Saturday 26 November 2016

၁၀ / မ လ မ


(၁)
တောင်ညိုဟာ သူ့ကျောပေါ်မှာ စေတီပုထိုးတွေကို ထမ်းထားခဲ့
ငါပြန်လာတော့
မြို့ရဲ့ အရပ်မြင့်မြင့် ဗလီတွေနဲ့ ဇင်ယော်ငှက်တွေက ငါ့ကိုစီးကြိုတယ်။
ရှည်မျောမျော သံလွင်ဟာ ငါမရှိတဲ့ အချိန်တွေမှာလည်း
တမေ့တမော စီးဆင်းနေမှာပါ။

တချိန်ကပေါ့ ဒီမြို့ကလေးရဲ့ တိတ်ဆိတ်တဲ့ညတွေမှာ
လမ်းဘေးအုတ်ခုံပေါ်က ဂစ်တာသံတွေကို တေလေဘဝနဲ့ ကောက်ရခဲ့ဖူးတယ်။
စိမ်းစိုစို တောင်ညိုတောင်တန်းကြီးနဲ့ မြို့ကလေးရဲ့ ကမ်းနားလမ်းဟာလည်း
ချစ်သူတွေအတွက် အထင်ကရ ဆိတ်ကွယ်ရာ နေရာတွေပေါ့။
အမှတ်ရစရာတွေ တပုံတပင်နဲ့ အလျော်အစားများတဲ့ မြို့ကလေး။
ဆိုင်ကယ်စက်သံတဝီဝီနဲ့ ဆူဆူညံညံ ယဉ်ကျေးနေတဲ့ မြို့ကလေး။
အစားအသောက်ကို ခုံမင်သူ မြို့ကလေး။
မှောင်နေမှ လှတယ်ဆိုတဲ့ မြို့ကလေး။
ပညာရှိခေါင်းပေါင်း ခပ်ရွဲ့ရွဲ့ စောင်းထားသူ မြို့ကလေး။
သံလွင်ဟာ မြွေတကောင်လို သူ့ကို ရစ်ခွေထားခဲ့ပေါ့။
ပွင့်ပွင့်လင်းလင်း ရှိမှ ကြိုက်တယ်ဆိုတဲ့ မြို့ကလေး။
သူဟာ နှုတ်မဆက်ပဲ ထွက်ခွာသွားသူတွေအတွက်လည်း
ဝမ်းနည်းကြောင်းသဝဏ်လွှာ ပါးတတ်ပြန်ရဲ့။
ဒီလိုနဲ့
တနေ့တခြား အသက်ကြီးကြီးလာတဲ့ မြို့ကလေးအတွက်
ကျွန်တော် ဘယ်နေရာရောက်ရောက် ဆုတောင်းပါတယ်။
ကျွန်တော့်ရဲ့ မြို့ကလေး သက်တော်ရာကျော်ရှည်ပါစေ။

(၂)

