Saturday 26 November 2016

စကားလုံး MONSTER များသို့ ဘုရား+သခင် မှ Key:G Bossanova ဖြင့်စီရင်အပ်သော အထိတ်+တလန့် ပေးစာ

+
ခင်ဗျားတို့အမြင်မတော်လို့ တိုက်ပေါ်ကပြုတ်ကျပြီး အုတ်ဆက် ပွင့်နေတဲ့ ကဗျာဟာ ငါပါပဲ။ငါဟာ တစ်ခုလပ် ငါ့ကဗျာတွေ ကို ဘယ်ယဉ်ကျေးမှုနဲ့မှ တန်းညှိပြီး နောက်လင် မရစေရဘူး။မြင်းတစ်ကောင်ရဲ့ခွာရာလို အသိဥာဏ်မဲ့ နက်နဲလာတဲ့ လူတွေ လူတွေ။ + ခုံးထလာတဲ့ လိင်စိတ်ကို မေတ္တာတရားနဲ့အပူပေးပြီး ဆွဲဖြောင့်ပစ်လိုက်တယ်။ + ထစ်ခနဲဆိုရောဂါက ၃၆၀။လည်နေတဲ့ သံသရာထဲ ငါ့ကိုယ်ငါ လုံးချေပြီးပစ်ထည့်မိပြီ။ ရပ်နေတဲ့အမှတ်စက်ကလေးမှာ ရုန်းကြွနေတဲ့ အတ္တတွေ။ကန်ချက်က တိုင်ထိပြီးထွက်သွား။ ပြာဖြစ်သွားတဲ့အထိ တစ်ဂိုးမှ မရခဲ့တဲ့ လူတွေ လူတွေ။ + အထင်ကြီးကြ။အထုပ်ဆွဲကြ။အထာကိုင်ကြ။ဓားဆွဲကြ။သဘောထားကြီးကြ။မနာလိုကြ။အပေါ်ယံဆန်ကြ။ + လက်ယောင်လိုက်နေတဲ့ အတွေးအခေါ်တွေနဲ့ အနှစ်သုံးဆယ်ကျော် အထိမ်း အသိမ်း ခံခဲ့ရတဲ့ ဟောဒီ ဦးခေါင်းကြီးကို conservative တံဆိပ်ကပ်ပြီး လူလယ်ခေါင်မှာချပြ လိုက်တယ်။ သုံးချက်တွက်နည်းအတိုင်းပဲ ငါတို့တွေဟာ ငတုံးတွေလို အနည်းလို အများစားခြေ ဖော်မြူလာ အတိုင်း ငအတွေ ဖြစ်ခဲ့ရတဲ့ လူတွေ လူတွေ။ + ငါတို့လွယ်ထားတဲ့ အညတရကိုယ်ဝန်ဟာ နုစဉ်ဘဝမှာတင် ဖျက်ချခံခဲ့ရ။ + ကုန်ကြမ်းပေးပြီး ကုန်ချောပြန်မရတဲ့ မျက်နှာတွေ ငါတို့ပါးစပ်တွေက ဆန်ကြမ်းနဲ့ပဲ တန်သလား။ စိတ်ကို ပတ္တာရိုက်ပြီး နံရံနဲ့ ဆွဲကပ်ထားလိုက်တယ်။ရုပ်ဟာအပေါက်ကြီးနဲ့ သံတိုင်တွေကို လက်အုပ်ချီလို့။ ဖြစ်လေရာဘဝမှာ အနုပညာစစ်စစ်နဲ့အတူ ငတ်မွတ်ရပါလို၏။ + အာဖရိကန်တစ်ယောက်ရဲ့ ဆံပင်တွေလို ဆင်းရဲတွင်း၌တွန့်လိမ်ကောက်ကွေးနေတဲ့ လက်တွေ။ ဒါဇင်ပေါင်းများစွာသောမျက်လုံးတွေပေါ်မှာ ဒုက္ခကိုအရည်ကျိုပြီးလောင်းချပစ်လိုက်တယ်။ + Ground Zero ဇုံထဲကို ရောက်ရှိနေတဲ့ ကမ္ဘာကြီး။ငါတို့ကို ဘယ် ဘာသာတရားက အကြမ်းဖက်မလဲ/ မုဒိမ်းကျင့်မလဲ အဲ့သလိုပဲ ပူပူနွေးနွေးတွေးနေမိတယ်။စစ်အေး(cold war)တိုက်ပွဲတွေပြီးတော့ အခုခေတ်စား နေတဲ့ Cyber တိုက်ပွဲတွေ ...ပြီးရင်ရော ဘယ်လိုစနစ်တွေ အောင်ပွဲ ခံကြဦးမလဲ။ + မျက်စိကို အကုသိုလ်နဲ့ ကင်းရာ၊နားကို အသံတွေနဲ့ ဝေးရာ၊နှာခေါင်းကို ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ လွတ်ရာ၊လည်ချောင်းကို အစာရေစာနဲ့ဝေးရာ ရွှေ့လို့ရရင် ရွှေ့ထားလိုက်ချင်တယ်။ + ကြောက်စိတ်ကို ကျောက်ခေတ်ပြန်ပို့ပြီး ဟော့ဒီမျက်ခွက်ကြီးကို ရင့်ကျက်ချင်ယောင်ဆောင်ထားမိ။ + လူတွေ လူတွေ သစ်ပင်မစိုက်ချင်ကြတော့ဘူး ဆော့ဖ်ဝဲလ်ပဲ ရေးကြတော့မယ်ထင်ရဲ့။ သဘာဝတရားကြီးလည်း နည်းပညာနယ်နိမိတ်တွေထဲ စနစ်သစ်တစ်ခုလို ကျွံဝင်နေပြီ။ + လူ့အသိဥာဏ်တွေကို ဖျတ်ဆီးပစ်မယ့် ဗိုင်းရပ်စ်တစ်မျိုး အရေးပေါ်လိုအပ်နေကြောင်း ဘုရားသခင်ထံမှ Round Chord ဖြင့် ရေးထားသော သံကြိုးစာ တစ်စောင် လက်ခံရရှိ။ ရဲရင့်လမင်း ၂၂၀၆၂၀၁၄

No comments:

Post a Comment