Saturday 26 November 2016

ကန်းနေတဲ့ ကမ်းခြေ


ထောင့်ချိုးတစ်ခုရဲ့ အဆုံး

ရေလှိုင်းလေး တွေက ဘယ်သူ့ကိုရန်လိုနေတာလဲ။ငါအဖြေရှာမရဘူး။ငါဟာ ငါ့ဘဝနဲ့နီးရာကို ကူးခပ်နေ
တာလား။ပတ်ဝန်းကျင်ကရိုက်ပုတ်မှုတွေအတိုင်း ရွေ့လျားနေတာလား။ငါ့ရဲ့တိကျခြင်းဟာဘာလဲ။
ငါ့မျက်နှာပေါ်ဖြာကျလာတဲ့ နေခြည်နွေးနွေးလား။ငါ့ပါးပြင်မှာ လာဆိုက်ကပ်တဲ့ လေပြေလေညှင်းလား။
ငါ့ရင်ဘတ်ပေါ် ခြေရာအထပ်ထပ်နဲ့ ဆော့ကစားသွားသူတွေ။ငါ့အသက်ရှုသံကို ငွေနဲ့ပေးဝယ်သွားသူ

တွေ။ငါဟာည ည ဆိုမီးပုံကြီးတွေကို လူတကာပျော်ရွှင်ဖို့ ထမ်းထားရ။ငါအသက်ရှုကြပ်လာတာ ဆန်း
သလား။ငါ့ကျောပေါ်မှာမှောက်ကျသွားတဲ့အပျော်တွေ။ငါ့နှုတ်ခမ်းပေါ်တင်ကျန်ရစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေ။
ငါဟာဘာတစ်ခုကိုမှ မှတ်တမ်းမတင်ထားဘူး။ငါ့ကိုစောင့်ငေးနေတဲ့ လင့်စင်ပေါ်က ဆယ်ကျော်သက်လေး
ကိုတောင် ငါကမှတ်မိတာမဟုတ်ဘူး။
ငါ့အရေပြားပေါ်က ဝင်ကစွပ်လေးတွေကိုတော့ ငါချစ်တယ်။သူတို့တွေကငါ့လိုပဲ ပြန်စရာအိမ်မရှိဘူး။
ငါ့ရင်ဘတ်ပေါ်ကြွေကျနေတဲ့ အုန်းကန်းလေးတွေကိုလည်း ငါချစ်တယ်။သူတို့တွေကလည်း ငါ့လိုပဲ
စကားနည်းကြတယ်။ငါဟာအင်အားကြီးမားတဲ့ပင်လယ်ရဲ့မာယာတွေကို ရင်ဆိုင်ပစ်လိုက်ဖို့လည်း
ဝန်မလေးတက်ဘူး။ငါ့လက်မောင်းပေါ်ကမီးပြတိုက်ကလေးကိုတော့ ကြယ်လေးတွေလိုပဲ နေရာပေးထားလိုက်တယ်။
ငါဟာအရည်ဖြစ်လိုက် အစိုင်အခဲဖြစ်လိုက်။ငါ့ရဲ့ပင်ကိုယ်သဘာဝဟာ ဘာလဲ။ခင်ဗျားတို့ပြောသလို
အလွန်တရာတည်ငြိမ်ခက်ထန်တဲ့ ကျောက်ဆောင်တွေနဲ့ ရင့်ကျက်သမ္ဘာကျသူလား။ကိုယ့်လေချွန်သံ
ကိုယ်ပြန်ဖမ်းဖို့ လှေတစ်စင်းနဲ့ပင်လယ်ဆီထွက်ခွါသွားတဲ့ တံငါသည်လား။

ပထမအရစ်

ဘဝအမောတွေပြေဖို့ ငါ့ကိုယ်ငါ ကျောက်ဆောင်တွေဆီ ပစ်ပေါက်နေရ။အမြှုပ်တစီစီနေ့ထဲ ငိုသံ
တစ်ဝက်ပြတ်ကျနေပုံ။အုန်းလက်နွားကလေးအဖြစ် ကောင်းကင်အားကျောခိုင်းထားပုံ။အပျိုရည်မပျတ်သေးတဲ့ ဆည်းဆာ။
တောက်နေတဲ့တိမ်တွေကို စိတ်ကူးနဲ့ ရွှေနားကွပ်ပေးလိုက်တယ်။အတွေးတွေ သောင်တင်နေတယ်ဆိုလည်း
မမှားဘူး။မထင်မှတ်တဲ့အချိန် မထင်မှတ်တဲ့နေရာမှာ ဘန်ဂလိုထဲက ထွက်လာတဲ့ ကောင်မလေးတစ်ယောက်။
အပြာရောင် သိုးမွေးဦးထုပ်လေးကို စောင်းလို့။ညနေခင်းဟာ သူမတစ်ယောက်ထဲနဲ့ကို အရမ်းပြည့်စုံနေပါပြီ။

