Saturday 26 November 2016

စကြဝဠာအတုထဲမှာ ရွေ့နေတဲ့ကြယ်တွေ


Profile အတုထဲမှာ စုတ်နေတဲ့ ရွက်တွေ၊လိမ်နေတဲ့ကြိုးတွေ။
ခင်ဗျားဟာ ဝမ်းတွင်းစုန်း ပဲလို့ပြောတော့ ကျုပ်မျက်လုံးတွေ ပြာသွားတယ်။
လှေနံရံမှာ တစ္ဆေတစ်ကောင်ပြေးလွှား။ပွင့်နေတဲ့မျက်လုံးကို ဖယောင်းသုတ်ပြီး
ဆွဲပိတ်ပစ်လိုက်တယ်။လူနဲ့ခေတ်ဟာ အခုထိလမိုင်းမကပ်သေးဘူး။
ခင်ဗျား တွေးရင်တွေးသလောက် ကျုပ်ဂေါက်ပေးလိုက်မယ်။

အသံတွေက မြည်မလိုလိုနဲ့ ဟည်းလာတယ်။ရယ်သံတွေ၊ရိသံတွေ၊ရွဲ့သံတွေ။
အဝေးဟာဝေးသထက် ထပ်ဝေးသွား၊ပုဝါစလေးဟာ အနက်ရောင်တွေနဲ့
ယက်ဖောက်ထားတဲ့ သြဂုတ်။(သို့) August တံခါးမှာ နာကျင်လိပ်ပြာတွေနားပါစေ။
ငါတို့ရဲ့နိုင်ငံရေး သွေးလွန်တုပ်ကွေးမိခဲ့တယ်။တမလွန်က ဝိညာဉ်တွေရဲ့
ညှော်နံ့တွေရတယ်။ဂယောင်ချောက်ချားစိတ်ထဲ အာရုံခံစားပုံ မလတ်ဆတ်တဲ့
ကဗျာတွေ အပြိုင်အဆိုင် ပုပ်ဆော်နံလာတယ်။Expire ဖြစ်နေတဲ့ဦးနှောက်အမှေးပါးတွေကို
ခြစ်ထုတ်ပစ်လိုက်စမ်းပါ။ဒဏ်ရာတွေမီးလောင်ပြန်ပြီလား။(ဒီနေ့လည်း ဗလာပဲပေါ့ ညီ)
ခပ်တည်တည်နဲ့ သမိုင်းကိုလာမရွှီးနဲ့။သမိုင်းဟာ မိုင်းထိထားသလိုလို၊မှိုင်းမိထားသလိုလို
အဲ့ဒီလို သတင်းအမှားတွေလည်းရှိတယ်။စိတ်ကို ဓာတ်ပုံရိုက်မယ်၊Scan ဖတ်မယ်။
ပြီးရင် မုသာဝါဒကို Filter ချမယ်။ဖြူစင်မှုတွေပန်းထွက်နေတဲ့ မီးတောင်ဟာ
ခေတ်နဲ့သားစပ်ထားတဲ့ ယဉ်ကျေးမှုပြတ်ရွေ့ကြီးပေါ်မှာ ယိမ်းထိုးလို့။
တစ်မိုးလုံးလည်းမှိုင်းခဲ့ပြီ၊တစ်တောလုံးလည်းလည်း ခမ်းခဲ့ပြီ၊တစ်တောင်လုံးလည်း ကန်းခဲ့ပြီ။
ပင်လယ်ထဲပစ်ချလိုက်တဲ့လူသေအလောင်းလို မျှော်လင့်ခြင်းဟာ ငါးစာဖြစ်သွားရှာပေါ့။
မေတ္တာတရားဟာ စုရဆောင်းရသိပ်ခက်တာပဲ။အာဖရိကတိုက် ဆာဟာရအောက်ပိုင်း၊
တစ်မိနစ်တစ်ယောက်နှုန်း ငှက်ဖျားရောဂါ။ဆေးယဉ်နေတဲ့ ပိုးတွေက ခန္ဓာကိုယ်ပေါ်
မှိတ်တုတ်မှိတ်တုတ်။ကမ္ဘာပတ်နေတဲ့ ပလပ်စတစ်ယဉ်ကျေးမှု။ကုန်ကြမ်းပေးကုန်ချောယူ။
ရင်ဘတ်ပေါ်ကဖြတ်သွားတဲ့ပိုက်လိုင်းကြီးကို ဖယောင်းတိုင်ထွန်းပြီး ငေးနေရတုန်း။
အဆုံကလည်းနာတယ်။အဆုတ်ကလည်းနာတယ်။
လေးလုံးတွေများလာ။လေလုံးတွေများလာ။ပြတ်ပြတ်သားသား ပြင်ပါ၊ပြပါ။
ဘဝကို ဒုက္ခတွေနဲ့ငြမ်းဆင်ထားတယ်။ဒုက္ခသစ်ပင်မှာ နေသာလိုက်၊ရေဆာလိုက်။
ယပလက်နဲ့ယဇ်လိုက်၊ရကောက်နဲ့ ရစ်လိုက်။
သွေးတိုးလိုက်၊ရာထူးတိုးလိုက်၊လစာတိုးလိုက်။တိုးလိုက် ကျယ်လိုက်။
ကျယ်လိုက် ကျဉ်းလိုက် လောက။စိတ်တွေ ဆူနေတယ်။
