.
အခုတလော ချောင်းတွေခဏခဏဆိုးတယ်။
အနုပညာဟာ ချောင်းဆိုးသွေးပါရောဂါလား။
အနုပညာမပါတဲ့ဆန္ဒပြပွဲတွေ ဘယ်မှာအောင်မြင်လို့လဲ။
အနုပညာဒြပ်သားတွေအပေါ်မှာ ဘာစေတီတည်ရင် ကောင်းမလဲ။
စပီကာထဲက ခုန်ထွက်လာတဲ့ ကတ်ကိုဘိန်းလည်း ချောင်းဆိုးတာပဲ။
အနုပညာဓာတ်သွားတွေအပေါ်မှာ လူဟာဘာသာစကားကို ချောင်းဆိုးရင်း တွေ့ထိ။
ပြခန်းထဲကဓာတ်ပုံတွေအားလုံးဟာ ချောင်းဆိုးနေတဲ့ပုံတွေချည်းပဲ။
ဂီတနဲ့ ချောင်းဆိုးပြိုင်နေတဲ့ကောင်တွေကိုတော့ အထူးမပြောလို။
တီဗွီကြည့်ရင်းချောင်းဆိုး၊သီချင်းနားထောင်ရင်းချောင်းဆိုး
ဒါမှအားမရသေးရင်
ဘုရားဝတ်ပြုရင်းချောင်းဆိုး၊ချောင်းဆိုးရင်းနိုင်ငံရေးလုပ်
စာဖတ်ရင်းချောင်းဆိုး၊ချောင်းဆိုးရင်းမျက်ရည်ကျ
အရက်သောက်ရင်းချောင်းဆိုး၊တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ဆိုးနေတဲ့
လူ့ယဉ်ကျေးမှုချောင်းတွေ။
လူ့အဖွဲ့အစည်းက သလိပ်ခတ်လိုက်တာ ဘုရားစောင်းတန်းမှာ ရိုမန်းတစ်သွေးတွေ ရဲခနဲ။
ချောင်းတွေတရစပ်ဆိုးနေလို့တဲ့ သူ့ခမြာ အမျိုး၊ဘာသာ၊သာသနာကိုလည်း
မစောင့်ရှောက်နိုင်ရှာဘူး။
ကွမ်းမစားနဲ့ငါ့ရှင် ချောင်းဆိုးမယ်။
အရက်မသောက်နဲ့ငါ့ရှင် ချောင်းဆိုးမယ်။
ဆေးခြောက်မရှူနဲ့ငါ့ရှင် ချောင်းဆိုးမယ်။
ပြောနေရင်း ပြဿနာက အတွင်းခံအနီရောင်ဝတ်ပြီး ချောင်းဝင်ဆိုးတယ်။
ခင်ဗျားအဆုတ်ကိုဓာတ်မှန်ရိုက်ရမယ်လို့ ဆရာဝန်ကချောင်းဆိုးရင်း လှမ်းပြောတယ်။
အခုတော့ လူ့ဘဝဟာ ချောင်းဆိုးရင်
သွေးပါမှ ပါပါ့မလားလို့ စိုးရိမ်နေရတဲ့ အဖြစ်။
ရဲရင့်လမင်း
၂၀၁၆၊ဂျွန်
No comments:
Post a Comment