Saturday 26 November 2016

အာ ဂ န္တု တစ် ယောက် ၏ နေ့ စွဲ များ



လေထဲကိုမြှောက်တင်မယ့် အကြွေစေ့ကလေးရဲ့
ခေါင်းနဲ့ပန်း
တစ်ဘက်စီမှာ ဘယ်လိုအရာမျိုးကို ခင်ဗျားတပ်ဆင်စေချင်သလဲ။
.
ဒီနေ့လောက်တိတ်ဆိတ်တာ ဒီနေ့ပဲ ရှိတယ်။
မီးမလာဘူး။
ဖုန်းအားမရှိဘူး။
ကြားနေရတဲ့အသံက Loading...
အိတ်ကပ်ထဲ အိုးထိန်းသည်လို ငွေကြေးများ။
မျက်နှာသစ်ကတည်းက ငါ့အတ္တကို နှစ်ကုဗလောက် ဖောက်ချခဲ့ပြီးပြီ။
ရောဂါအသစ်ဆိုရင်တော့ ရင်နာနာနဲ့ ထပ်ယူချင်ပါသေးတယ်။
စားပွဲပေါ်မှာ လျှပ်စီးပတ်လမ်းသေနေတဲ့ နားကြပ်လေးတစ်စုံ။
၂၄နာရီမှာ နှစ်ကြိမ်တိတိမှန်တဲ့ လက်တံ နှစ်ချောင်းနဲ့ နာရီစင်ကြီး။
လမ်းတွေကွေ့ကောက်သလို မြင်ကွင်းကို လည်း အထိုင်မချပဲတွန့်ခေါက်ထားလိုက်မယ်။
ခြေထောက်ကို အပြာရောင်သုတ်ပြီး ပလက်ဖောင်းပေါ်တင်ပေးလိုက်။
ရှေ့နောက်ဝဲယာ သံသယ ကိုပဲ အဖေခေါ်နေရတဲ့ ကမ္ဘာကြီး။ဆိုတော့ကာ
ငါ့စိတ်ထဲ ကမ္ဘာကြီးလည်း ကပ်ချလာဘဲ။
ငါစောင်းနေကြထီးကို ငါရိုက်ချိုးပစ်လိုက်ပြီ။ငါလှုံနေကြမီးကို ငါငြိမ်းသတ်ပစ်လိုက်ပြီ။
အရည်ညှစ်ချသလို ညှစ်ချတာတောင် တစ်စက်ကလေးမှ မရခဲ့တဲ့ မေတ္တာတရား။
ကုသိုလ် ဆိုတာ ငါ့အတွက်တော့ ရှားပါးပစ္စည်းပဲ။မလိုအပ်တဲ့ ဇာတ်ဝင်ခန်းပဲ။
တောင်ကုန်းပေါ်က လေက ဝင်လေ။
တောင်အောက်က လေက ထွက်လေ။
ဒီနေ့ကိုက အကျဉ်းထောင်ဆန်ဆန် တိတ်ဆိတ်နေတာ။
.
တိတ်ဆိတ်နေတဲ့ တစ်ကိုယ်ရေစာအခန်းကျဉ်းကလေးထဲ အနားစမတူတဲ့
ပတ်ဝန်းကျင်နှစ်ခု က အသက်ဝင်နေတယ်။
တစ်ယောက်က ဘိုဖြူ ၊ တစ်ယောက်က မျိုးကြီး။
ညှိမရရင် အလွတ်သာထဆဲ ။ နွားကျောင်းသားဖြစ်ဖြစ် ၊ ဘွဲ့ရဖြစ်ဖြစ်
အားလုံးဟာ ဒီဗူးထဲက မီးခြစ်ဆံတွေ။ထစ်ခနဲဆို ထတောက်ဖို့ အသင့်အနေအထား၊
အိမ်လွမ်းနာကျနေတဲ့ ရင်ဘတ်နဲ့ ၊ အနှိမ်ခံဖို့ အသင့်ဖြစ်နေတဲ့မျက်နှာနဲ့
ငါတကော ကောနေရင်တော့ေ -ာတွေလည်း နာနေပါ့မယ်။
နငယ်နဲ့ နွားတဲ့ နွားတွေ နွားတပ်မတော်ကြီးကိုချီလာပြီ။
၂၀၁၄ဟာ နွားချီးစော်တွေနံတယ်။
ပျင်းလို့အပြင်ထွက်မိတော့ လမ်းပေါ်မှာ အဝယ်လိုက်နေတဲ့ အမဲသားတွေ။
ရထားတဲ့ဘဝက ဈေးကြီးလိုက်တာ။
တစ်ယောက်အလံ တစ်ယောက်လုရင်း မြင်းနှစ်ဟာ နွားနို့နံ့တွေထွက်လာတယ်။
.
