Saturday 26 November 2016

(၃၄)အဆန်


အငြိမ်မနေ မွေးကတည်းက ဆော့နေတဲ့ လက်တွေ
လှုပ်နေတဲ့ စိတ်တွေ အလျင်စလို လျှောက်နေတဲ့ ခြေထောက်တွေ
လိမ့်နေတဲ့ ဘီးတွေ


တစ်လမ်းသွား တစ်လမ်းမောင်း တစ်လမ်းပဲရှိတဲ့ သေခြင်း
သံသရာနဲ့အပြိုင် ခရီးကိုဆွဲဆန့်
သတိ
အသံမထွက်ရ/ဥသြမဆွဲရ/ခေါင်းမပြူရ

ဘရိတ်ပေါက်နေပြီ ၃၄ အမြန်ရထားကြီး
ပြတင်းပေါက်တွေ ဖွင့်ထား/အာရုံကိုစုစည်းထား
တစ်ဘူတာဖြတ်ပြီးတိုင်း သေဖို့ တစ်ဘူတာနီးလာတယ်လို့
တွေး
တွေးထား ခပ်ကြပ်ကြပ် တွေးထား
နေ လို လ လို မတွေးနဲ့ နေကြတ်သလို လကြတ်သလို
တွေး
ပြေးရင်းလွှားရင်း တွေး

ငေးလို့လည်းရတယ် ငေး
ရေမြုပ်နေတဲ့ လယ်ကွင်းတွေထဲက အရပ်မြင့်မြင့် တပ်ပိုင်ဆိုင်းဘုတ်တွေကို
ကျူးကျူးကျော်ကျော် ငေး

မကျေနပ်တဲ့မြင်ကွင်းဆိုရင် အမြစ်ကနေဆွဲလှန်ပစ်လိုက်
မျက်လုံးတွေကို လေသလပ်ထားလိုက်

`ငြိမ်းချမ်းရေး ရမယ် ဒီမိုကရေစီ ရမယ် ပွင့်လင်းမြင်သာ ရမယ်´
`ဦးသိန်းစိန် ရမယ် ဒေါ်စု ရမယ် သူရရွှေမန်း ရမယ် မင်းအောင်လှိုင် ရမယ်´
ကြေငြာအားခပ်ကောင်းကောင်းနဲ့ ဂျာနယ်အဟောင်းတွေ တောင်းထဲ ထည့်လွယ်ထားတဲ့
ကောင်လေး
သူ့အင်္ကျီရင်ဘတ်မှာ ချုပ်ရိုးပြုတ်နေတဲ့ တံဆိပ်လေးက အ.လ.က(...)

ရှေ့နားမှာ Level Crossing. ကားတွေခဏရပ် လမ်းလျှောက်ဆန္ဒပြသူတွေခဏရပ်
ဒါ လူယဉ်ကျေးတွေနေတဲ့ မြို့
ဆရာချောပြောသလို ရထားလာပြီ ဂျုံး..ဂျုံး..ဂျက်..ဂျက်..ဂျုံး..ဂျုံး..ဂျက်..ဂျက်..

အထူးတန်း ပထမတန်း ရိုးရိုးတန်း ခုံမဲ့
ရှည်မျောမျော ခန္ဓာအိမ်ကြီးထဲ အဆင့်အတန်း ခွဲခြားခံရပြန်တဲ့ ဒုလ္လာဘရထား

ကိုယ့်အရှိန်နဲ့ကိုယ် ဇောချွေးတွေပြန်ခဲ့ ကိုယ့်လောကဓံနဲ့ကိုယ် လမ်းလွဲခဲ့
နောက်ကြောင်းပြန်မလှည့်ဘူး ခေါင်းဝင်ရင် ကိုယ်ဆံ့မှာပဲ
သွေးထဲ တေဇောဓာတ်တွေ ထိုးသွင်းပြီး  
ခုတ်မောင်း မရပ်မနား
ခုတ်မောင်း
                                                                               ရဲရင့်လမင်း
                                                                              ၁၉၀၄၂၀၁၄
(Level Crossing = ရထားလမ်းနှင့်ကားလမ်းဆုံရာနေရာ)
*မွေးနေ့အမှတ်တရ* 

No comments:

Post a Comment