Saturday 26 November 2016

လရောင်ဟာ အဆင့်ခုနှစ်ဆင့်နဲ့ ဘဝအပေါ်လွင့်ကျနေတယ်


လရောင်(၁) 10:45 pm

  အရောင်အားဖြင့်တိတ်ဆိတ်နေတယ်။တိတ်ဆိတ်မှုက ငြိမ်သက်မျက်လုံးတွေဆီ အသံတိတ်ကူးစက်
လာခဲ့တယ်။အာရုံထဲ တစ်နေ့တာပုပ်သိုးခဲ့သမျှ ညဟာ အနံ့ထွက်လာပြီ။ဒါအမှောင်ရနံ့စစ်စစ်တွေပဲ။
နိစ္စဓူဝပေးဆပ်ခဲ့သမျှအားအင်ဟာ ဗီတာမင်ချို့တဲ့နေတဲ့ ထမင်းလုတ်တွေဆီ ဆောက်တည်ရာမဲ့ပြေး
ဝင်သွားကြတယ်။အိုဇုန်းလွှာအပေါက်အပြဲကြီးအောက်မှာ တစ်နေ့တာ တွန့်လိမ်ခဲ့သမျှဟာ အရည်ကျဲကျဲ
ညတစ်ညထဲ စိတ်တိုင်းမကျတဲ့ကြယ်တွေနဲ့ ချည်မျှင်ဆန်တဲ့အလင်းတွေကို ယဉ်ကျေးမှု အသစ်တွေအဖြစ်
ရွပ်ရွပ်ချွံချွံ ချဲ့ထွင်နေမိရဲ့။


လရောင်(၂) 11:15 pm

 ပက်ကြားအက်နေတဲ့ခံတွင်းနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြိုနေတဲ့ မြွေတစ်ကောင်လို အလျားတိုတိုလာ
တဲ့ည။သုသာန်တစပြင်ကိုဖြတ်တိုက်လာတဲ့ အေးစက်စက်လေစိမ်းတွေထဲ အုတ်ဂူဖြူဖြူလေးတွေကို
ငေးရင်း စိတ်ဟာ လောဘ၊ဒေါသ၊မောဟတွေနဲ့ တဒင်္ဂ ကင်းလွတ်နေခဲ့တယ်။သေခြင်းတရားက
ပုတ်လိုက်တဲ့လီဗာမှာ အားလုံးဟာ လက်ဗလာနဲ့ ကမ္ဘာဦးတေးသွားကိုပြပါဆိုရင် သခါင်္ရဟာ အချိန်
နေရာမရွေး ကျော်ကြားနေတဲ့ တေးတစ်ပုဒ်ပေါ့။လရောင်ဟာ သင်္ခါရတရားနဲ့အားပြိုင်ရင်း မြို့ပြရဲ့စံနှုန်း
သင်္ကေတတွေနဲ့ အန်တာနာတွေကြားမှာ အရိုးငင်နေခဲ့တယ်။

လရောင်(၃) 11:45 pm

  ဘီးလိမ့်ရုံလေး မောင်းနှင်လာတဲ့ လရောင်ဟာ တံစက်မြိတ်နားရောက်တော့ တစ္ဆေတစ်ကောင်ကို
ဝင်တိုက်မိတယ်။ခြေတွေလက်တွေပြတ်နေတဲ့ တစ္ဆေဟာ သူ့ကိုယ်သူ 'အရိပ်' လို့ စတင်မိတ်ဆက်
လာတယ်။ဒါဟာ လူရိပ်လား၊မြွေတစ်ကောင်ရဲ့အရိပ်လား၊လူယောင်ဆောင်ထားတဲ့မြွေတစ်ကောင်ရဲ့
အရိပ်လား။လရောင်ဟာ ဘာကိုမှ မသဲကွဲခဲ့ဘူး။အသစ်တူးထားတဲ့ ဗုံးခိုကျင်းတစ်ကျင်းနားရောက်တော့
ညဥ့်ငှက်တစ်ကောင်ရဲ့အတောင်ပံခတ်သံသဲ့သဲ့ကို ကြားမိရဲ့။မျက်နှာကျက်အပေါက်အပြဲတွေကြားက
ထိုးကျလာတဲ့သန်းခေါင်ယံကို ကြောင်စီစီမျက်လုံးတွေနဲ့ ငေးကြည့်နေတုန်း စိတ်ကိုထိုးဟောင်နေတဲ့
လက်နက်အူသံတွေကိုကြားဖြစ်အောင်ကြားလိုက်မိသေးတယ်။

