Saturday 26 November 2016

စိတ်ကျ / ကဗျာ / ကမ္ဘာ


ငြိမ်းချမ်းရေးဟာ ဆက်လက်ခရီးထွက်ခွါဟန်နဲ့ လေဖိအားနည်းရပ်ဝန်းမှာတည်ရှိ။
ဘူတာစဉ်တွေလွဲနေတယ်။ရထားဟာခရီးကို မဲနှိုက်ပြီးထွက်ခွါနေသလို
လွင့်ဝဲနေတဲ့ အက်တိုးပစ် တစ်ယောက်ရဲ့ဆံနွယ်ထဲ ဖန်စီနားစွဲလေး
လှုပ်ယမ်းလို့။

ပွင့်အာသွားတဲ့စနစ်ကို ပွင့် အ အ မျက်လုံးတွေနဲ့ ထိုင်ကြည့်နေတာ။
အနက်ကဝှက်လွန်းတယ် ဒါဆို ငါ့အတ္တမှာစိုက်နေတာ ဘာဓားလဲ။
ကျောပိုးအိတ်တစ်အိတ်လောက်မှ အသုံးမဝင်တော့ဘူးဆိုရင် အဲ့ဒီဘဝထဲ ဘာတွေကိုဖြည့်ပြီး၊
ထပ်ပြေးခိုင်းဦးမလို့လဲ။
သူတပါးကိုမေးခွန်းတွေမေးခဲ့သလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြန်မေးပါ။
ခေတ်နဲ့ငြိနေတဲ့ကြိုးမှာ ဟာမိုနီလေးမျိုးကို စမ်းသပ်ပြီးသုံးစွဲထားတယ်။
ဟော့ဒီအခန်းရဲ့နံရံမှာ ဘုရားသခင်လည်းရှိတယ်။ချစ်သုဝေလည်းရှိတယ်။ဗုဒ္ဓပုံတော်လည်းရှိတယ်။
ပန်းတစ်ပွင့်က အရာအားလုံးကို ကိုယ်စားပြုတယ်။
တခါတရံ Ghost ကားထဲက နတ်ဝင်သည် အာဖရီကန်မကြီးလိုပဲ
ဟိုယိမ်း၊ဒီယိုင်ကဗျာတွေ ရွတ်တက်သေးတယ်။
'ခင်ဗျားကိုကျုပ်ဘယ်တော့မှမမေ့ဘူး' အဲ့ဒီလိုပြောပြီးတဲ့နောက်
ယခုထက်ထိတိုင်ပြန်မဆုံနိုင်တော့တာ။
(ဒီကဗျာကိုဖတ်လို့ စိတ်ကျရင် ဒါ စိတ်ကျကဗျာ)
(ဒီကမ္ဘာကိုဖတ်လို့ စိတ်ကျရင် ဒါ စိတ်ကျကမ္ဘာ)
စိတ်ဟာ Sex ထည့်ထားတဲ့ခွက်ထဲကျနေတယ်။စိတ် အ လို့ဖြစ်မယ်။
စိတ်ဟာ ဇောတစ်ခုနဲ့ စိတ်ကို ပြန်ကုတ်ခြစ်နေတယ်။စိတ်ထဲမှာ စိတ်မရှိတော့ဘူး။
စိတ်ရဲ့လားရာအတိုင်း ပစ်ကြ၊ခတ်ကြ၊ခုတ်ကြ၊ထစ်ကြ။စိတ်က စိတ်ကို စိတ်နာတယ်။
စိတ်ကို Scan ဖတ်ပါ။စိတ်ကို Format ချပါ။ဒီစိတ်ကပဲ အမျိုးမျိုးကျင့်ပြီး၊ဒီစိတ်ကပဲ အမျိုးမျိုးကြံတာ။
စိတ်ဟာ အလင်းရောင်မရတာကြာတော့ ကန်းသွားတယ်။(စိတ်ကန်း)
ဆိပ်
ကမ်း
ဟာ လေးလံလို့ အနီအောက်ရောင်ခြည်တွေကို ထမ်းထားတဲ့ကုန်ထမ်းယောင်္ကျားကြီးလိုပဲ
တခါတခါ ချူချာတယ်။
အားအားရှိဒီဆင်ဆာပဲ အပြစ်ပြောနေကြ။ကင်မရာတွေကောင်းတာ၊ရိုက်ချက်တွေပီပြင်တာလည်း
ထည့်ပြောဦးလေ။
ဆယ့်နှစ်လက်မ တစ်ပေလောက်တော့ ဦးသိန်းစိန်လည်းသိတာပေါ့လို့ ကွာလာလန်ပူမြို့ကြီးက
လှမ်းပြောတယ်။
သတင်းတွေကလည်း သွေးသံတရဲရဲ၊သေခြင်းတရားဟာ လမ်းထောင့်ကအုတ်ခုံမှာ၊အခုမြိုချနေတဲ့
ထမင်းလုတ်ထဲမှာ ဖွယ်ဖွယ်ရာရာပါပဲ။
ငါတို့ဟာ အိုင်တီခေတ်ရဲ့ တောက်ပတဲ့ကျွန်တွေ။ကမ္ဘာသုံးစကားနဲ့ ကျိုးကြေနေတဲ့ မြို့အရေခွံနဲ့ ခိုတွေ။
ငါတို့ရဲ့စိတ်ဝတ်ရုံမှာ ရက်စက်မှုက ညှီနံ့လိုစွဲလာပြီ။အဆင်မပြေတော့ဘူး။
ဗူး
ဗူး လွတ်ထဲမှာ ဗန်းစကားတောင်မသိတဲ့ ဘဝတွေရှိတယ်။ရှော့ပင်းစင်တာကိုမသိတဲ့ ဘဝတွေရှိတယ်။
အရှိတရားရဲ့အနက်ကို ဘယ်အဘိဓာန်ကမှ ဝှက်မထားဘူး။ဒိုင်အောဂျနိစ် လိုပဲ ပုစ္ဆာပေါ်ကျနေတဲ့အရိပ်ကို
ရိုးရိုးလေး ဖယ်ခိုင်းလိုက်တယ်။
အမှန်တရားကိုနားလည်သူဟာ သူ့ခရီးသူဆက်ပါလိမ့်မယ်။
ကိုယ်လည်းရွှေတွေထဲက တစ်ယောက်ပါ။အခုချိန်ထိ ရွှေ့လို့ ပြောင်းလို့။မီးအိမ်ဟာ အမှောင်ထဲမှာ လင်းလို့။
ရဲရင့်လမင်း
11062013

No comments:

Post a Comment