Saturday 26 November 2016

ငါ့မြို့ပျက်ကြီးကို ငါနေရာရွှေ့နေတယ်


.
တောင်ပေါ်ကိုစရောက်ကတည်းက စိတ်ဟာ ဂဏာမငြိမ်တော့ဘူး။
တောင်အောက်မှာဘာတွေဖြစ်နေသလဲ။ဆိုက်ကိုဖောက်ပြီး တောင်အောက်ကိုခုန်ချလိုက်ရင်။

အကယ်ရွေ့၊အက္ခရာရွေ့၊ရွေ့ချင်တဲ့ဆီရွေ့နေတဲ့ ဥပဒေအထက်က တိမ်တွေ။
ပျောက်သွားတဲ့လေယာဉ်ကြီးကိုလည်းတွေ့နေရတယ်။အပေါ်မှာဆိုတော့ အောက်ကအကြောင်းတွေ
ခင်ဗျားဘယ်လောက်သိသလဲ။လူတွေက၂၀၁၅အကြောင်းကိုအငမ်းမရပြောကြတယ်။
မာတိကာကြည့်ပြီး ဖတ်ချင်စိတ်မရှိတော့တဲ့ စာအုပ်ကို ကလစ်ဖြုတ်ပြီး ဝဲပစ်လိုက်တော့မယ်။
ကျွတ်နေတဲ့ပလပ်ကို ကောက်တပ်ပြီး Lower battery ပြနေတဲ့မြို့ကြီးကို အားသွင်းထားလိုက်ပြီ။
တောင်ပေါ်မှာ မြို့တမြို့ ဆောက်မယ်။ပါရီကဂစ်တာနဲ့မှ ဂီတဖြစ်တာမဟုတ်ဘူး။
တခါသုံးဘောလ်ပင်လေးကလည်း ကမ္ဘာကျော်တဲ့စာကဗျာတွေကို ဖြစ်ပေါ်စေတာ။
မြို့သစ်ကြီးရဲ့ ဝါယာကြိုးတွေကို အနုပညာ အနီတစနဲ့ အမှန်တရား အနက်တစ ကို ကျစ်ပြီး၊
အပ်ကြိုးအဖြစ် မုသာဝါဒ အစိမ်းတစနဲ့ မြို့အနှံ့သွယ်တန်းထားလိုက်တယ်။
ဒီမြို့မှာအများဆုံးတွေ့ရမှာက `မျက်ရည်သင်းကွပ်သည်´ဆိုတဲ့ ဆိုင်းဘုတ်တွေပဲ။
ဒီမြို့ထဲ ရောက်လာတဲ့သူတွေဟာ သူငယ်အိမ်တွေစင်ကြယ်သွားမယ်။
ထူးဆန်းတာတခုက မြို့ဟာမီးခိုးမထွက်ဘူး။သစ်မထွက်ဘူး။လယ်ကွက်တွေမရှိဘူး။
မြို့မှာ ရေပိုက်လိုင်းတွေမရှိဘူး။အကျဉ်းထောင်မရှိဘူး။မြို့ရဲ့အနံ့ဟာ အောက်ဆီဂျင်ပဲ။
မြို့မှာ သမ္မတမရှိဘူး။မြို့မှာပါလီမန်မရှိဘူး။မြို့မှာစစ်တပ်မရှိဘူး။မြို့မှာလူနဲ့တူတဲ့လူတွေပဲရှိတယ်။
မြို့မှာ လူမျိုးရေး မုန်းတီးမှုတွေမရှိဘူး။မြို့မှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ မရှိဘူး။
မြို့မှာ မြို့ရဲ့ရင်ဘတ်ကို တံကျင်လျှိုပြီးဖောက်ထွက်သွားတဲ့ ဂတ်စ်ပိုက်လိုင်းတွေ မရှိဘူး။
မြို့ဟာ ဘယ် ဘာသာကိုမှမကိုးကွယ်ဘူး။
မြို့ဟာ မြို့ဘာသာနဲ့ မြို့တစ်မြို့လို နေတယ်။
ခင်ဗျားတို့စိတ်ဝင်စားတဲ့ ဇာတ်ကောင်တွေ ဒီမြို့မှာတစ်ယောက်မှမရှိဘူး။
ဒီမြို့မှာဘယ်လိုသတ္တဝါတွေနေထိုင်ရမယ်ဆိုတာ ဘယ်သူကမှ မပြဌာန်းထားဘူး။
သတ္တိရှိရင် တောင်ပေါ်ကို တတ်ခဲ့လိုက်။
အကယ်၍ ခင်ဗျားသူငယ်အိမ်တွေ မစင်ကြယ်ခဲ့ရင်တောင်အောက်ကို ပြန်ရောက်သွားလိမ့်မယ်။
.
ရဲရင့်လမင်း
၀၁၁၀၂၀၁၄
+95 ကဗျာစာအုပ်မှ....
(ပြည်ပရောက်မြန်မာလူငယ်များ၏ကဗျာများ)

No comments:

Post a Comment