ဘာလာလာအကုန်ကစ်တယ်။အရာရာကို လက်မခံ/ခံချင်တဲ့အရွယ်။စမ်းတယ်။
လက်တည့်လည်းစမ်းလိုက်တာပဲ ဘာလာလာ။ရှော့ခ်တွေကို ခေါက်ထား။
အိတ်ကပ်ထဲရေလန်းတာနဲ့ လူကလမ်းပေါ်ရောက်နေပြီ။မုတ္တမဘူတာနားက ရထားသံလမ်းတွေ
လက်တည့်လည်းစမ်းလိုက်တာပဲ ဘာလာလာ။ရှော့ခ်တွေကို ခေါက်ထား။
အိတ်ကပ်ထဲရေလန်းတာနဲ့ လူကလမ်းပေါ်ရောက်နေပြီ။မုတ္တမဘူတာနားက ရထားသံလမ်းတွေ
ခိုးရောင်းခဲ့ဖူး။ပြည်သူပိုင်ပစ္စည်းကို ပြည်သူတွေကပဲပြန်ခိုးနေရတဲ့ ဘဝ။ဂစ်တာဖလက်တံ
အစွန်က ကီးပေါ်မှာချိတ်ထားတဲ့အရက်ဖြူထုပ်။Fantasy ၂ဖုံးရောထားတယ်။
ညစာငတ်တဲ့လမ်းဘေးအုတ်ခုံပေါ်က ညတွေ။မွန်းအောင်ရဲ့ ၈/၈၂ အင်းလျားကို
မူးမူးနဲ့အော်ဆိုခဲ့။ခင်ဝမ်းရဲ့ နှင်းဆီဖြူရဲ့အဝေးက လူတစ်ယောက် ကို ကဗျာရွတ်သလို
ရွတ်ဖတ်ခဲ့။Ward Six ထဲ က အိုင်ဗင်ဂရိုမော့ဗ်နဲ့ စကားတွေပြောခဲ့။
စိတ်ထဲစီးဝင်နေတဲ့ ပင်လယ်ဟာ ချစ်ခြင်းမေတ္တာပဲ။တာရာမင်းဝေရဲ့
ရွှေရောင်ဖိနပ်ပေါ်ကအစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးဟာ ငါ့ညစဉ်နတ်သမီး။
စရိုက်အထာနဲ့နေတယ်။မသာအိမ်ဖဲဝင်ရိုက်ဖို့လည်း ဝန်မလေးဘူး။ဂျင်းဘောင်ဘီနဲ့
Wrangler ဘေထုပ်ထည်နဲ့။ ညနေခင်းဆို စက်ဘီးတစ်စီးနဲ့ ကမ်းနားလမ်းမှာ ဆော်လိုက်ပတ်နေကြ။
ဘာအရောင်ပဲလာလာ။ဇယားငြိမ်းရင် လိုက်သာတွန်း။အိမ်ရှေ့ရောက်လို့ အဖွားကြီးကလော်ဆဲရင်
မှင်သေသေနဲ့ ဆက်ဒိုး။ဘိုးဘွားရိပ်သာတဝိုက်က ညနေခင်းတွေ။ကိုငှက်ကြီးရဲ့
စကားလုံးမရှိတဲ့ကောင်းကင်ထဲမှာ။ဆရာဇော်ဇော်အောင်ရဲ့ မရမ်းကုန်းစစ်တမ်း ရှေ့မှာ။
ကဗျာသီချင်းမြစ်ကြီးမှောက်ကျ။ဒါတက္ကသိုလ်ကျောင်းတွေပိတ်ထားတဲ့ကာလ။
၁၀တန်းအောင်ပြီးရင်ဘွဲ့ရတဲ့ခေတ်။အာဏာရှင်ပညာရေးစနစ် ထွန်းကားခဲ့တဲ့နှစ်တွေ။
မိသားစုတကွဲတပြားနဲ့ မြို့နှစ်မြို့ကြား ဗျာများနေတဲ့ကောင်။ဆရာဝန်တွေရဲ့ဆေးပုံး
လိုက်ထမ်းပေးတဲ့ သင်္ဘောဆိပ်က ကူလီ။ညောင်ပင်ဆိပ်ကတက်လာတဲ့ ငါးတောင်းတွေကို
မနက်အစောကြီးလိုက်ပို့တဲ့ ဈေးကားစပယ်ယာ။ဝေလီဝေလင်းပါပဲ။အမှောင်ခေတ်ဆိုတော့
ဘာကိုမှ မသဲကွဲခဲ့ဘူး။သံလွင်မြစ်ရစ်ခွေထားတဲ့ တောင်ညိုတောင်တန်းရဲ့ ကွန်တိုမျဉ်းတွေ
ပေါ်က ငါ့ လူငယ်ဘဝ။အခုပြန်ကြည့်တော့ ၉၆ ဟာ ၁၈နှစ်သားစတိုင်နဲ့
လေးဖြူရဲ့ကမ္ဘာသစ်တေးလို အခုထိ ရူးချင်ယောင်ဆောင်နေတုန်းပဲ။
ရဲရင့်လမင်း
၀၁၀၃၂၀၁၄
No comments:
Post a Comment