အဲဒီမှာ ညှီစို့စို့ရနံ့နဲ့ ရေခဲရိုက်ထားတဲ့ မေတ္တာတရားတွေရှိတယ်။
အဲဒီမှာ ဗိုက်မဆာအောင် ကော်ရှုနေကြတဲ့ ဘူတာကြီးနားက မိဘမဲ့ကလေးတွေရှိတယ်။
အဲဒီမှာ အနုပညာနောက်ကျောက ထိုးသွင်းဒဏ်ရာနှစ်ချက်နဲ့ အဖေါ်အချွတ် ဇာတ်ဝင်ခန်းတွေရှိတယ်။
အဲဒီမှာ အော်ပရေးရှင်းမလုပ်ရသေးတဲ့ အထက်လန်အောက်လျှော ချစ်ခြင်းတရားတွေရှိတယ်။
အဲဒီမှာ ချုပ်ရိုးဖြည်ဖို့မေ့နေတဲ့ နေ့စေ့လစေ့ သစ္စာတရားတွေရှိတယ်။
အဲဒီမှာ အတ္တတွေနဲ့ ခုန်ပေါက်နေတဲ့ ခရိုနီမြင်းတွေရှိတယ်။
အဲဒီမှာ ရောင်းသူဝယ်သူအသံတူ နှစ်ဆယ့်တစ်ရာစုရဲ့ လောဘမှန်ကူကွက်တွေရှိတယ်။
အဲဒီမှာ အလိုလည်းမကျ အပိုလည်းမရတဲ့ စပ်ကူးမက်ကူး မြို့ပြညတွေရှိတယ်။
အဲဒီမှာ ဈေးပေါင်ကျိုးနဲ့ ချရောင်းခံလိုက်ရတဲ့ ခပ်ညံ့ညံ့ ဦးခေါင်းခွံတွေရှိတယ်။
အဲဒီမှာ လူစဉ်မမီလို့ လူရာအသွင်းမခံရတဲ့ အတွေးစုတ်ဖွားနဲ့ မြို့ကြီးသားတွေရှိတယ်။
အဲဒီမှာ မှိုစော်နံနေတဲ့ အောက်သိုးသိုး ညစာစားပွဲတွေရှိတယ်။
အဲဒီမှာ ကိုယ့်ဗုံကိုယ်တီး ကိုယ့်အမြီးကိုယ်ခါ ကိုယ့်ဂီတကိုယ်မသိတဲ့ တစ်ကိုယ်ကောင်းသမားတွေရှိတယ်။
အဲဒီမှာ နောက်ဖေးလမ်းကြားထဲ ဆာလောင်နေတဲ့ ကလေးငယ်တွေရဲ့ ပင့်သက်မောမျက်ဝန်းတွေရှိတယ်။
အဲဒီမှာ ခင်ဗျားနဲ့ကျုပ် သဘောထားခြင်းမတိုက်ဆိုင်တဲ့ ခေတ်ပြိုင် ကဗျာလောကလည်းရှိတယ်။
အဲဒီမှာ လက်မထပ်ရသေးတဲ့ ချစ်သူနှစ်ဦးရဲ့ အိပ်ရာဝင်ပုံပြင်တွေလည်းရှိတယ်။
အဲဒီမှာ လူပြောသူပြောများတဲ့ သမ္မတကြီးရဲ့ ဆင်ခြင်တုံတရား ဆိုတာလည်းရှိတယ်။
အဲဒီမှာ ကျုပ်သိပ်နားမလည်တဲ့ အနုပညာနဲ့ငွေကြေးကြားက ဟနေတဲ့တံခါးတစ်ချပ်လည်းရှိတယ်။
အဲဒီမှာ ကိလေသာရွာထိပ်ကမည်းမည်းမြင်ရာထိုးဟောင်တက်တဲ့သံသယခွေးဟောင်သံတွေလည်းရှိတယ်။
အဲဒီမှာ ကာလရေတိမ်နစ်နေရှာတဲ့ ကျေးလက်က အဖြူထည်ဘဝတွေလည်းရှိတယ်။
အဲဒီမှာ အဲဒီမှာလို့ ပြောပြောနေတာ အဲဒီအကြောင်းအရာတွေဟာ ငါ့အတွေးကိုလာလာရိုက်ခွဲနေလို့ဘဲ။
တကယ်တော့ အနာတွေများလွန်းလို့ ခုန်ထွက်သွားတာပါ ကဗျာဆရာဆိုတာ ရင်ဘတ်မလုံဘူးတဲ့
ဟုတ်မှာပါ ခေတ်ကြီးရဲ့ရှိုက်ထုတ်လိုက်သမျှ သက်ပြင်းတွေထဲ စကားလုံးတွေဟာ သူ့အလိုလို
ကျ ကွဲ လို့ ။ ။
ရဲရင့်လမင်း
No comments:
Post a Comment