လရောင်(၄) 12:15 am

  သဲကန္တာရကိုဖြတ်သန်းနေတဲ့လားတစ်ကောင်လို ဘယ်သူတွေကတင်ပေးလိုက်မှန်းမသိတဲ့ ဝန်
စည်စလွယ်တွေနဲ့ လေးလံနေတဲ့ ခန္ဓာကိုထမ်းရင်း ခြောက်သွေ့လရောင်အောက်မှာ အောက်ဆီ
ဂျင်မဝတဲ့ခြေလှမ်းတွေကိုလွယ်ရင်း ဘဝဟာနင်းထားတဲ့သဲတွေထဲ နစ်ဝင်နေခဲ့တယ်။လှမ်းကြည့်
လိုက်တိုင်းရေဆာတယ်။ရေဆာတိုင်းနာကျင်လာတဲ့ လည်ချောင်းတွေ မြိုချလိုက်တဲ့ တံတွေးတွေ
ကလည်းလရောင်အောက်မှာ ပွက်ပွက်ဆူလို့ပေါ့။အပူရောင်ကိုငြိမ်းချမ်းရေးလုပ်ရတာ ဆူးပင်တွေ
စိုက်ပျိုးရသလိုပဲ။ရေဓာတ်တွေကုန်ခမ်းနေတဲ့ ပုခုံးပေါ်က ဘို့ကြီးကိုတော့ ဒုက္ခလို့နာမည်ပေးလိုက်
တယ်။

လရောင်(၅) 12:45 am

  မြို့မကျတောမကျ ဟိုင်းဝေးလမ်းပေါ်ပြေးလွှားနေတဲ့ လရောင်အောက်က ထရပ်ကားတစ်စီး။
အဲ့ဒီထရပ်ကားပေါ်မှာတင်ဆောင်လာတာက အစိမ်းရောင် သစ်သီးတွေ။အဲ့ဒီသစ်သီးတွေရဲ့
အောက်ဆုံးအလွှာမှာအဝါရောင်သန်းလာတဲ့ အရိအရွဲသစ်သီးတွေရှိတယ်။အပေါ်ယံအလွှာ
စိမ်းလန်းဖို့ အောက်ခြေအလွှာတွေကအချိန်မတိုင်ခင်ပုပ်သိုးပေးလိုက်ရတာလား။လောကုတ္တရာ
မျက်လုံးတွေမှာတော့ ဒါဟာ အာနာပါန ဖြစ်ကောင်းဖြစ်မယ်။ခရီးဆုံးတော့လောကီဈေးကွက်မှာ
လရောင်ကိုမသိခဲ့တဲ့ ဘဝတွေဟာ ရောင်းတန်းမဝင်တော့ဘူး။တချိန်ချိန်တော့ လရောင်ကို
သုတေသနလုပ်ဦးမယ်လို့ ခြောက်ကပ်အက်ကွဲနေတဲ့ အသိဥာဏ်ထဲ မဆီမဆိုင်တွေးမိသေးတယ်။