နို့နံ့မစင်သေးတဲ့ တရုတ်ပြက္ခဒိန်ပေါ်က
ယုန်လေးတစ်ကောင်ကို ကင်းဗတ်စမှာ  ချဆွဲလိုက်တယ်။
ယုန်ကလေးဟာ ဝပ်ကျင်းထဲကနေ အပြင်ကိုထွက်ရာလမ်းတစ်လျှောက်။
မှီရာ သစ်ရွက် ကလေးတွေကို ကိုက်ပြီး လမ်းတစ်ခုပြုလုပ်ခဲ့ကြောင်း။
ဆရာချောသစ်ပင်ပေါ်မှာ ရေညှိဖတ်ကလေးဖြစ်ခွင့်ရတဲ့ အနေအထား။
ကဗျာကိုဖတ်နေရင်း စိတ်တွေက အမေ့ဆီရောက်ရောက်သွားတယ်။
အခုတော့ မလေးရှားအလံကို မလုံမလဲမျက်လုံးတွေနဲ့ မော့မော့ကြည့်နေရတယ် အမေ။
ပန်းချီကားထဲက ယုန်ကလေးဟာ ကျွန်တော်ကိုယ်တိုင်ပေါ့ ။
.
ကျွန်တော်ဟာ ပြည်ပရောက်နေတဲ့ ယုံလေးတစ်ကောင်များလား။
မြေပုံထဲက ရထားလမ်း၊ကားလမ်း၊လှည်းလမ်း၊စေတီ ကွန်တိုသင်္ကေတတွေမြင်တိုင်း ရောက်ခဲ့ဘူးတဲ့
ရွာတွေကို သတိရတယ်။ရွာထဲကို ဝင်လာတဲ့ အဖြူရောင် သူပုန်တွေ။
ခေါင်းကို ခွင့်ပြုတော့လက်၊လက်ကိုခွင့်ပြုတော့ ကိုယ်၊ကိုယ်ကို ခွင့်ပြုတော့ ခြေထောက်။
ရွာထဲမှာ ရွာသားတွေ ရှားပါးလာတယ်။အခုရွာထဲမှာ အမြီးနံ့နေတာ
ဘယ်လို သတ္တဝါတွေလဲ။သဲကန္တာရထဲက ငါတို့အသံတွေကိုရော ကြားကြရဲ့လား။
အကြောင်းအရာက ဂူဂဲလ်နံရံကနေ ပဲ့တင်ပြန်ထွက်လာတယ်။
အောက်ဆီဂျင်မဝတဲ့ အဆုတ် ရဲ့ကြွက်သားတွေကနီကိုတင်းကိုတော့လက်ခံလျှက်။
သတင်းခေါင်းစဉ်က မိုးလေဝသ။ကြေ ငြာသွားတာက မုန်တိုင်းတစ်ခုရဲ့နာမည်။
မြို့တွေ၊ရွာတွေက မြေပုံထဲမှာတော့ ငြိမ်းချမ်း တိတ်ဆိတ် တရား မျှတ လွတ်လပ် ဖွံ့ဖြိုး။
.
ရွတ်ဆိုစရာ ဂါထာက တကြောင်းတည်း။သဗ္ဗေသတ္တာ ကမ္မသကာ။
.
Up to date မဖြစ်တော့တဲ့ကိုယ်ကျင့်တရားနဲ့
မွေးကတည်းက ကြောင်နေတဲ့ငါးပါးသီလနဲ့
အသံတစ်ဘက်ပဲ မြည်တော့တဲ့ကိုယ်ချင်းစာစိတ်နဲ့
လေတိုက်တိုင်း တဖျတ်ဖျတ်ခါနေတဲ့ ဖိတ်စာနှစ်စောင်။
တစ်စောင်က ငရဲပြည်က ၊ တစ်စောင်က ကောင်းကင်ဘုံက။
.
