Saturday, 26 November 2016

၊ကဗျာလုပ်တမ်း ကစားကြမယ်။


လည်ချောင်းထဲက စတဲ့ဇာတ်လမ်း လှိုဏ်ခေါင်းထဲ ပျံဝင်သွား၊
တွားသွားသတ္တဝါတွေ ၊ ဆား နနွင်း အချိုမှုန့် နယ်ပြီးရင် သင်္ခါရတရားဆိုတာ
ခပ်ကြွပ်ကြွပ်လေး ကြော်ပစ်လိုက်ဖို့ပဲ မဟုတ်လား၊
ဝါးလုံးကွဲအောင် ဝါးလုံးခေါင်းထဲမှာပဲ ရယ်ကြ၊ကျဆိမ့်တစ်ခွက်နဲ့
စိတ်ကျတစ်ညနေဆိုတာ ဒီမြေပေါ် ငါတို့အတူရှိတုန်း မင်းရင်ဘတ်ထဲက အနာတွေကို
ငရဲမီးနဲ့ဆေးပြီး မင်းပြောခဲ့တာ မဟုတ်လား၊ ဆူးရဲ ၊

The slave's dream ထဲက ကြာပွတ်သံကို ကြားကြားနေကြရတဲ့ မာလာယုကျွန်းပေါ်က လိပ်တွေ၊
လိပ်နေအောင် လိပ်နေကြတဲ့ တရားမဝင် လိပ်တွေ၊အမြဲတမ်း၊
အရိပ်တွေကို ငတ်နေကြတဲ့ ခေတ်အဝေအဝါးကြီးထဲ ခါးလယ်ကဖြတ်ချခံလိုက်
ရတဲ့ သစ်လုံး၊
ဝုန်းခနဲ သောကြာကြယ်ကြီးကြွေသွား၊ကောင်းကင်ဟာကြည်လင်သန့်စင်လာ၊
ဖျတ်ခနဲ ကြာသပတေးဂြိုဟ်ကြီး ဆိုက်ရောက်၊မြေပြင်ဟာ အနက်ရောင်အကွက်အကွက်တွေ ပေါ်လာ၊
ငါ တို့တွေ မီးကို မီးလို့မမြင်ကြရ ၊ မီးလိုမလှုံကြရ ၊ မီးရဲ့မယ်လိုဒီအတိုင်း တံလျှပ်ပေါ်မှာ ကခုန်ကြရ၊
ဗူးထဲက ဘီယာကို လိင်စကားပြေတစ်ပုဒ်နဲ့ လဲလှယ်၊အပြစ်ရှိ၊အမှိုက်ရှိ၊မပစ်ရ၊မပြရ၊ဘုံဝါဒ၊ဘုံဆန္ဒ၊
ဆန္ဒကိုဗုံလုပ် ၊ ဝါဒကိုဗုံလုပ် ၊ ပြီး ၊ ခါးလေးကိုင်းလို့ လမ်းပေါ်ထွက်ထွက် တီး ကြ၊
ရကောက်နဲ့ ရတဲ့ ဘဝ ကောက်ကောက်ကြီးတွေကို ထမ်း
ပြီးပြေးလာမယ် အေသင်မြို့ကအပြေးသမား ဖိုင်ဒစ်အိဒီရဲ့ ခြေထောက်တွေနဲ့၊
ငါ လေ မင်း ဆီ၊
ဒီကမ္ဘာကြီးကို အစိုးရတဲ့မျက်နှာနဲ့ မငြိမ်းချမ်းခြင်းပင်လယ်၊
လည်နေတဲ့ ပန်ကာရပ်ရင် လည်နေတဲ့ ဝေဒနာကိုတွေ့မယ်၊
မယ်မယ်ဖုရားတွေကရော ဘာသားနဲ့ ဆောက်တည်၊
ဒီနေ့နေသာ၏ ပေါ့၊စောရနက္ခတ်နဲ့ ဆော့ကစားမလား hunger game ထိုင်ကြည့်မလား၊
စိတ်ကို လေဖိအားနည်း ရပ်ဝန်းမှာ ရပ်တန့် ၊ပြီး၊ ရုပ်ကို နျူထရီနိုစက်ဝန်းထဲ ထိုးထည့်၊