လရောင်(၆) 1:15 am

  စုတ်ချက်တွေကနက်သထက်နက်လာတယ်။ဗလာနယ်ထဲမှာဗလာကိုရှာဖွေနေတဲ့ လူ့ဗလာတွေရဲ့
နောက်ခံ ကင်းဗတ်စပေါ် အလိုမကျခြင်းလရောင်တွေသာစီးကျနေခဲ့တယ်။ဆေးသားအက်နေတဲ့
သက်ရှိပင်လယ်၊အဇ္ဈတ္တကခြယ်လှယ်သမျှ အတ္တဟာအရောင်အမျိုးမျိုးနဲ့ ဗဟိဒ္ဓလောကမှာလာ
လာပေါက်ကွဲရဲ့။ဒီခေတ်ကြီးရဲ့ ပါစပတ်တစ် ဗျူးမှာ လူဆိုတဲ့ သက်ရှိဟာ ဘာအရောင်လဲ။စပေ့စ်
တစ်ကြိမ်ခေါက်လိုက်တိုင်း ပြေးထွက်သွားတဲ့ ရှင်ခြင်းနဲ့သေခြင်းကြားမှာ ဘာဒြပ်သားတွေကိုကြားခံနယ်
အဖြစ်သုံးစွဲဦးမှာလဲ။နည်းပညာတွေကိုမှီခိုလွန်းလို့ သဘာဝတရား နဲ့ လူ့တန်ဖိုးတွေဟာတဖြည်းဖြည်း
ဆုတ်ယုတ်လာခဲ့ပြီလေ။အခုသာနေတဲ့လရောင်ဟာ အတုလား၊အစစ်လား ခန္ဓာကိုယ်တစ်ခုလုံး
ခေတ်နာကျနေတဲ့ ကလပ်စည်းတွေနဲ့ စိတ်တွေကန်းနေပြီ လရောင်။အလင်းနဲ့အမှောင်ကြား တစ်လှည့်စီ
နစ်ဝင်နေတဲ့ ရှင်သန်ခြင်းအတွက်ဝင်လေထွက်လေဟာလည်း ဖန်ရည်ဆိုးထားတဲ့ ပံ့သကူအဝတ်စတစ်စလို။


လရောင်(၇) 1:45am

  စာမျက်နှာပေါ်ရှိ လရောင်တစ်ခုနှင့်တစ်ခုကြားတွင်စကားလုံးပြအချိန်အားဖြင့်မိနစ်(၃၀)ဆီ
ကွာဝေးပါသည်။အချိန်ကာလနှင့်စိတ္တဇနာမ်များသည်အဆင်ပြေသလို မှားယွင်းနေကြ၏။
မသေခင်ပြောနိုင်တာဆို၍ဘဝတွင်လရောင်နှင့်အတူ မသေချာခြင်းများသာကွန့်မြူးနေကြောင်း
သဘောပေါက်ခဲ့လေပြီ။အနုပဋိလောမကိုဆန့်ကျင်ပြီးပြိုကွဲနေသည့်ထုထည်တွေကို လရောင်နှင့်အတူ ပြန်လည်ဆက်စပ်ထုဆစ်ကြည့်မိသည်။ဘဝသည် အရောင်လား၊အရိပ်လား၊အသီးလား၊အပွင့်လား၊
အကိုင်းလား၊ပင်စည်လား ရုပ်တရားတို့သည် စိတ်ဧ။်အလျင်အတိုင်း ဖြစ်ပျက် ရွေ့လျားနေခြင်းမျှသာ။
ရုပ် နှင့် နာမ်ကြားတွင် လရောင်ကို ထိုးစိုက်ချင်မိသော စိတ္တဇကသာလျှင် ဘဝကိုပို၍မှောင်မည်း
နာကျင်စေဧ။်။ကျေးလက်ဧ။်လရောင်သည် ကြည်နူးမှုကို ဖြစ်စေ၍ မြို့ပြဧ။်လရောင်သည် အလွမ်းစိတ်ကို
ဖိတ်ခေါ်နေသယောင်ယောင်ထင်ရဧ။်။
  တကယ်တော့ လရောင်သည် ဘယ်အရပ်ဒေသတွင်မဆိုသာမန်လရောင် တစ်ခုသာဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ့ ခံစားမှုမျက်နှာပြင်ပေါ်မှ လူသားတွေအတွက်တော့ လရောင်သည်အုတ်တစ်ချပ်
သဲတစ်ပွင့်အဖြစ် ဆက်လက်တည်ရှိနေပါလိမ့်မည်။ ။

                                                                                                  ရဲရင့်လမင်း
                                                                                                 (25.07.2013)

No comments:

Post a Comment