သံလွင်မြစ် ရှိတယ်။တောင်ညိုတောင်တန်းရှိတယ်။ကိုငှက်ရှိတယ်။
ဒေါက်တာလှဘေ ရှိတယ်။ အရေပြားအထူးကု ကရင်အမျိုးသား ဒေါက်တာစောဝါးထူး ရှိတယ်။
ကိုငှက်ဆရာ မြူဇစ်ပညာရှင် ဆရာဖရန်စစ် ရှိတယ်။
ပန်းချီဆရာဘယေးညိုရှိတယ်။ ပန်းချီဆရာ မင်းစံရှား ရှိတယ်။ဝေမိုးအိမ် နဲ့ မျိုးမောရ ကဗျာမောင်နှံဖွင့်ထားတဲ့
ကဗျာကဖေးလည်း ရှိတယ်။ကဗျာဆရာ ရွှေမြိုင်မောင်ဖူးဝါ ရှိတယ်။
ကာတွန်းဆရာ CNN(မော်လမြိုင်)ရှိတယ်။ပန်းချီဆရာ ကိုကိုနိုင် ရှိတယ်။
တေးရေး ဘွန်းရှိတယ်။အနောက်တိုင်း ကဗျာအယူအဆ တွေနဲ့ ကျောက်စရစ်လို ကိုဇော်ဇော်ထွန်းရှိတယ်။
လူရွှင်တော်လုပ်နေတဲ့ ဝက်မ ရှိတယ်။စာရေးဆရာ အကြည်တော်
ရှိတယ်။အကြည်တော်ရဲ့ညီ အငယ်ဆုံး ဂီတကဗျာ သြဂတ်စတြာ ဝိုင်းကို တည်ထောင်ထားတဲ့
ဂီတပညာရှင်ဓီရာမိုရ် ရှိတယ်။
ဒရမ်ခေါက်တဲ့ ဂျီယာရောင်းလ် လည်းရှိတယ်။ဂျက်မြသောင်း လည်းရှိတယ်။
ဆေးရုံကားမောင်းတဲ့ ဘာဘူကြီးလည်း ရှိတယ်။
မီးလောင်သွားတဲ့ အောက်ဈေးကြီးလည်း
ရှိတယ်။သင်္ချိုင်းကုန်းကို ဖြတ်ဆောက်ထားတဲ့ မြေနီကုန်းက ရထားဘူတာ။ရာဘာတောတွေကို ဖြတ်ပြီး၊
ကျည်ဆံရာတွေနဲ့ မြို့ထဲကို ပြန်ပြန်ရောက်လာတက်တဲ့ ရေး-မော်လမြိုင်မှောင်ခို ရထားကြီးလည်းရှိတယ်
မြို့ပြင်ထုတ်ထားတဲ့ စက်မှုကျောင်းတွေ။ပိတ်လိုက်ဖွင့်လိုက် နဲ့ ဟင်္သာနှစ်ကောင်စောင့်တဲ့
တက္ကသိုလ်ကျောင်း လည်းရှိတယ်။တောင်ရိုးတန်းနဲ့ ၊ ရှုခင်းသာနဲ့ ၊ မိသားစုနဲ့ ၊
လွမ်းသူနဲ့ ၊ စုံတွဲတွေနဲ့ ၊ တောင်ဝိုင်းတက္ကသိုလ်နားက ရဟန္တာ ငါးရာ ဘုရားမှာ တယောက်နဲ့ တယောက်
ခြေချင်းလိမ်နေတဲ့ အဖန်ငါးရာ ငါးကမ္ဘာရှိတယ်။ရှိတယ်။
ရှိတယ်။ဆိုင်ကယ်စက်သံတဝီဝီနဲ့ မြို့ရဲ့ ညှော်နံ့ကို ယဉ်ကျေးမှုလို့ထင်နေသူတွေ။
ဘာသာစကားမကျွမ်းကျင်ဘဲ ကျူရှင်ပြစားနေတဲ့ ငတိတွေ။လူငယ်တွေစုဝေးရာအရပ်နားမှာ
စားသောက်ဆိုင်လိုလို ဘိ ထောင်စားနေတဲ့ ကောင်တွေ။စိပ်ပတီး လက်မှာချိတ်ပြီး ဖွံကြောင်နေတဲ့
ဘီးကြဲတွေ။မြို့အထာမနပ်ရင် မြို့ဓာတ်လိုက်ပြီး ရှောသွားနိုင်တယ်။ကနခို နဲ့ မြေပဲဆံ မှားစားပြီး
မြို့ကျက်သရေကိုဆောင်နေတဲ့ ဦးထုပ်ချွတ်ရမယ့် လူငယ်တွေရှိတယ်။
မြို့ဟာ အသားကင်နဲ့ ဘီယာကိုလည်း လိုသလောက်ရနေတယ်။မြို့မှာ ရိက္ခာမပြတ်ဘူး။
မြို့ဟာ လောင်စာတွေနဲ့ ဆာလောင်နေတယ်။
မြို့ဟာ မိဘပြည်သူများကို(သမ္မတကြီး လေသံနဲ့ ဖတ်ပါ)အရမ်းလေးစားပါတယ်။
မြို့မှာဆေးရုံ ဆေးခန်းတွေပေါများလာတာဟာ ဒီမြို့လေး မကျန်းမာလို့ပဲ။

ကျန်ရစ်သူဆိုတာ ဘယ်တော့မှ မပျော်ရွှင်ပါဘူး မြို့
လေး ထဲ တိတ်ဆိတ်နေတာပဲ
ကောင်းပါတယ်။

ရဲရင့်လမင်း

ချစ်သောမြို့ကလေးသို့ အမှတ်တရ...

No comments:

Post a Comment