နှလုံးသားဟာ လရောင်မှာ ကြွတက်လို့/စိမ့်ဝင်လို့/ကျုံ့ဝင်လို့/ဖောင်းပွလို့။
သစ္စာတရားဟာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးပဲ။
ဘဒ္ဒကမ္ဘာမှာ မငတ်တဲ့နေ့ဆိုတာ မရှိဘူး။သေနတ်တွေအစား ကိုယ်ချင်းစာတရားကို
ပြောင်းထမ်းကြပါလား။လယ်သိမ်းတာဘယ်သူလဲ၊အသေခံဗုံးခွဲတာ ဘယ်သူလဲ။
စစ်မြေပြင်မှာပြေးလွှားငတ်မွတ်နေတာ ဘယ်သူတွေလဲ။
အရင်လိုပဲ ရုန်းနေရတုန်း၊ကန်နေရတုန်း။အရင်လိုပဲ ခြေတုလက်တုတွေကို
တပ်ဆင်ပေးနေရတုန်း။အရင်လိုပဲ အယားပြေလွှတ်တော်တက်နေကြတုန်းပေါ့။
အရာရာဟာ အစားစားနဲ့ အစာမရှိတဲ့ရောဂါဟာ ကမ္ဘာပတ်နေတဲ့မြွေ။
အရစ်ပြုံးလာတဲ့အရှက်ဟာ ယဉ်ကျေးမှုပေတံမှာ သွားထောက်တယ်။
ခင်ဗျားရဲ့ Zip File ထဲ နန်းသီရိမောင်တွေများလာတာ အကြောင်းတော့ရှိမယ်။
အကြောင်တော့မရိုက်နဲ့ အလုပ်မလုပ်တော့တဲ့ အစိတ်အပိုင်းတွေကို ဖြုတ်လဲထားပြီးပြီ။
ဘဝဆိုတာ စကတည်းက Original ဒုက္ခတွေနဲ့ ကိုယ့်ကိုယ်ကို ဝန်ဆောင်မှု
ပေးနေတဲ့ အတ္တတွေကြားထဲ နစ်နေရတာ/ဂစ်နေရတာ။စာသင်ခန်းထဲက
သင်ရင်းခမ်းလာတဲ့သင်္ခန်းစာတွေလို အသိဥာဏ်တွေ မခြောက်သွေ့ချင်တော့ဘူး။
အစာရေစာ ချို့တဲ့လို့ တဖြုတ်ဖြုတ်ကြွေနေတဲ့ အသက်ဇီဝတွေကို ထိုင်ကြည့်မနေချင်တော့ဘူး။
တူးဆွမှုတိုင်းက ဒဏ်ရာ၊ခေတ်ငရဲမှာ လာချိတ်နေတဲ့ အသက်ဓာတ်ကလေးက အိုးမဲ့အိမ်မဲ့။
'အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်'
ကျည်ဆံမရှိတော့တဲ့ ကျည်ခွံတွေက ပါးစပ်တွေကို ဟောင်းလောင်း၊
စသင်ခန်းတွေကို ဟောင်းလောင်း၊အသိဥာဏ်တွေကို ဟောင်းလောင်း၊
ထောင်တံခါးတွေကို ဟောင်းလောင်း။မေတ္တာတရားအမည်ခံထားတဲ့ ရွေရည်စိမ်နာမတော်။
လူကိုလူကပဲ ပတ်ရှောင်နေကြတာ၊မသတီစရာလောကကြီး၊ဒူးပေါ်ပေါင်ပေါ်လောကကြီး။
တစ်ယောက်တစ်ဘာသာနဲ့ တစ်ယောက်အနာကို တစ်ယောက်ကမီးစနဲ့ထိုး၊
ကံ ကံ၏အကျိုးမှာ မှိုချိုးမျှစ်ချိုး ပျော်ကြရဲ့မဟုတ်လား။
ငါ့ကမ္ဘာမှ ငါ့ကမ္ဘာ၊ငါ့ကဗျာမှ ငါ့ကဗျာ၊ငါ့ဂါထာမှ ငါ့ဂါထာဆိုသူတွေက မြို့ကိုကျုံးပတ်ပြီးနေကြ။
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်ဟာ ဒီခေတ်ကြီးရဲ့စွန့်ပစ်ပစ္စည်းတစ်ခုလိုဖြစ်လာ။
တိုက်ခိုက်မှုကို ခုံမင်နေတဲ့ မျက်လုံးတွေရယ်၊စနစ်တစ်ခုမှာ လောက်တက်နေတဲ့ နားတွေရယ်။
ကြာလာတော့ ဟောဒီ ရင်ဘတ်ကြီးက ခေတ်ကို ပလုတ်ကျင်းပြီး ထွေးထုတ်လိုက်မိတယ်........။

ရဲရင့်လမင်း
17082013

No comments:

Post a Comment