ပို့လိုက်တဲ့လိပ်စာအတိုင်း ဘဝဟာ စာအိတ်ထဲက ခုန်ထွက်လာတယ်။
ရုပ်ရှင်ကြည့်ပြီးရူးရတာလည်း ဘဝရဲ့ ရသတစ်မျိုးပေါ့။
စိတ်ထဲကျွန်းငုတ်ကြီးတွေကိုပဲ စွဲနေရင်တော့ ဒီကောင့် စိတ္တဇကမသေးဘူး။
ခေါင်းကမီးတွေထတောက်နေတာတောင် ငါ့ဘဝင်ကိုလာလာ လှုပ်နေဆဲဝဋ်နာကံနာပျော်စရာတွေ။
တင်းနေတဲ့အကြောကို ရေနွေးနဲ့ ဆေးဆေးချနေရ။
ငိုလိုက်ရင် မျက်ရည်ကမထွက်ဘူး။
ခေါင်းမာတယ်။
ဂေါက်ကြောင်တယ်။
မိတ်ကပ်ကိုမုန်းတယ်။
ဆင်းရဲ မွဲတေမှုပပျောက်ဖို့ ရယ်ဒီမိတ် ကျည်ဆံတွေပဲလိုတယ်။
အသင့် ဖျော်ပြီးသား အာဏာရည်တွေပဲ လိုတယ်။
တစ်ယောက်က နွားနို့ဆို တစ်ယောက်က မင်းဂွတ်သီး။
တစ်ခြင်းထဲ ခွပ်နေတဲ့ ကြက်တွေကို သတ်စား/တစ်ကျင်းထဲ ဝပ်နေတဲ့ကြက်တွေကို သတ်စား။
အဆိပ်။ဇာတ်တူသား။ချီထားတဲ့လက်အုပ်။
အိန္ဒိယက စမူဆာ။တရုတ်ပြည်က အီကြာကွေး။ ပို့စ်မော်ဒန်သတ်ကွင်းထဲက ရယ်ဒီမိတ် နာကျင်မှုများ။
.
မွေးကတည်းက ရှော့ခ် ရိုက်ခံထိထားတဲ့ စိတ်ဓာတ်အကြမ်းထည်တွေ။
ရှုထောင့်တစ်ခုထဲကကြည့်ရင်တော့ ခင်ဗျားရဲ့ ယဉ်ကျေးမှုလည်း သေဆုံးနေပါကြောင်း။
မစားလိုက်ရတဲ့ ထမင်းတစ်နပ်အတွက် ကျန်တဲ့အချိန်တွေကိုဖြုန်းတီးပစ်ရန်မသင့်တော်ကြောင်း။
ဆောက်လက်စ တိုက်ကြီးတွေ အဆုံးမသတ်နိုင်တာမြင်တိုင်း အထီးကျန်မှုကအပေါ်ယံဆန်လာကြောင်း။
နေ့မစေ့ လမစေ့ပေါက်နေတဲ့ ဗုံးတွေက ငါတို့ရဲ့ ညစာနဲ့အတူ ငါတို့ထမင်းဝိုင်းကို တိတ်ဆိတ်စေကြောင်း။
စကြဝဠာတိုက်တစ်သောင်းထဲက လူတွေနေတဲ့ စကြဝဠာတစ်ခုပေါ်မှာငါတို့တွေလူလိုနေထိုင်သင့်ကြောင်း။
တကယ့်အရှိတရားဟာ စီးကရက်မီးခိုးတွေလောက်တောင် မသေချာကြောင်း။
ကားနင်းလို့ပြားသွားတဲ့ ဘီယာဘူးခွံကလေးကို မှန်ဘောင်နဲ့ထည့်သိမ်းထားလိုက်ကြောင်း။
အနုပညာဆိုတာ ကျက်မှတ်ထားဖို့ မဟုတ်ကြောင်း။
Myanmar Celebrity ထဲမှာ လိုင်းမကောင်းတဲ့ မော်ဒယ်တွေ များပြားလာကြောင်း။
ဒီတစ်ခါ ဦးရှင်ကြီးကို iPad နဲ့ ပင့်မယ်ဆိုတဲ့ ဘိုးတော်တစ်ယောက်အကြောင်း။
မြင်ကွင်းက အဲ့သလိုကို ရယ်ရတယ်ဆိုတဲ့အကြောင်း။သာပါကြောင်း၊မာပါကြောင်း။
အမျိုးကိုချစ်တဲ့ မျက်ကန်းတွေအကြောင်း။ ဘာသာကိုချစ်တဲ့ မျက်ကန်းတွေအကြောင်း။
အကြောင်းအရာ စုံလင်စွာ - အကြောက်တရား စုံလင်စွာ
အိပ်မက်မက်တယ်။
.
