ဗလာနယ်တွေထဲခုန်ပေါက်စီးမျောနေ။ရှေ့စာကြောင်းကို နောက်ဝါကျတွေက
လိုက်သတ်နေသလိုမျိုး အဓိပ္ပါယ်ဟာ ရသတစ်ခုဆီ အရည်ပျော်ကျလို့။
တိုင်းပြည်ကိုဘယ်လိုအလင်္ကာတွေနဲ့ တန်ဆာဆင်မလဲ။ပြဒါးအသုတ်ခံထားရတဲ့
အမှန်တရား။ရှေ့လမ်းဆုံမှာ အတိဿယဝုတ္တိ နိုင်ငံရေးတွေပေါတယ်။
ဝိဘစ္ဆရသ ယဉ်ကျေးမှုတွေထွန်းကားတယ်။အနာဟောင်းကိုပြန်ဆွလို့ အနက်ရောင်
အတိတ်ထဲ ပုန်းခိုကြမလား။အမှောင်မလွန်သေးတဲ့ခေတ်ထဲ ပစ္စုပ္ပန်အသစ်တစ်ခုကို
တူးဖော်ကြမလား။ဘာသာက စကားတွေထထပြောလို့ ဘာသာစကားတွေ ဖြစ်လာတာလား။
အဖြေကတစ်ခုမှ နားမရှင်းဘူး။ဘာသာစကားမတူလည်း စစ်ကတော့တိုက်နေတာပဲ။
နာမ်တွေကိုနေရာရွှေ့လိုက်တော့ နာမ်စားတွေက ပါဖောမန့်စ် ပြောင်းသွားတယ်။
ဗို့အား၁၅၀၀နဲ့ စီးဆင်းနေတဲ့ ရိုမန်းတစ်သွေးကြောတွေထဲ ဆောင်းဟာ နှင်းမျက်မှန်ကို
တပ်ပြီး တံစက်မြိတ်အောက်က လှမ်းဝင်လာခဲ့တယ်။
လူတွေဘာလို့တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြပါသလဲ။ကလေးဘဝက
အသိဥာဏ်မျိုးနဲ့ ပြန်ပျော်ချင်တယ် မေမေ။တိုင်တည်စရာမရှိတော့ ကမ္ဘာကြီးကို
နှလုံးသားနဲ့ လက်မခံရဲခဲ့ဘူး။မှားယွင်းရောက်ရှိလာခဲ့လည်း အပြာရောင် Icon
တစ်ခုအဖြစ်သာ ရှင်သန်နေထိုင်သွားချင်တယ်။လူတွေနေတဲ့အရပ်မှာလူတွေကိုပဲ
တွေ့ချင်မိတယ်။တစ်ခုခုကိုလိုချင်နေမိတာ ကဗျာလား။ကဗျာဟာ ကမ္ဘာနဲ့သားစပ်ဖို့
လို/မလို။(✔) over (✖) အမှန်လွန်အမှားတွေနဲ့ ကိုယ့်ဒြပ်ထုကို ကိုယ် အပိုင်တွက်နေကြ။
ကဲ ကဲ`အားလုံးလက်အုပ်ကလေးတွေချီထား။ငါဟာဘုရားဖြစ်တယ်။´
အဲ့ဒီလိုစကားတွေပြောပြီးနောက် သူဟာ စိတ်ကျန်းမာရေးဆေးရုံကို ရောက်ခဲ့ရတယ်။
တစ်ခုတော့မေးချင်တယ်။တကယ်လို့သာ ဝါကျဖွဲ့ထုံးတွေကုန်သွားရင် ကဗျာကိုခင်ဗျားတို့
ဘာဆက်လုပ်ကြမလဲ။အပေါ်သုံးပွဲ အောက်တစ်ပွဲနဲ့ ပူဇော်မလား။ ဖြစ်နိုင်ချေကိုတွေးမလား။
ယုတ္တိကျကျလက်ခံမလား။ဆေးမင်ကြောင်ထိုးတိုင်းသတ္တိရှိတာမဟုတ်ဘူး။
အရေပြားပေါ်ကအရုပ်တွေဟာ လူ့သမိုင်းလား။ကျုပ်လက်မောင်းက `မြို့မငြိမ်း´မှာ
သေနတ်ကြီးနဲ့ ဒါဆို ကိုယ်ဟာ `ချီ ဂွေဗားရား´။အဲ့သလို လှည့်တွေးလိုက်ရင် လူ့အဖြစ်ဟာ
ရယ်စရာကောင်းလွန်းတယ်။ထိုင်ခုံပေါ်မှာထိုင်ပြီး စိတ်ဟာပြတင်းပေါက်ကနေ တွဲလောင်းကျနေတယ်။
စားပွဲပေါ်ကစာအုပ်တွေက အသိဥာဏ်ကို ကိုက်ဖဲ့စားသောက်နေတယ်။
လူဗဟိုပြုစနစ်ကို မျက်နှာကျက်က ကျွမ်းနေတဲ့မီးသီးထဲ ပစ်ထည့်လိုက်တယ်။
အဲ့ဒီအခန်းမှာ ပျော်ရဲ့လား။ပြိုကျလာတဲ့ နံရံတွေကို ရင်နဲ့စီးပြီးတွန်းခံထားလိုက်တယ်။
မြေပုံလက်ထောက်ပြီး ငေးရတဲ့ဘဝ။ဧရာဝတီရေ မင်း ကြားပွဲတွေ ခဏခဏမကန်နဲ့ကွာ။
ဖယောင်းတိုင်မီးတွေထွန်းပြီး လူတွေလမ်းထွက်လျှောက်ကြတာ ပျော်လို့မဟုတ်ဘူး။
အတွေးနှစ်ထပ် စိတ်ကူးနှစ်ထပ် ကြားမှာ အခွင့်အရေးကို ကော်သုတ်ပြီးကပ်ထားတယ်။
အဲ့ဒီကောင်မလေးနှုတ်ခမ်းက သိပ်မိုက်တာပဲ၊အဲ့ဒီကောင်မလေး စကတ်ကသိပ်တိုတာပဲ။
ပုထုဇဉ်ဆိုတော့လည်း ထစ်ခနဲရှိ ပြစ်မှားမိလိုက်ဖို့က ရွာရန် ရာနှုန်း ၈၀။
အခုတလောစိတ်တွေက ဆာရီရယ်လစ်ဇင်သိပ်ဆန်တာပဲ။ငါ့ကိုအမြင်ကတ်တဲ့သူတွေ
များလာလေ ငါကကဗျာတွေကိုပိုရေးလေပါပဲ။တကယ်တော့ ကမ္ဘာကြီး 23½°
စောင်းနေတယ်ဆိုတာ ခင်ဗျားတို့ ကျုပ်တို့ ရွဲ့လို့စောင်းလို့ကောင်းအောင်ပါ။ကျုပ်အမြင်ကတော့
ဗဟိုချက်မမဲ့ပါဘူး။လူတွေဟာ ကမ္ဘာ့ဆွဲအားကို စွမ်းအင်တွေ လောင်စာတွေသုံးပြီး
ဆန့်ကျင်နေကြတာ။ကဲ ဝါကျတစ်ကြောင်းဆုံးပြီ၊လပေါ်ကိုသွားရအောင်။
Ladys & Gentlemen,welcome to Mars.
ရဲရင့်လမင်း
၃၀၁၂၂၀၁၃
No comments:
Post a Comment