Saturday, 26 November 2016

# ဒီမြို့မှာ ခင်ဗျားက ဘာနတ်လဲ



ဒါလီရဲ့ အရည်ပျော်နေတဲ့နာရီတွေပြီးရင် ဒုတိယငါအလိုချင်ဆုံးက အရည်ပျော်နေတဲ့
ကဗျာတွေပဲ။အဲ့ဒီကဗျာတွေကိုထည့်ဖို့ ခွက်ကောင်းကောင်းတစ်လုံးလည်း လိုမယ်။

တစ်စုံတစ်ယောက်က ငါ့ကို မင်းကဗျာမရေးနဲ့တော့လို့ပြောလာရင် ငါရယ်မိမှာပဲ။
မြို့ကျဉ်းကျဉ်းလေးထဲက လမ်းကျဉ်းကျဉ်းလေးထဲမှာ မိဘမေတ္တာထမင်းဆိုင်လေးရှိပါတယ်။
စားကြသောက်ကြရင်း လမ်းပေါ်မှာ အိမ်ဖွဲ့နေတဲ့ မိသားစုတွေ။
ဖွာလက်စ စီးကရက်ကို မီးသတ်ပြီး ပလက်ဖောင်းပေါ်လွှင့်ပစ်လိုက်တယ်။
နွေဟာ ရှဲခနဲ ငါ့ခြေထောက်ကို တစ်ခါသုံးပစ္စည်းတွေနဲ့ ဝင်ဝှေ့တယ်။
လမ်းဘေးဓာတ်တိုင်တွေ အရင်လိုပဲ ရှုပ်ယှက်ခတ်လို့ 
ကောင်းတုန်း၊မင်းလှ ခံတပ်အပါအဝင် အားလုံးဟာ အမှောင်မစင်သေး။
ညညဆို တစ္ဆေ တစ်ကောင်လို ကတ္တရာနံရံမှာ တွယ်ကပ်နေမိ။
မျက်ကွင်းတွေလိုပဲ ဟိုက်ဝင်နေတဲ့ အစာအိမ်၊
လူအုပ်ကြီးထဲ ပျောက်ဆုံးနေတဲ့ နှစ်ထောင်တန်တွေ။
အရှင်လတ်လတ် သေနေ့စေ့ပေးနေရတဲ့ အဝေးပြေးလမ်းမကြီး။
အသက်ရော အရှက်ပါ နည်းပညာကုန်အကူးခံလိုက်ရပါပြီ။
လောကီထုပ္ပတ်လူတို့ဇာတ်မှာ ပညာတတ်တွေ အမှားကြီးကြီးမမှားကြဖို့လည်း ဆုတောင်းပါတယ်။
အာရုံတိမ်းညွှတ်ရာမှာ မိုးအတုတွေရွာချခဲ့သလို ငါတို့ဟာ လမ်းပေါ်မှာ ရွှဲရွှဲစိုလို့။
နေလောင်ဒဏ်ရာတွေနဲ့ ငါရေးတဲ့ကဗျာဟာ အရေပြားစစ်စစ်ပေါ်မှာ အညိုအမဲတွေ စွဲသထက်စွဲ။
ငါ့အရေပြားဟာ ငါ့ကျည်ကာပဲ။
လမ်းကျဉ်းကျဉ်းလေးထဲက စက်နှိုးသံနဲ့အတူ (heat)တက်နေတဲ့ ရယ်သံကျဉ်းကျဉ်းလေးတွေ။

ရဲရင့်လမင်း 

No comments:

Post a Comment