အဲ့ဒီနေ့ညက ကမ္ဘာ့ဖလားမှာ ဂျာမနီ ဗိုလ်စွဲသွားတယ်။
ပြန်အိပ်လို့မရဘူး။မျက်နှာကျက်က ဒရဝမ်မီးအိမ်ဟာ လှုပ်နေသလို။
အခန်းရဲ့ နံရံတွေကလည်း မီးရောင်ဖျော့ဖျော့နဲ့ ရွေ့နေတယ်။
ပြတင်းတံခါးခန်းဆီးစနောက်ကွယ်က တစ္ဆေတစ်ကောင်ကို မြင်ကြလား။
ဘယ်သူမှမရဖူးသေးတဲ့ လွတ်လပ်မှုမျိုးကို လိုချင်နေတာလည်းလောဘတစ်မျိုးပါပဲ။
အဲ့ဒီစိတ်နဲ့ပဲ သံသရာက ကွက်ကျားမိုးရွာပြီး စိုထိုင်းစများနေသယောင်ယောင်၊
လိပ်ပြာဟာ လွင့်ထွက်သွားပြန်တယ်။နူးနူးညံ့ညံ့လေးပဲ ဆိုပါတော့။
.
ဖြေးဖြေး နဲ့  နှေးနှေး လေးပဲဆိုပါတော့။
ကမ္ဘာ့သမိုင်းထဲက ကိုလံဘတ်စ်ဟာ အခုထိ နယ်မြေသစ်တွေရှာနေတုန်းပဲလား။
ဥသျှစ်သီးကြွေတာကို မြေပြိုတာဆိုပြီး အခုထိ ပြေးနေကြတုန်းလား။
လစ်ဗာပူးလ်မြို့ရဲ့ လမ်းကြားလေးထဲက ပန်းချီဆရာကြီး မစ္စတာဘားမန်းရဲ့ ` နောက်ဆုံးသစ်ရွက်´
လေးကိုတော့ ငါ့ရင်ဘတ်ထဲမှာ သိမ်းထားဆဲ။
ငါတို့တွေဟာ လူသားတွေ ဂယ်လီလီယိုကို မသိတာ အပြစ်မဟုတ်ဘူး။
ငါတို့လက်ထဲက ဓမ္မ နဲ့ အဓမ္မကို ဘယ်မျှော်စင်ပေါ်တက် ပြီး ပစ်ချဖူးသလဲ။
တရားရှိနေရုံနဲ့ မတရားမှုဟာ သူ့အလိုလို ဆုတ်ယုတ်သွားပါသလား။
အခု ခင်ဗျားဖြတ်သန်းနေတာ ခင်ဗျားရဲ့ သမိုင်းပဲ ။
အခု ခင်ဗျားရေတွက်နေတာ ခင်ဗျားရဲ့ အကုသိုလ်တွေပဲ။
အခု ပန်းထွက်နေတာ ခင်ဗျားကိုယ်ထဲက သွေးတွေပဲ။
ဆီ ရေ လေ ဝိုင် အားလုံးကောင်းတယ်မဟုတ်လား။
တချို့ကိစ္စတွေမှာ Spider Man ကသိပ်တော်တာပဲ မေမေ။လို့။ပြောခွင့်မှမရှိတာ။
ကလေးလေးတစ်ယောက်ရဲ့ လွတ်လပ်မှုထဲ ဘဝနေ့တွေကို ပို့ဆောင်ထားမိတယ်။
ကားဟွန်းတီးသံတွေကြားကနေပဲ မြို့ကို နယ်မြေသစ်တစ်ခုလိုငေးကြည့်ပြီး။
ဆင်ခြေဖုံးရပ်ကွက်ထဲ အရိပ်တစ်ခုဖြတ်ဝင်သွားသလိုလို မြင်ကွင်းကျဉ်းကို
ပရော်ဂျက်တာရဲ့ မီးသီးမှာ အတွေးအခေါ်အစုတ်အပြတ်တွေ တပ်ပြီး
မြင်ကွင်းကို ကျယ်ထုတ်လိုက်တယ်။
.
