Saturday 26 November 2016

အဝါရောင်မျဉ်းရဲ့အနောက်မှာ ဘယ်သူတွေ ရပ်/ယက် နေလဲ


(ဟိုးရှေးရှေးတုန်းက နွားစီးတဲ့သားအဖ ခရီးထွက်တဲ့အခါ အတူတူနွားစီးလို့သွား
အားလုံးဝိုင်းတားကြ နွားကြီးတော့သနားပါ သတ္တ၀ါ အချင်းချင်း မညှင်းဆဲနဲ့ကွာ)
(ဒီလိုဆိုငါ့သား လမ်းလျှောက်လို့ဆက်သွား နွားကြီးကိုတော့ အဖေစီးခဲ့မှာ
ဒါကိုတောင် အလျှော့မပေး အပြောကတော့မလွတ်သေး ကလေးလေးကိုမှ နှိပ်စက်သတဲ့ကွာ)


ငါ့ကိုယ်ငါ ခိုစာကျွေးလိုက်တယ်။ဆူးလေဟာ ဆန္ဒတွေတစ်ခင်း ပြီးတစ်ခင်း။
မြို့တော်ခန်းမရှေ့က ကတ္ထရာလမ်းကို ငုံ့ကြည့်နေတဲ့ ဧမာနွေလရဲ့ မျက်လုံးတွေ။
ဗန္ဓုလပန်းခြံထဲက ခြင်္သေ့ရုပ်တွေလောက်တောင် ငါတို့ဘဝ (-----)ပါလား။
တရားရှာကိုယ်မှာတွေ့ဆိုလို့ ကိုယ်တွေ့လိုက်တိုင်း မတရားတဲ့ကိုယ်က ခပ်များများ။

(ကြားရတဲ့ စကားတကာ နားကြားပြင်းကပ်လာ လမ်းဆင်းလျှောက်ကာ အတူတူနွားဆွဲလို့သွား
မကြားတကြားထပ်ပြောကြ တုံးလိုက်တဲ့သားအဖ နွားရှိရဲ့သားနဲ့ မစီးဘူးတဲ့ကွာ)
(ဒီလိုဆိုငါ့သား နွားစီးပြီးဆက်သွား နောက်ကနေပဲ အဖေလိုက်ခဲ့မှာ
ဒါကိုတောင်အလျှော့မပေး အပြောကတော့မလွတ်သေး မင်းရဲ့အဖေကြီးကို ပေးမစီးဘူးလား)

ခေါင်းပေါ်ကနေ ကိုယ်ချင်းစာတရားတွေ လောင်းချပြီး ခင်ဗျားတို့ကို ကမ်ပိန်းလုပ်လိုက်တယ်။
စိတ်ကို screw driver မှာတပ်ပြီး ဘဝထဲ မြုပ်ဝင်နေတဲ့ သွေးတစို့စို့ နာကျင်မှုတိုင်းကို တရစ်ချင်းလှည့်ထုတ်နေမိ။
ရုတ်တရက်ပွင့်ထွက်သွားရင် ပင့်သက်တွေချည်းပဲ ကန်ထွက်လာမှာ မဟုတ်လား။
ရှိသမျှဒုက္ခနဲ့ application တွေလုပ်ပြီး ငတ်မွတ်ဂိမ်းတွေ ဆော့ကစားရအောင်။

(ကြားရတဲ့စကားမှာ နွားကြားကတင်းလာ စကားများကြတာကွာ လူတွေရူးများနေလား
ဒီလောက်ဖြစ်တဲ့သားအဖ ရှင်းမရတဲ့ ဒုက္ခ ဒီနှစ်ယောက်လုံးပဲ ငါစီးသွားမတဲ့ကွာ)

အောက်ပါမေးခွန်းများကို သင်တို့ကိုယ်တိုင် သုတေသနပြု၍ ဖြေဆိုပါ။
-ခေတ်သစ်ပညာရေးစနစ် မည်သည့်နေရာတွင် Lock ကျနေပါသနည်း။
-မည်သည့်အတွက်ကြောင့် ရွှေရည်စိမ်ဒီမိုကရေစီစနစ်ဟု သုံးနှုန်းခေါ်ဆိုလာကြပါသနည်း။
-အာဏာဆိပ်မိထားသော အထက်/အောက် သွေးကြောများ အချိန်မည်မျှအထိ အေးခဲနေမည်နည်း။
-နိုင်ငံတော်အတွင်း သွယ်တန်းထားသော ဘာသာရေးပိုက်လိုင်းများ အဘယ့်ကြောင့် ပေါက်ထွက်နေပါသနည်း။

(လားလားလား လာ့လား၊လားလားလာ့ လာလား၊လားလာ့ လာလား၊လားလားလာ့ လား)

ရဲရင့်လမင်း

© လက်သည်းကွင်းထဲမှ စာသားများသည် တေးရေး အရိုး ၏ `ပတ်ဝန်းကျင်´
သီချင်းထဲမှ စာသားများဖြစ်ပါသည်။

No comments:

Post a Comment