Saturday 26 November 2016

ခေတ်ဟာအပွင့်စနစ် - ပွင့်ပြီး - တငွေ့ငွေ့ ဆက်လောင်


.
ဆိုပါစို့ ကမ္ဘာမကျေ/ကြေကို ဆိုပါစို့ အကြောမတင်းတဲ့ မျက်နှာတွေအကြောင်း ဆိုပါစို့
စို့နေတဲ့ ပျင်းစရာနေ့ဟာ ပျင်းပြီးရင်း ပျင်းနေတဲ့ အပျင်းပြေ
အပြင်းတွေရောထားတဲ့ အရောင်က အလုပ်မလုပ်တော့တဲ့ ပီကာဆိုခေတ်က အပြာခလုတ်

ဘယ်ခလုတ်နဲ့မှမလွတ်တဲ့ စစ်/စိတ် ဒီစိတ်စစ်စစ်ကြီးကို ခပ်စုတ်စုတ်စနစ်ထဲထိုးထည့်မိလို့
တိုင်ပတ်နေတဲ့ တောသူတောင်သားတွေလေ/မိဘပြည်သူတွေလေ သင်ရော
ရောကောသောကော ဘယ်လိုထင်လဲ ၊ဒမကရစ၊ ကတကယ်ရတာလား
သံသယခြေထောက်မှာ သံသရာ သံကွင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာပျံသန်းနေတဲ့
စာပို့ခိုလေး ငါ့ဆီမရောက်ဖြစ်တဲ့နေ့တွေမှာ တဆစ်ဆစ်ကိုအဆုံးသတ်ပစ်လိုက်ချင်လို့
လိုလိုလားလားလိပ်တကောင်လို တငွေ့ငွေ့ အိပ်စက်ပစ်လိုက်တာ ကျောက်ခေတ်ပြန်ရောက်တဲ့အထိ
ဖြေးဖြေးလေး ရွေ့ ရွေ့လာတော့ ဘဝတွေမှာပင်လယ်ဆန်တဲ့မျက်ရည်နဲ့ ချောင်းပေါက်မတက် ရယ်၊မော၊ရ
လူအုပ်ကြီးထဲ အုတ်ရောရောကျောက်ရောရော ဇကာတင် မျက်ရည်နဲ့ ဆာလောင်စွာ ငို၊ကြွေး၊ရ
လေထုကြီးထဲ ရှုရိုက်စရာ အနုပညာ နှာခေါင်းပေါက်ကြီး ပိတ်နေ
ပိတ်နေတဲ့ခေါင်းထဲဝင်ခွေနေတဲ့ဝါဒတွေနဲ့ အသိဥာဏ်မှာပေကျံနေတဲ့ မသူတော် ၊၇၊ကောင်ထဲက
တောင်တရုပ်/ယုတ်/ရုတ် မြောက်တရုပ်/ယုတ်/ရုတ် နဲ့
စုတ်ထိုးဖို့ အလှည့်ကျလေသူ တောက်တဲ့ကြီး
အိမ်မြောင်ပါးစပ်ပေါက်နဲ့ တပ်နံရံပေါ် တွယ်တက်သွား
သွားခေါတဲ့နိုင်ငံရေးက အာဏာစပယ်တင်မှည့်ကလေးနဲ့
ပြည်သူ့တံဆိပ်ဆိုင်းဘုတ်ကို မီးသွားဟပ်တယ်၊စီးကရက်ဗူးခွံပေါ်က
ကြောက်မက်ဖွယ်စာတန်းဟာ အဆုတ်ရဲ့အစီခံတွေအထိရောက်နေပြီ
အနာဂတ်လူသားကမ္ဘာရဲ့ သားပျက်သားလျှော လက္ခဏာရေးသုံးပါးမှာ
နာကျင်မှုနဲ့ အကြောက်တရားကို ဘိန်းစွဲသလို အပျော့စွဲ စွဲနေတဲ့ ပျားအုံပညာရေး
အတုကအစစ်ထက် ဈေးကောင်းရနေကြောင်း ပျားအုံထဲက တကောင်ထဲသော
ပျားဘုရင်မကြီး လည်း သိသိကြီးနဲ့ ပြာနေရ
အပင်အောက်မှာ လူတစု မီးမြှိုက် မှိုင်းတိုက်နေပြီ အပြင်လောကကိုပြေးထွက်ကြ မိသားစုနဲ့ဝေးရာ
တိုင်းပြည်နဲ့ဝေးရာ စနစ်ဆိုးနဲ့ဝေးရာ ပြေးကြ ထွက်ကြ
ငါတို့ဟာ ကိုယ့်အရသာ ကိုယ်ပြန်ငတ်နေကြတဲ့ လုပ်သားပျားတွေလို့ နာနာကျင်ကျင် ဆိုပါစို့။ _ ။
.
ရဲရင့်လမင်း

No comments:

Post a Comment