ပြကွက်တွေကြည့်ကောင်းတယ် ကြည့်မကောင်းဘူးဆိုတာ ကြည့်သူခင်ဗျားနဲ့ပဲဆိုင်တယ်။
တစ်ချို့ပြကွက်တွေကို ခင်ဗျားကြိုက်ကောင်းကြိုက်ပါလိမ့်မယ်။
တစ်ချို့ပြကွက်တွေကတော့ ခင်ဗျားကို ဖျော်ဖြေနေတာမဟုတ်ဘူးဆိုတာ
ခင်ဗျားသိထားစေချင်တယ်။တိတ်တိတ်ဆိတ်ဆိတ်ပါပဲ နံရံပေါ်ကအရိပ်တွေကို
ပိုဇေရှင်မမှန်တဲ့ လက်တွေနဲ့ လိုက်ဖမ်းနေလိုက်တယ်။
.
လည်နေတဲ့ပန်ကာဟာ ဘာလဲ။ငြိမ်နေတဲ့လေဟာ ဘာလဲ။
အညံ့ထဲ အဖျင်းကိုထိုးထည့်ပြီး ကြမ်းပြင်ပေါ်တစ်ကိုယ်တော်စိုက်ဝင်နေမိတဲ့ အဖြစ်။
ဧကစာကျင့်ဝတ်နဲ့ အညီ မလျှော်ရသေးတဲ့ အင်္ကျီတစ်ထည်ကိုနေထုတ်လှမ်းလိုက်တယ်။
ဧရာဝတီ ထဲပြုတ်ကျနေတဲ့ တိမ်တွေကို ငါမတွေ့ရတာ ကြာပါပေါ့လား။
ခြံစည်းရိုး ထိပ်က မပုကြွယ်နဲ့ ခရုငယ်လေးလည်း Shopping Mallထဲရောက်နေပြီ။
ငါဟာသွေးကင်ဆာနဲ့ သေတော့မယ့်လူတစ်ယောက်လို့ပြောရင် ခင်ဗျားတို့ဝိုင်းသနားကြမှာလား။
ငါ့ရဲ့ရှေ့သွားတွေက ခေတ်ကိုခံပတ်ဖို့ အသုံးဝင်သေးတယ်ဆိုတာလောက်တော့ သိထားလိုက်ပေါ့။
.
နာဇီတွေလိုအလေးမပြုတတ်ဘူး။
ထိုင်းလို လက်သုံးချောင်းတော့ထောင်တတ်တယ်။
တစ်သျူးလိုပဲ ရေစိုမခံတဲ့လူငယ်။
တိတ်ဆိတ်မှုကိုရဖို့ ဘာတွေကို အကာအကွယ်ယူနေတာလဲ။
မထင်မှတ်တဲ့မေးခွန်းတွေက ကျောင်းသားဘဝက ကျောက်ဆောင်တွေကိုလာရိုက်ခတ်နေတယ်။
နေ့ထူးနေ့မြတ်တွေ ရှိသည်/မရှိသည် ဖြစ်စေ။ဆုတောင်းသံတွေကိုတော့ ကြားကြရမှာပါ။
မိမိဝင်ရိုးပေါ်မှာမိမိ ဗဟိုပြုပြီးလည်နေတဲ့ ကမ္ဘာထက်။
ဘယ်ကောင်တွေက အကြောထောင်ပြီး ဗဟိုချက်မဲ့ချင်နေတာလည်း။
ဘာသာမဲ့တိုင်း ဆောက်တည်ရာမမဲ့ဖို့။
‘I hate  Monday’ ဆိုပြီး အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ မပစ်ခတ်ဖို့။
ဆိုက်ကိုဖောက်နေတဲ့ စိတ်နဲ့ ပြတင်းတံခါးတွေ မဖွင့်ဖို့။
.
