ရေးထဲ ပစ်ထည့်လိုက်ဖို့။
လှသန်းရဲ့လက်ကိုငှါးပြီး မာယာကော့ဖ်စကီးလို အများကြိုက်ကိုပါးပိတ်ရိုက်ပစ်လိုက်ဖို့။
ပစ္စုပ္ပန်နဲ့အနာဂတ်ကို အစိမ်းရောင်မြက်ခင်းကြီးလို လည်မှာဆွဲထားတဲ့ လူငယ်။
အပျောက်အရှတွေများလွန်းလို့ သမိုင်းထဲ ကိုယ့်အဖတ်ကိုယ်ပြန်ပြန်ဆယ်နေရတဲ့ လူငယ်။
ပြည်သူကျွေးတဲ့မြက်စားပြီး ပြည်သူကိုပြန်ဝှေ့နေတဲ့ နွားတံဆိပ်တော်ရ နွားတွေကိုတွေ့ကြလား။
မှောက်ထားတဲ့အနက်ရောင်သပိတ်အောက်မှာ ခရမ်းနုရောင်နှင်းတွေအရည်ပျော်နေပြီလား။
ယနေ့ရိုးသားမှုသည် မနက်ဖြန်အတွက်အငတ်ဘေးဖြစ်သည်။
ယနေ့ရဲရင့်မှုသည် မနက်ဖြန်အတွက်အစာရေစာဖြစ်သည်။
လမ်းလွှဲမှ သွားနိုင်သည်။
လမ်းလွဲမှ သွားနိုင်သည်။
လမ်းပေါ်သို့ဖြာကျလာသော အဖြူအစိမ်းနေရောင်ခြည်များ သေနတ်+အာဏာရန်မှဝေးပါစေ။
နိုင်ငံဝေး အိုဗာစတေးငှက်များ အော်ပရာစီ+လျှပ်စစ်ကြိမ်ဒဏ်မှ ကင်းပါစေ။
ဆောင်းအတုထဲ နှင်းအတုတွေကျပြပြီး ဆုအတုတွေတောင်းလို့ အာသာဖြေမိ။
သက်တန့်ကြီးကို ခါးလယ်ကပိုင်းပြီး ဆန့်ကျင်ဘက်ကိုထွက်သွားတဲ့ တိမ်စွတ်ကြောင်းကြီးတစ်ခု။
စိုက်ထားတဲ့လမ်းညွှန်ဆိုင်းဘုတ်တွေ သုံးစားလို့မရတဲ့အခါ ငါတို့ဟာ လူတော်၊
လူကောင်းဖြစ်ဖို့ထက် ရေတံခွန်လို ကိုယ့်လမ်းကိုယ်ဖောက်ပြီး၊
သွေးနဲ့ရင်းမှရလာမယ့် သမိုင်းအသစ်အတွက် ကိုယ့်အလောင်းကိုယ်ကောက်ပြီး၊
သေတဲ့အထိ လျှောက်ကြရုံ။

ရဲရင့်လမင်း
၂၀၁၅မြန်မာကဗျာ၁၀၀ စာအုပ်မှ..

No comments:

Post a Comment