(၁)
အရင်လိုပဲတောင်းထဲကိုမရောက်တဲ့စက္ကူစုတ်ကလေးပေါ့။လေတိုက်တိုင်းလွင့်နေတဲ့
တိမ်တွေလို စည်းမဲ့ကမ်းမဲ့ဘဝမှာပျော်တယ်။ဘုရားသခင်ဖန်ဆင်းပေးတာလား။
ဘယ်သူဘယ်ဝါရဲ့အမိန့်တော်လည်း။ကံ ကံဧ။်အလိုကျလား။
လူသေရင်လူပြန်ဖြစ်တယ်ဆိုတဲ့ အယူအဆအတွက် အီဂျစ်ပိရမစ်တွေဆီ
ခြေထောက်ဗလာနဲ့ ခရီးဆန့်ချင်နေတဲ့လူငယ်။ဂျင်းပန်နဲ့ကျောပိုးအိတ်။အာဏာနဲ့
ဓာတ်ပြုနေတဲ့ဂေဟစနစ်ထဲဒြပ်သားကြားခံနယ်မရှိတော့တဲ့အလွှာတွေ။လူကလူ။
ကျင့်ဝတ်ကကျင့်ဝတ်။အဲ့သလို ဖွာထွက်သွားတဲ့အနားစတွေ အသားစတွေ။
(၂)
ငြိမ်ငြိမ်နေလို့မရလို့ ဂူနံရံကအရုပ်တွေအကြောင်းတွေးတယ်။ဆရာကြီး(ဒဂုန်တာရာ)ရဲ့
`မေ´အကြောင်းတွေးတယ်။မိုးသက်ဟန်ရဲ့နော်ဝေတောအုပ်အကြောင်းတွေးတယ်။
`(ထီးဆိုင်)´ရဲ့'အပြာရောင်မျက်ရည်' လည်း သိပ်ကောင်းတာပဲလို့။
အုပ်စုဖွဲ့ကျီးကန်းတွေနဲ့ ဘာသာပြန် တောက်တဲ့ပုံပြင်ထဲက ဂိုင်းကန်နေတဲ့
သိုင်းကွက်တွေအကြောင်းတွေးတယ်။ရေစွတ်ထားတဲ့မီးသွေးတွေက အချိန်သိပ်စီးတာပဲလို့။
အလွတ်တန်းအော်ဆဲတက်တဲ့ ကျပ်မပြည့်တဲ့ကဗျာဆရာ/ငနာတွေအကြောင်းတွေးတယ်။
(အယ်လ်ဖြူ) ၊မောင်မောင်ဇော်လတ် တွဲရေးတဲ့သီချင်းတွေလည်းသိပ်လန်းတာပဲလို့။(ကိုအံ့ကြီး)ရဲ့
လူချွန်လူကောင်းထဲက ခေတ်မှီမီကမ္ဘာကြည့်ကြည့်မြင် ဆိုတဲ့စာသားလေးလည်း သိပ်အရသာ
ရှိတာပဲလို့။ဟုတ်ကဲ့။တိတ်တိတ်လေးပဲနေပါ့မယ် ကိုယ်ကလောလောဆယ် ဘောင်းဘီကျွတ်နေတဲ့မိုးတိမ်။
ကိုယ့်ရှေ့ မှာ အရှက်မလုံ့တလုံ့ကဗျာတွေ ဇော်ကကလို့။ ကိုယ့်ကိုယ်ကို ကဗျာဒိဗ္ဗစက္ခု ရနေသလိုလို
ခင်ဗျားအသည်းအသန်ပြုလုပ်ထားတဲ့ စာသားအဆောက်အအုံကြီး
တစ်ခုလုံးကို အသုဘကမ္မဌာန်းရှုပစ်လိုက်လို့ကတော့ ထိုင်တောင်ကန်တော့သွား
ဦးမယ့်ဖြစ်ခြင်း။အဲ့သလို မျက်နှာပေးနဲ့ လာမယ့် ၂၀၁၅ မှာခင်ဗျားလေ့လာဖို့
ကဗျာတွေတောင်ကြိုရေးပေးခဲ့မှာလို့ ခပ်တည်တည်နဲ့ ဖြဲခြောက်လိုက်သေးရဲ့။
ဒေါသအလျောက်တော့ ပညာကိုကျည်ဆံလိုလုပ်ပြီး သူတပါးသိက္ခာတရား
ပေါ်မှာ အဟိတ်စိတ်နဲ့ လက်ညှိုးသွားမကွေးဘူး။
လက်မှာအဖြူတစ်ကွင်းအနက်တစ်ကွင်း။ခေါင်းကဦးထုပ်မှာ Human Right.