ဘဏ်အရှေ့မှာ ကားတစ်စီးထိုးရပ်။ဖွင့်ထားတဲ့ သီချင်းက Let's go Let'sgo
သေနတ်ကိုယ်စီနဲ့ လူတစု ဘဏ်ထဲပြေးဝင်သွား။
အားလုံးအငြိမ်နေ။အပေါ်ကို မော့မကြည့်ကြနဲ့။
ဓားပြတွေက မျက်နှာဖုံးတွေနဲ့ ။
ကြည့်နေရင်း မီးပျတ်သွား ။အခွေက အခုထိထုတ်လို့မရသေး။
ဘေးအိမ်ကလူက အသံသေးအသံကြောင်နဲ့ ထအော်။ သြော်...
ခွက်ထဲရေတစ်စက်မှမရှိတာလည်း စိတ်ကိုခမ်းခြောက်စေတာပါပဲ။
.
ငါဆိုတဲ့ အဓိပ္ပါယ် ကို ခင်ဗျားတို့ပဲ ဖွင့်ကြည့်လိုက်ပါတော့။
ငါဟာ ငါကိုဖွင့်ဖို့အတွက် သော့တုပဲ။
ငါ့ရုပ်ဟာ ငါ့နာမ်ကြောင့်ပွင့်နေတယ်။ငါ့နာမ်ဟာ ငါ့ရုပ်ကြောင့်ပွင့်နေတယ်။
အပွင့်စနစ်ထဲမှာ လက်နက်တွေမပါဘူး။ကျည်ဆံတွေမပါဘူး။အုပ်စုဖွဲ့အဓမ္မကျင့်ခြင်းတွေမပါဘူး။
မတရား ဖိနှိပ်စော်ကားခြင်းတွေမပါဘူး။သွေးဆာနေတဲ့ မြင်ကွင်းတွေလည်းမပါဘူး။
ကလေးငယ်နှစ်ယောက်ဟာ မိဘမဲ့အိပ်မက်ကို ရေမြောင်းထဲဆင်းအိပ်ပြီးမက်နေရ။
လေထဲမြောက်တက်သွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း ဟော့ဒီလျှာကြီး
ပြတ်ထွက်သွားတဲ့အထိ ငါဆက်ပြောမယ်။ငါတစ်လှမ်း ။ ငါ့အတ္တတစ်လှမ်း ။
ငါတစ်ခွန်း။ငါ့အတ္တတစ်ခွန်း။တစ်လုတ်စားဖူး ငါ့ကျေးဇူးဆိုသော
ငါတွေချည်းခြေချင်းလိမ်နေတဲ့ လောကီထုပ္ပတ္တ လူတို့ဇာတ်မှာ...
.
ငါဆိုတာ ရွေဘော်စာတွေနဲ့ လုပ်ထားတဲ့ လှေတစ်စင်းလိုပဲ။
နာကျင်မှုတွေနဲ့ တစစနစ်မြုပ်နေတဲ့ ကိုယ်ထည်ကြီး။
ငါ့မျက်ရည်မှာ အငန်ဓာတ်တွေကဲလိမ့်မယ်။
ချထားတဲ့ ကျောက်ကြိုးကို ဖြတ်ပစ်လိုက်ပြီ။ရေပြင်ထက်မှာလည်ထွက်နေတဲ့ ငါတွေ။
ငါသတင်းဌာနကတင်ဆက်လိုက်တဲ့ ငါ့နာကျင်အချိန်ပိုတွေအကြောင်း။
.
ငါ့မြို့ရိုးကို ဖျတ်စီးပစ်လိုက်တာ ငါပေါ့။
ငါ့ကိုယ်ငါပညာမတတ်အောင်လုပ်တာ ငါပေါ့။
ငါ့အသက်သွေးကြောတွေကို သူတပါးလက်ထိုးအပ်လိုက်တာ ငါပေါ့။
ငါ့ခန္ဓာကြီးပိန်ချုံးလာတာလည်း ငါငတ်နေလို့ပဲ။
ငါ့မေးရိုးတွေ ငေါငေါထွက်လာတာလည်း ငါအထုအထောင်းခံနေရလို့ပဲ။
ငါ့အစွယ်တွေကိုဝှက်ထားတာလည်း ငါပဲ။
အို နာ သေကိုတွေ့သလိုလိုနဲ့ စိတ်တစ်ခြမ်းလေဖြတ်ထားတဲ့ ငါ။
ငါထဲမှာ ငါကိုမြင်နေရရင် ပျော်နေတဲ့ ငါ။
ငါအကြောင်းပြောတာ မောလို့ ငါ့ကမ္ဘာ အကြောင်း ငါဆက်ပြောမယ်။
.
