ကြက်ခြေခတ်။ ။ ဆေးလိပ်တွေသောက်နေရတာကို ငါခုံမင်လာခဲ့တယ်။အငွေ့တွေကငါ့အဖော်ပဲ။
ငါ့ရိုးသားခြင်းဝတ်ရုံဟာ အခန်းထောင့်မှာပြာကျနေပြီ။အသက်ရှုခြင်းကလွဲလို့ ငါ့ခန္ဓာကိုယ်အစိတ်
အပိုင်းတွေအားလုံးဟာ တစစနဲ့ လောင်ကျွမ်းနေခဲ့။ငါဟာ ငါ့ကိုယ်ငါ အနုကြမ်းစီးနေတဲ့ တစ္ဆေ
တစ်ကောင်ပဲ။ငါပျော်တယ်၊ငါမပျော်ဘူး။ဝေဒနာနဲ့တည်ဆောက်ထားတဲ့စိတ်။ငါ့ဦးနှောက်ထဲက
ဆဲလ်အသေတွေ၊ငါ့ကိုယ်ပေါ်ယှက်ဖြာစီးဆင်းနေတဲ့ သွေးကြောတွေ အားလုံးဟာ အနက်ရောင်
မလွယ်ပေါက်တွေဆီကို ဦးတည်ရွေ့လျား။ငါ့အရေပြားက ညှော်နံ့တွေ ထွက်နေပြီ။၁၀ပေပတ်လည်
အခန်းကျဉ်းလေးထဲက ရေနံမြေလုပ်သားတွေရဲ့ ဘဝကို ဘာကြောင့်ငါသတိရနေမိ။ဘဝဟာဘာလဲ၊
အနုပညာဟာ ဘာလဲ။ပြီးတော့ ဝမ်းရေး၊ရေနုတ်မြောင်းထဲက စီးကရက်အစီခံလေးလို ငါ့လူမှု
ဝန်းကျင်မှာ ငါဘယ်လောက်ကြာကြာကိုယ်ဖော့ထားနိုင်မလဲ။(+ - × ÷)သင်္ချာညံ့တဲ့ ငါ့ငယ်ဘဝကို
ငါမရင်းနှီးတဲ့ လက်မဲကြီးတွေကသာ ခြောက်လှန့်နေခဲ့တာ။
အရိုးစုများ။ ။ငါ့မျက်လုံးတွေ ငါ့မျက်လုံးတွေမှာ အသားဓာတ်မရှိတော့ဘူး။အပူလှိုင်းဖြတ်စီးနေတဲ့
ဝဲဘက်မျက်လုံးနဲ့ ဝင်ရိုးစွန်းကိုငေးနေတဲ့ ယာဘက်မျက်လုံး၊အဲ့ဒီမျက်လုံးတွေထဲမှာ ငါဆိုတဲ့အရောင်တွေ
စစ်ဖြစ်နေခဲ့တာ ကြာပြီ။လူ့လောကကြီးကို တွေ့ရတာ သုသာန်တစပြင်ကြီးကို တွေ့ရသလိုပဲ။လူငွေ့
ယမ်းငွေ့တွေကြားကနေ ငါ့မျက်နှာဆီထိုးကျလာတဲ့ ဆံပင်တွေ၊ငါ့ကိုယ်ကျင့်တရားတွေအစား ငါ့ဆံပင်တွေ
ဖွေးဖွေးဖြူလို့။ငါ့နောက်ကျောကိုကြည့်နေတဲ့လူတွေ၊ငါ့စိတ်ကိုမမြင်တဲ့လူတွေ။ငါ့အမူအယာက ဒေါ်လာ
သန်းချီမတန်ပါဘူး။ငါ့အကြောင်းကို မင်းတို့ပါးစပ်မှာမချိတ်ဆွဲမိစေနဲ့။ထိုးမဲ့ဓားထက် အထိုးခံရမဲ့ ရင်ဘတ်က
တည်ငြိမ်လွန်းနေတော့ တုန်နေတဲ့မင်းတို့လက်တွေကို အရေခွံဆုတ်ပြီး နံရံမှာ အလှပြထားလိုက်တယ်။
ဘာဝတ်ဝတ်ယဉ်ကျေးတယ်ဆိုတဲ့ အရိုးစုတွေအတွက် အတွင်းခံဘောင်းဘီလေးတွေချုပ်ပေးရဦးမယ်။
သဘာဝတရားကြီးက စိတ်ဝင်စားဖွယ်ကောင်းပေမယ့် လူသားတွေက ယုတ္တိမဲ့လာကြသလိုပဲ။
