Saturday 26 November 2016

အချစ်+ကဗျာ


စကားလုံးတွေ ရွှေရောင်သန်းနေမှ ချစ်ခြင်းက လူရာဝင်သတဲ့လား။
ငွေကြေးကထမ်းထုတ်သွားတဲ့ ဘဝတွေအတွက် ဘယ်တရားကို ဘယ်နတ်တွေကများစောင့်ပါသလဲ။
အချစ်ကို လူကူးမျဉ်းကြားမှကူးဖို့ မေတ္တာတရားကိုဈေးကြီးကြီးပေးဝယ်ဖို့ ဘဝဟာ သုံးနားမညီခဲ့ဘူး။
သစ္စာတရားဟာ မီးပေါင်မပြည့်ခဲ့ဘူး။အောက်ဆီဂျင်မဝရှာတဲ့ ရေဆိုးမြောင်းထဲက ငါးတစ်ကောင်လို။

မှင်မလိုက်တော့တဲ့ ဘောလ်ပင်တစ်လက်လို အခန်းပျက်နေတဲ့ ဘက်ထရီတစ်လုံးလို
ငါဟာ ဒုက္ခတွေနဲ့ အမှည့်လွန်နေတဲ့ကောင်ပဲ။နင့်အတ္တတွေ တစ်ပတ်ပြည့်ဖို့
ငါ့နှလုံးသားကို နာနာကျင်ကျင်တိမ်းစောင်းပေးခဲ့တာ။ကံကြမ္မာကသာ ဘီလူးဆိုင်းမတီးခဲ့ဘူးဆိုရင်
ဒီဇာတ်မှာ ငါကလည်း ထီးတော်မိုး၊ပန်းတော်ဆက်ပေါ့။
အခုတော့ ဒေဝဒတ် မြေမျိုတဲ့အခန်းရောက်မှ အကယ်ဒမီ လာပေးချင်နေကြတယ်။
ဘယ်နတ်၊ဘယ်လူဟာ ဘယ်အချိန်မှာ ဘယ်လိုသာဓုကိုခေါ်မှာလဲ။
အပူအအေးမမျှတဲ့ ဝန်းကျင်မှာ ငါဟာ အက်နေတဲ့ ဖန်ခွက်တစ်လုံးပဲ။
နင့်အိမ်မက်တွေ ရွှေချဖို့ လူမသိ၊သူမသိ သစ်စေးဘဝနဲ့ တိတ်တိတ်လေး မှောင်နေတဲ့ကောင်။
အဆင်မပြေမှုက နာတာရှည်ရောဂါလို ဘဝပေါ် အစွဲအလန်းကြီးလွန်းလှ။
မေတ္တာတရားကလည်း နတ်ဝင်သည်ပါးစပ်က စကားလုံးတွေလို ပူဇော်ရန် အထူးခက်လှသည်ပေါ့။
မောဟဆိုတဲ့ရဟတ်မှာ သောကတွေကလည်းတစ်ပတ် ပြီး တစ်ပတ် သံသရာဆိုတဲ့ စက်သီး မရပ်သေးသ၍။
ဘဝဟာ အံစောင်းများရာလား။ရေတိမ်မှာ နစ်ချင်လို့မရ။
ဖွာရှိုက်လိုက်သမျှ အငွေ့တွေမှာ တစ်သားမွေးတစ်သွေးလှ ဖမ်းစုပ်ရန် အထူးခက်လှသည်ပေါ့။
အခွံချည်းသက်သက် တိမ်တွေရဲ့ နံရံမှာ ငါ့နာမည်ကို ဗလာဆန်ဆန် ရေးထိုးပေးကြပါ။
ဒါ ဘယ်သူ့ပယောဂလဲ။နှလုံးသားကို အပ်စိုက်ကုပါ။ဘဝကို အပ်စိုက်ကုပါ။ကမ္ဘာကြီးကို အပ်စိုက်ကုပါ။
ဒဏ်ရာက တိုင်းရင်းဆေးနဲ့မတိုးတော့ဘူး။အရှိတရားကို ဖြတ်လိုဖြတ်၊ညှပ်လိုညှပ်၊ကပ်လိုကပ် လုပ်ခဲ့သူကြီး။
အခုတော့ ဘဝကို ကဗျာဆိုတဲ့ နံရံမှာ ချိပ်လိုချိပ်၊ဆွဲလိုဆွဲ၊စောင်းလိုစောင်း၊တည့်လိုတည့်။
ကံကကြမ္မာက ဆင်တစ်ဖက်၊မြင်းတစ်ဖက်နဲ့ အညတရဆောင်းမှာ ဒုက္ခတွေ နှင်းမကွဲသေးဘူး။
အရိုးကြေကြေ၊အရေခမ်းခမ်း အဝိဇ္ဇာမြို့ရိုးမှာ အတ္တတွေ ဘုံကြိုးမပြတ်သေးဘူး။
ချစ်ခြင်းမေတ္တာဟာ နတ်ဆောင်ဓါးလိုပဲ လူမသုံးလို့ တက်နေတဲ့ သံချေးတွေနဲ့ ဓါးအိမ်ထဲမှာ။
အိပ်ကပ်ထဲ စမ်းကြည့်တော့ ကြယ်တွေလည်း ခမ်းနေပြီ။ဒီနေ့လည်း လမ်းလျှောက်ပြန်မယ်။
အန္ဓတစ်ယောက်ရဲ့ ခန္ဓာအိမ်နဲ့။ခြေထောက်တွေက စိတ်ရဲ့သယ်ဆောင်ရာဆီ
တိမ်တွေကိုမော့ကြည့်
တိုက်တွေကိုမော့ကြည့်
ဘဝတွေကိုမော့ကြည့်
ကြိုးပြတ်သွားတဲ့ စွန်ကလေးဟာ ကျိုးကျသွားတဲ့ သစ်ကိုင်းမှာ နားခိုခွင့် ရှိ / မရှိ ။

ရဲရင့်လမင်း

No comments:

Post a Comment