ကမ္ဘာကြီးဟာ ကိုကာကိုလာဗူးအရောင် ပေါက်နေပြီတဲ့လား။
ငါဝတ္ထားတဲ့ အက်ႌကေရာ ဘာအေရာင္လဲ။
အရောင်တွေကန်းနေတဲ့ ကာလာဘလိုင်းတစ်ယောက်။
ခေတ်ကြီးက ဘာအရောင်ဖြစ်ဖြစ် ငါမြင်မှာမဟုတ်ဘူး။
မြွေတွေအရေခွံလဲနေတယ်။ပုတ်သင်ညိုတွေ အရောင်ပြောင်းနေတယ်။
ထုံးစံအတိုင်း မျက်လုံးတွေကို နံရံပေါ်ကပန်းချီကားထဲ တစ်စင်တီမီတာလောက်မြှုပ်သွင်းထားလိုက်တယ်။
ဘာ ism နဲ့ပဲရေးရေး ငါလိုအကန်းအတွက်တော့ ဒါဟာ အရသာမရှိတဲ့ဒဿနပုံပျက်ပန်းပျက်ကြီးပဲ။
.
ဒီခေတ်ကြီးထဲမှာ ငါဟာ မြဝတီမင်းကြီး ဦးစ၊ငါဟာ မဟာဗန္ဓုလ၊ငါဟာမြို့မငြိမ်း
စသဖြင့် လူဝင်စားတွေပေါတယ်။ ဝင်းမြင့် ရဲ့ `လူဝင်စားတွေထိုင်တဲ့ကဖေး´ တွေလည်းပေါတယ်။
အဆင်းမှာ ဘီးတပ်ပေးတဲ့ တက်ကျမ်းတွေလည်းပေါတယ်။
ရေမဆေးပဲ ကျွေးတဲ့ ဇူကာဘတ်မျက်နှာပေါ် က မျက်ချေးလိုဓာတ်စာတွေလည်းပေါတယ်။
နေ့စဉ်တင်ဆက်မှုဟာ ငတ်ရင်း ကန်းရင်း ဂေါက်ရင်း ပတ်ဝန်းကျင်ရဲ့လျှာတွေကို ငါ ရွံလာပြီ။
စုတ်ပြတ်သတ်နေတဲ့ ဒဿန တွေနဲ့ ရာသီဥတုအတုတွေကို ခုခံနေတဲ့ကောင်။
များများပြောရင် ခင်ဗျားပါးစပ် black list ထဲပါသွားမယ်။
အဲ့သလို ချို၊ပေါ့၊ကျ နိုင်ငံရေးကြီးထဲ ဗိုက်မကြီးပဲ အော့အန်နေတဲ့အပျိုစင်လို
အာဏာနဲ့ ရှောခ်အရိုက်ခံရတဲ့ ငါ့ ပြည်သူဘဝ။
.
ကုန်ဆုံးသွားတဲ့ နေ့စဉ်တိုင်းကို ရွက်စုတ်ပြက္ခဒိန်တွေလိုလုံးချေပြီးပစ်ထုတ်လိုက်တယ်။
အပြင်မှာ အမှိုက်တွေ အရမ်းများတာပဲ။အစွန့်ပစ်ခံတွေဟာလမ်းဘေးပလက်ဖောင်းပေါ်ကို
ရောက်ရောက်လာတယ်။နေ့ခင်းကို စုန်းတစ်ကောင်လိုထိုင်ကြည့်နေတဲ့လူတွေ၊ငါတွေ၊၊၊၊၊၊၊
ပြိုကျလာတဲ့ သစ်ရိပ်ဝါးရိပ်ကို နေ့လည်စာနဲ့ လဲဖို့ဆုံးဖြတ်လိုက်တယ်။
အတောင်ညှပ်ခံထားရတဲ့ ငှက်ကလေးတွေတဖြစ်လဲ ရေကြီးနေတဲ့ ဘဝ။ခဏ ခဏ
ဇောချွေးပျံနေရတဲ့ လူအုပ်ကြီးထဲ အချိန်မရွေး ပစ်ချခံရနိုင်တဲ့အခွင့်အရေး။
သေချင်းဆိုးနဲ့ သေကြည့်ရုံ။ဒုက္ခတွေကို တည်ဆောက်ကြည့်ရုံ။
နောက်ဘဝကို ငေးကြည့်ရုံ။အပျော်သဘော လိင်ဆက်ဆံကြရုံ။
.