@

ငယ်ငယ်က ပိန်ပိန်လေး တစ်ကောင်ဟာ ဂျစ်ကန်ဂျစ်ကန်နဲ့ ပန်းခြံထဲကိုဝင်လာတယ်။
လူပြတ်တဲ့လမ်းထဲဝင်လိုက်ရင် ရောင်စုံထီးတွေအောက်က ငြိမ်းချမ်းရေးကို မြင်ရမယ်။
ဟိုဘက်မှာ အမှိုက်ပုံး။ဒီဘက်မှာ `သတိ´ လမ်းပြင်နေသည် ဆိုင်းဘုတ်။မိုးက ရွာနေပြီ။
ဘယ်နားမှာ အောင်းရမလဲ။ခင်ဗျားတို့ လူ့အဖွဲ့အစည်းက ကျယ်တယ်ဆို။ခင်ဗျားတို့
ကိုးကွယ်နေတဲ့ ဘာသာတရားကမှ မြင့်မြတ်တယ်ဆို။အစမှာရိုး တဲ့ အစိုးရကို နှိပ်နေတဲ့
ကီးဘုတ်လို ထ ထရိုက်ခွဲပစ်တာ အကြိမ်ပေါင်းမနည်း။မီးစင်ကြည့်က မှတော့ ပူမပေါ့
ငါ့သား။ပန်းခြံထဲက အုတ်ခုံတွေဟာ နေလောင်ခံထားရတယ်။ကိုအယ်လ်ဖြူရဲ့ စာသား
လိုပေါ့ ခရီးတို့မဆုံးခင်အထိ ငါဟာမှားယွင်းရဦးမယ်။ကိုးနဝင်း လား ကိုနေဝင်း လား။
ဂျပန်မူလီလား တရုတ်မူလီလား။ခင်ဗျားတော့ အစုပ်ခံရတော့မယ်။ရောဂါက ကောသလမင်း
အိပ်မက် ၁၆ ချက်နဲ့။ရာသီဥတုက လေဖိအားနည်းရပ်ဝန်းတစ်ခုနဲ့။sexy ပေါ့ကျညနေခင်း။
ဘရိတ်နဲ့လီဗာ မှားနင်းမိရင် ရင်ဘတ်ပေါ်ကကြယ်သီးတွေ ပြုတ်ထွက်ကုန်ဦးမယ်။
ပုခတ်ဆိုတာ အမေကချည်းပဲ လွှဲတာမဟုတ်ပါဘူး ကလေးလေးရေ။ဘဝမှာ နူးညံ့ခြင်းကို
ရေသန့်တဗူး စာလောက်တောင် မသောက်သုံးခဲ့ရလေသူ။ဟော့ဒီလက်တွေ သွေးစိမ်းရှင်ရှင်
ထွက်ပြီး နွေးထွေးခဲ့ပါတယ်။သြကာသလောကကြီး ကို လင်းဝေအိမ် ရဲ့ ဘယ်ဘက်လက်နဲ့
ရှိခိုးခဲ့ပါတယ်။ခင်ဗျားတို့တွေ ခေတ်ကြီးကို တွန်း/ပွတ်ထုတ်နေတာ။ကောင်းသော ရွေ့ခြင်း။
မည်ပါစေ။ဂျစ်ကန်ဂျစ်ကန်နဲ့ ပန်းခြံထဲက ပြန်ထွက်လာတဲ့ ကောင်လေးတကောင်။
စတော်ဘယ်ရီခင်းကြီးကို သူမတွေ့ခဲ့ရဘူး။

ရဲရင့်လမင်း

No comments:

Post a Comment