လမ်းလျှောက်တဲ့ည။ ။ခြေထောက်များ လမ်းပေါ်ပြုတ်ကျလာတဲ့ ကောက်ရိုးခြေထောက်များ၊မြက်
ခြေထောက်များ။ငါ့ခြေထောက်တွေဟာ မှောင်မှလမ်းလျှောက်တယ်။ငါ့မှာဖိနပ်မရှိဘူး။ဖိနပ်လုပ်ဖို့ ရေသန့်ဗူး
အခွံတွေလည်းမရှိဘူး။ငါ့ခြေထောက်တွေဟာ အပေါစားခြေထောက်တွေပဲ။လှမ်းသမျှခြေလှမ်းတိုင်းကလည်း
ဘာအဓိပ္ပါယ်ကိုမှ မဆောင်ဘူး။အဆက်အသွယ်ပြတ်နေတဲ့ ဦးနှောက်နဲ့နှလုံးသား ကြားမှာ အရက်၊မိန်းမ၊
ဆေး၊လမ်းကြိုလမ်းကြား ဘယ်အရာကမှ ဘာအရသာမှ ထွက်မလာဘူး။တခါတလေတော့ ကုသိုလ်ရတဲ့
ခြေထောက်တွေကို ငါနာကျင်စွာ ငေးနေမိရဲ့။ငါ့ခြေထောက်တွေဟာ အတုတွေ၊ပါစင်ဂျာနဲ့ခပ်ဆင်ဆင်တူတဲ့
ဘော်ဒီအနွမ်းကြီးကို ဘာလို့များ တခုတ်တရထမ်းထားတာလဲ။ငါမောပန်းလွန်းနေပြီ။ရှေ့မှာ လှေကား
ထစ်တွေ ထပ်တွေ့တယ်။သံသရာဟာ အတက်ချည်းပဲလား။ဖောက်ခနဲ ငါ့ခြေထောက်ထဲ စူးတစ်ချောင်း
နစ်ဝင်။အခုမှ ငါ့နှလုံးသားက အလုပ်ထလုပ်တယ်။ညဆိုတော့ ပန်းထွက်လာမယ့်သွေးစိမ်းတွေကိုမမြင်ရဘူး။
ငါ့မျက်လုံးမှာတော့ ပျစ်ချွဲချွဲနဲ့၊နာကျင်မှုဟာ လှေကားထစ်တွေအတိုင်း စီးကျသွားခဲ့။
ခုနှစ်လွှာ။ ။ဓာတ်မှန်ရိုက်ဖို့ သွေးစစ်ဖို့ ငါငြင်းဆန်နေကြ။ငါ့အရိပ်နဲ့ငါ ပြသနာတတ်နေကြ။ငါ့ကိုယ်ထဲက
အပင်ဟာငါ့ကိုချစ်လို့ရှင်သန်နေတာတော့မဟုတ်ဘူး။ချစ်ခြင်းမေတ္တာနဲ့ပတ်ဝန်းကျင်က ငါ့ကို သေလူလို့
အပြီးတိုင် သတ်မှတ်လိုက်ကြပြီ။ငါဟာ ဒီပလက်ရှင်အရင့်အမာနဲ့ သေခြင်းကို တရားသဖြင့်ထိုင်စောင့်
နေသင့်သလား။ငယ်ငယ်ကကျက်မှတ်ခဲ့ဖူးတဲ့ ဘုရားစာတွေကို တဖွဖွရွတ်ဆိုနေသင့်သလား။ဒါမှမဟုတ်
`ကြက်ခြေခတ် အရိုးစုများ လမ်းလျှောက်တဲ့ည´ခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ်ကို ဆက်ရေးနေသင့်သလား။
စူးဆူးထားတဲ့ဒဏ်ရာကို ဆေးလိပ်မီးခိုးတွေနဲ့ မှုတ်ထုတ်နေသင့်သလား။ငါ့.. ငါ့အဆုတ်ထဲမှာ မှောင်မိုက်
နေတဲ့ မြစ်ကြီးတစ်စင်း၊အဲ့ဒီမြစ်ကြီးကိုဖြတ်ကျော်ဖို့ လောလောဆယ်တော့ ငါ့ရှေ့ကလရောင်အောက်မှာ
ပြူတင်းတံခါးတစ်ချပ် ပွင့်နေတယ်။ ။
ရဲရင့်လမင်း
၁၄၀၃၂၀၁၄
No comments:
Post a Comment