ခင်ဗျားဝတ်ထားတဲ့ တီရှပ်ဆိုဒ်က XXL.ခေတ်ကြီးနဲ့တော့နည်းနည်းကြပ်လိမ့်မယ်။
မြို့ခံပြေးနေရတဲ့ နေ့ပြန်တိုးတွေနဲ့ အညှီအဟောက်တော့ များလိမ့်မယ်။
ဝံပုလွေလာဆင်က အပြင်မှာတကယ်ရှိတာ။ဟစ်တလာက ပုံပြင်တွေထဲကလာတာ။
သိပ္ပံခန်းထဲက ပန်းသီးကလေးဟာ အခုထိ မကြွေကျသေးဘူး။
ငယ်ငယ်ကလို ဆောင်းတွင်းကြီးကို သေးနဲ့ကော့ပန်းချင်တယ်။
မာလကာပင်ပေါ်ကပြုတ်ကျပြီး မသန်တော့တဲ့ ညာလက်နဲ့ ဒီကဗျာကို ရေးမိတယ်။
အခုလို အဆက်စပ်မဲ့သွားတိုင်း အငေးဟာ မျက်နှာကျက်မှာ ပြားနေအောင်သွားကပ်တယ်။
.
ခံနိုင်ရည်အားကို လက်မပေါ်အပ်စိုက်ပြီး စမ်းသပ်ကြည့်လိုက်တယ်။
တစ္ဆေပူးနေရင်တော့ ဒီကောင် သူရဲကောင်းပဲ။အနာကို ဖြေးဖြေးချင်းဖြဲကြည့်တော့။
အထဲမှာ လောက်တွေ။ ဝေဒနာကိုတော့ ခင်ဗျားကိုယ်တိုင် ရှာယူမှ ရမယ်။
.
အာဂန္တု တစ်ယောက်အတွက် ၂၄ နာရီ တစ်ရက်ဆိုတာကို လက်ခံထားရတယ်။
ဘာမြူဒါတြိဂံထဲက နူထရီနို စက်ဝန်းထဲရောက်နေတာ မဟုတ်တဲ့အတွက်
Time & space ကိုလည်း ထိသိနေရတယ်။
ပျက်ပဲပျက်ပျက် ပျောက်ပဲပျောက်ပျောက် ဘယ်သူတွေမှာထိခိုက်နာကျင်ရသလဲ။
မရယ်ရတဲ့ဟာသကို ရေရောပြီး မျက်ရည်လုပ်ပေးနေရတဲ့ ကိစ္စ။
တချို့ကိစ္စတွေကို ဘုရားသခင် မသိတာများလား။ တစ်စုံတစ်ယောက် ဟာ
ခင်ဗျားအပေါ်ချောင်းမြောင်းကြံစည်နေတယ်ဆိုတာ မမေ့မလျော့နှလုံးသွင်းထားပါ။
အဲ့ဒီလူဟာ -
ဘုရင်တပါး ဖြစ်နိုင်သလို ၊ ရဟန်းအတု တပါးလည်း ဖြစ်နိုင်တယ်။
သမ္မတတစ်ယောက် ဖြစ်နိုင်သလို ၊ ပြည်သူတစ်ယောက်လည်း ဖြစ်နိုင်တယ်။
စစ်သွေးကြွတစ်ယောက် ဖြစ်နိုင်သလို ၊ ဂြိုဟ်သားတစ်ယောက်လည်း ဖြစ်နိုင်တယ်။
ခင်ဗျားရဲ့ မိတ်ဆွေလည်း ဖြစ်နိုင်သလို ၊ ခင်ဗျားကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်။
.
လေထဲကိုမြောက်တက်သွားတဲ့ အကြွေစေ့ကလေးရဲ့
ခေါင်းနဲ့ပန်း
တဘက်စီမှာ သေခြင်းနဲ့ရှင်ခြင်းဟာ ကပ်ပါသွားတယ်ဆိုပါစို့။

ရဲရင့်လမင်း
၁၉၀၄၂၀၁၅

No comments:

Post a Comment