ဒုတိယအရစ်

ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပဲ၊ကောင်မလေးရဲ့ ဂါဝန်အနားစလေးတွေက ညနေခင်းနဲ့ သိပ်ကို လိုက်ဖက်နေတယ်။
တိမ်တွေနေတဲ့အရပ်မှာ လူတွေနေလို့မရဘူးဆိုတာ သူမ သိမသွားခဲ့ဘူး။
တစ်ယောက်က စိတ်အလေးကြီးတွေကိုထမ်းပြီး လေထုကို အဆုတ်နဲ့ကိုင်ကြည့်လိုက်တယ်။မြို့ပြထက်
ရာခိုင်နှုန်းပိုများတဲ့အောက်ဆီဂျင်ကို ထိနေရတာကပဲ ငါ့ကိုယ်ငါ မနာလိုစရာ။ခရုခွံလေးတွေ လိုက်
ကောက်နေရတာကိုပဲ ခင်ဗျားကိုယ်ခင်ဗျား မနာလိုစရာ။
သူမဟာအဲ့ဒီနေ့က စွန်လွှတ်နေခဲ့တယ်။ဟုတ်တယ် သူမ မပျော်ဘူး။စွန်ကလေးဟာ ဘာမှန်းမသိဘဲ
သူမ က ကြိုးတွေကိုလျှော့နေတာ/တင်းနေတာ။
သူမရဲ့ စိတ်အာရုံတွေထဲ ကောင်းကင်နဲ့ကစားနေတဲ့ နေ့တွေ။သူမဟာ လွတ်လပ်မှုအသေတွေနဲ့ ပေါ့ပါးချင်ယောင်ဆောင်နေခဲ့တယ်။

တတိယအရစ်

ငါကသဲတစ်ပွင့်အဖြစ် တစ်စုံတစ်ခုကို ရှတတတွေ့ထိဖို့ စောင့်နေတဲ့ကောင်။ငါ့ပင်လယ်ကို ငါပဲသိတယ်
ငါ့လက်ဖျံတွေကို ငါယုံကြည်တယ်။ငါ့နယ်မြေမှာ စောင်းတီးလို့လည်းရတယ်။ကဗျာရေးလို့လည်း
ရတယ်။သီချင်းဆိုလို့လည်းရတယ်။ငါ့ရင်ဘတ်ကို ခြေစုံကန်ပြီး ပင်လယ်ထဲ ဒိုက်ထိုးချသွားလို့ရတယ်။
မကျေနပ်သေးရင် ကိုယ့်ကိုယ်ကို လုံးချေပြီး ဂဏာန်းတွင်းတွေထဲ ဝင်နေလို့ရတယ်။
ငါ့နိုင်ငံတော်မှာ ဘာဥပဒေမှ မရှိဘူး။ပွင့်နေတဲ့ အဖွင့်စနစ်တွေပဲရှိတယ်။

စတုတ္ထအရစ်

မှောင်စပျိုးချိန် ရေစပ်နားမှာ သူမတစ်ယောက်ထဲ ဘာလုပ်နေတာလဲ။သူမဟာ ငါ့ကိုစကားပြောဖို့
ကြိုးစားနေတာလား။ငါ့ကိုပွေ့ဖက်ဖို့ ကြိုးစားနေတာလား။ငါ့ရဲ့ တိတ်ဆိတ်မှုတွေကိုသာ စားသုံးသွား
ပါတော့။ခြေထောက်ရှိပြီး လမ်းလျှောက်ခွင့်မရှိခြင်း၊ပါးစပ်ရှိပြီး အသံထွက်ခွင့်မရခြင်း၊မျက်လုံး
ရှိပြီး အကန်းတစ်ယောက်လို ကျင့်ကြံနေထိုင်ရခြင်း စသဖြင့် နာကျည်းစွာ ခွဲခြားခံရခြင်းမှာ ဇာတ်ကိုသိမ်းလိုက်တယ်။