ရင်ဘတ်ပေါ်ကစာတန်းက World Without Strangers.လွယ်ထားတဲ့အိတ်မှာ
စာလုံးအကြီးကြီးနဲ့ PEACE.အဲ့ဒီစတေကာတွေသာဆွဲခွါပြစ်လိုက်ရင် ခင်ဗျားတို့ဟာ
အရှင်လတ်လတ်ပရလောကသားတွေပဲ။လူ့အဖွဲ့အစည်းရဲ့ရယ်စရာကောင်းတဲ့လူရုပ်တွေပဲ။
လေးသည်တော်ဝီလျံတဲလ်ရဲ့မြားချက်တွေဟာ အခုခေတ်လူသားတွေရဲ့ခေါင်းပေါ်က
ပစ်မှတ်တွေနဲ့မထိုက်တန်ပါဘူး။စံသွေနေတဲ့လောကကြီးထဲ စံသွေနေတဲ့ဝါကျတစ်
ကြောင်းကို သဒ္ဒါလိုလိုကောင်တွေက သဒ္ဒါယောင်ဆောင်ပြီးဝိုင်းကိုက်ကြတယ်။
အဖြစ်ကမနှစ်ကနဲ့မတူပါဘူး။လစ်တမတ်စက္ကူတွေအရောင်ပြောင်းတဲ့ပွဲပဲဆိုပါတော့။
စဉ်းစားရတာဦးနှောက်ခြောက်တယ်။ဆီးဂိမ်းကဝင်ပေါက်၊ထွက်ပေါက်တွေလိုပဲ
ခင်ဗျားတို့ရဲ့အသိဥာဏ်တွေကို ချဲ့ထား ကားထားလိုက်။နိုင်ငံတကာလေချွန်သံနဲ့
တဝှီးဝှီးလည်နေတဲ့ ယဉ်ကျေးမှုယန္တရားထဲ ရှေ့ ကသွားတဲ့နွားတွေ ဖြောင့်ပါစေ။
(၃)
သွေးကြောထဲ no.3တွေထိုးထည့်ပြီး လူစိတ်ပျောက်နေတဲ့ကောင်။
တတောက်တောက်ယိုကျနေတဲ့သွေးစက်တွေထဲ ဟနေတဲ့ရင်ဘတ်ကြီး ဖြဲပြီး
ထိုးခံထားလိုက်တယ်။အသိဥာဏ်ထဲ မေတာတရားဟာပွက်နေတဲ့ ငရဲပဲ။
ဒဏ်ရာတစ်ခြမ်းခေတ်တစ်ခြမ်း စပ်ထားတဲ့ ခန္ဓာမှာ ချုပ်ရိုးတွေက ကွဲကွဲထွက်တယ်။
အရေပြားကိုဖောက်ဝင်လာတဲ့လိင်စိတ်။သူငယ်အိမ်ပေါ်ပြိုကျနေတဲ့ မိသားစုဝတ်ရုံ။
နားစည်မှာလာစိုက်နေတဲ့ အဝိဇ္ဇာဂီတ။ကိုယ့်စိတ္တဇအပေါ်ပြန်ကြွေကျနေတဲ့
အမနာပ ရွက်ခြောက် တွေ။ကဗျာရေးရင်း ဂါထာရွတ်ရင်း ကမ္ဘာပတ်ရင်း။
ခေတ်နဲ့ပွတ်တိုက်မိသမျှ ဟော့ဒီရင်ဘတ်ကြီးအမောဖောက်လာပြီ။ကိုယ်က ကိုယ်တိုင်ကိုယ်ကျ
ခမ်းခြောက်နေတဲ့ကောင်။ကိုယ့်သေတွင်းကို သူတပါးအယူအဆနဲ့မတူးဘူး။
(၄)
အာရုံ ၆ ပါး မှာ တစ်ပါးပါး စက်ချွတ်ယွင်းနေတာဖြစ်မယ်။ကြိုးတပ်ထားတဲ့တူရိယာတွေကို
ခဏတဖြုတ်ခံစားတက်တာ ကိုယ့်အကျင့်ပေါ့။ကိစ္စမရှိပါဘူး။ကင်မရာရှေ့ဒူးထောက်ပြီး၊
ကိုယ့်ကိုယ်ကို မကျေနပ်ကြောင်း ဝတ်လစ်စလစ် ဆုတောင်းကြရုံ။
ရဲရင့်လမင်း
၀၉၊၁၂၊၂၀၁၃
No comments:
Post a Comment