နောက်ထပ်တစ်ရစ်

အုန်းလက်နွား၊အုန်းကန်း
ရေလှိုင်း၊လှေ၊မီးပြတိုက်၊တံငါသည်၊
ကောင်းကင်၊စွန်၊အဖွင့်စနစ်၊အိမ်၊
မီးပုံကြီး၊အောက်ဆီဂျင်၊
နေခြည်၊တိမ်၊စေတီပုထိုး၊သဲ၊ခရုခွံ၊
စိတ်၊နှုတ်ခမ်း။

သူမ နဲ့ ငါ
ခင်ဗျား နဲ့ ငါ
လူတွေ နဲ့ ငါ
.................. ........!!!!!!!!!!!!!!!!!!!!!!!!
တစ်ရစ် ပြီး တစ်ရစ်


ထောင့်ချိုးတစ်ခုရဲ့ အစ

နိဂုံးဟာဘယ်တော့မှ မချုပ်ဘူး။ဖြစ်တည်မှုတွေ ရွေ့လျားနေတာလည်း အဆန်းမဟုတ်ဘူး။
ငါ့အတွက်တော့ စစ်ကြီးပြီးရင် လူတွေဘာဖြစ်ကြသလဲဆိုတာထက်/စစ်ကြီးမဖြစ်ခင် လူတွေဘာဖြစ်
နေကြသလဲဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အရာ။ငါ့စကားတွေကို ပင်လယ်က နားထောင်ပေးတယ်။
ငါ့အမှားတွေကို ပင်လယ်က လာလာယူတယ်။
မနေ့ညကတော့ ပင်လယ်ဟာ ငါ့ကို ကဗျာတစ်ပုဒ်ရွတ်ပြသွားခဲ့တယ်။
ပင်လယ်ရဲ့ လှုပ်နေတဲ့ အသံတွေကိုပဲ ငါငေးကြည့်နေလိုက်တယ်။ငါ့အာရုံကြောတွေ ပျတ်စီးနေပြီဆိုတာ အခုထိ
ဘယ်သူမှ မသိကြသေးဘူး။
ဘာပဲဖြစ်ဖြစ်ပါ။ပင်လယ်ဟာ အပြာရောင်ခမောက်ကို စောင်းပြီး သူမရဲ့မျက်လုံးပြာပြာတွေကို ငေးစိုက်ကြည့်နေဆဲ။
အုန်းစိမ်းသောက်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ ရုတ်တရက် ရေစပ်မှာ ဒူးထောက်ချလိုက်ပြီး....။
''တကယ်တော့လည်း ငါတို့တွေဟာ အချိန်တိုင်း နာကျင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။အဲ့ဒီအတွက် ငါတို့တွေ အပျော်ကို
ဖန်တီးယူကြတာ တရားပါတယ်''
အဲ့ဒီနေ့က သူမအမြဲဆောင်းတတ်တဲ့
အပြာရောင် သိုးမွေးခေါင်းစွပ်လေး ရေစပ်မှာ ကျကျန်ရစ်ခဲ့တယ်။
သူမအကြိမ်ကြိမ်အခါခါ ကြုံးအော်ပစ်လိုက်တဲ့ အသံတွေကတော့ ရေမျက်နှာပြင်ပေါ်ကနေ ရှပ်တိုက်ပြီး မိုးကုတ်စက်ဝိုင်းဆီ
တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီ။

တစ်လခန့်ကြာသော်...
လူငယ်လေးတစ်ယောက်ဟာ အိုးလေးတစ်လုံးကို တစ်ယုတစ်ယပိုက်ပြီး ကမ်းစပ်အတိုင်း လမ်းလျှောက်လာနေတယ်။
တစ်နေရာကိုရောက်တော့ ဒူးထောက်ထိုင်ချလိုက်ပြီး လက်ထဲကအိုးလေးကို အချိန်အတော်ကြာငုံ့ကြည့်နေတယ်။ပါးစပ်ကလည်း
တစ်ခုခုကို ညည်းတွားသလိုရေရွတ်လို့။အတန်ကြာ တော့အိုးအဖုံးကို ဖွင့်လိုက်တယ်။
အိုးထဲက အပြာရောင် ငါးလေးတစ်ကောင်ဟာ ပင်လယ်ထဲကို ခုန်ဆင်းသွားခဲ့တယ်။
လူငယ်လေး မသိလိုက်တဲ့အချက်က အဲ့ဒီအပြာရောင် ငါးကလေးဟာ စက်နဲ့လုပ်ထားတဲ့ ငါးအတုတစ်ကောင်ဖြစ်ကြောင်းကိုပါပဲ။ 
ရဲရင့်လမင်း

No comments:

Post a Comment