Saturday 26 November 2016

Irony မမြောက်တဲ့အရေးအသားတွေနဲ့ ငါ ဟာ ငါ့ ဘဝ ရဲ့ DJ


တစ်ပွင့်ဟာ တစ်ပင်လုံးကိုမွှေးကြောင်း information ကောင်းပါစေ။
အိုင်တီခေတ်ရဲ့ပန်းတိုင် *အဝါရောင်ကိုက်ခဲမှု တွေ များလာတယ်။
သမုဒ္ဒရာ ဝမ်းတစ်ထွာထဲ ကန်စွန်းခင်းလည်း ငြိခဲ့ပြီ အမေ။
မုဆိုးပဲရွှေအိုးထမ်းလာမလား။ ခန္ဓာပျက်ကိန်းပဲပြေးကြုံလိုက်ရမလား။
တစ်သျှူးယဉ်ကျေးမှုထဲမှာ ဘာသာစကား သရဲအခြောက်ခံရတဲ့ မြို့။

ကော်စမတ်တစ် ဘာသာဗေဒထဲမှာ လူမှုရေးခေါင်းပါးလွန်းတဲ့မြို့။
Recycle Bin တစ်ခုထဲမှာ တစ္ဆေတစ်ကောင်ရဲ့ မျက်နှာပေးနဲ့ စုန်းတောက်နေတဲ့မြို့။
ကိုယ်တွင်းဝင်ဖြောင့်ရင်ပြီးရော အဲ့သလို ငါဗဟိုပြုတဲ့မြို့။
အချစ်ဟာနှလုံးသားရဲ့ side effect ပဲလို့ စိတ်ရောဂါဝေဒနာရှင်တစ်ယောက်က
အာခေါင်ခြစ် ညာဉ်းတွားဖူးရဲ့။
ဘဝငယ်ထိပ်ပေါ်တဖောက်ဖောက်ကျနေတဲ့ လောကဒဏ်ရေစက်တွေ
လူငယ်ဘဝကို နှလုံးသွင်းဖို့ လူလုံးမလှခဲ့တဲ့ ရွက်စုတ်ပြက္ခဒိန်ပေါ်က ရောဂါအသစ်အဆန်းတွေ။
ပိုးသားရောင်လမ်းကိုပဲ ဂန္တဝင်ဆန်ဆန်အကြွားသန်ရအောင်ပေါ့။
လောလောဆယ် စိတ်ဟာ စိတ်ထဲမှာ ရှုပ်ထွေးနေတယ်/ပြိုကွဲနေတယ်။
သွေးဝပြီးပျံနေတဲ့ ခြင်လို အခါတပါး၌ သံသရာကို သံသယတွေနဲ့ သားစိတ်မယားစိတ်ထားမိ။
နားနေသောနားတွေနဲ့ အဖုအထစ် အဆစ်အမြစ် ကြောက်စိတ်ပေါ်မှာ ကျောက်စက်ရေဟာ
တစိမ့်စိမ့်/တစက်စက်။
အနာတွေကိုထွန်ယက်နေတဲ့ လယ်ထွန်ရင်ဗလာဘဝများ ခြောက်သွေ့ရာသစ်ကိုင်းမှာ
သွေးစို့ဝေဒနာနဲ့ ရင်ဘတ်စည်တီး ချွေးတဒီးဒီးခနေတဲ့မြေပြင်။
ဝေဟင်ကနေမြေသား ကိုယ့်တရားကိုယ်စီရင်လို့ ခေတ်ပေါ်သွေးခုန်နှုန်းမှာ အတွေးကို လားရာအတိုင်း
လာနေကျလမ်းပေါ် ခေါ်တင်ခဲ့မိ။
စက္ကန့်သံတွေညံတယ်။money changer ဆိုင်းဘုတ်ကြီးပေါ် တွယ်တက်သွားတဲ့ မိသားတစ်စု၏
တုန်ခါမှု။
ဆင်းရဲချမ်းသာမရွေး သူတပါးစင်္ကြံပေါ် စကားလုံးငွေ့ရည်ဖွဲ့နေတဲ့ ပါးစပ်တွေ မျက်ခုံးတွေ
ဇင်ယော်တောင်ပံကျိုးတွေ ငေးလို့ကောင်းတယ်။
Phenomenon ထဲက သက်တန့်ကြီးတစ်စင်း ဗုံးခိုကျင်းထဲထိုးဆင်းသွား။
ကမ္ဘာ့ လေထုကို ရာဇဝတ်မှုမြောက်တဲ့ဓာတုလက်နက်တွေနဲ့ ဓာတ်ပြုကြ။
(လောဘ + ဒေါသ + မောဟ) ပြည့်ဝပျော်ရည်ဟာ အာရုံကြောထဲကနေ တငွေ့ငွေ့ရုန်းကြွလို့။
ပြည်သူတွေရဲ့အသက်တွေ အဖိတ်အစင်များမှ သမိုင်းကရဲရဲတောက်မှာမဟုတ်လား။
ခန္ဓာကိုယ် ထဲပြေးဝင်လာတဲ့ ခေတ်ကြားကညှော်နံ့ တွေ ဆောင်းတွင်းမီးဖိုလေးသာဆို
ဘယ်လောက်ကောင်းမလဲ။
မေတ္တာ တရားဟာ လွတ်နေတဲ့အပ်ကြိုးပဲ။အဖိုနဲ့အမဟာ သစ္စာ ရှိရှိဆွဲငင်ကြဖို့ လိုတယ်။
နှလုံး သားကို မြက်ခင်းစိမ်းပေါ်ပစ်တင်ပြီး စစ်ပွဲ တစ်ပွဲ၏ အနိဌာရုံကိုပြောပြပါ။
ရောဂါဟာ တဆစ်ဆစ်နဲ့ မြုံနေတဲ့အနာပေါ်မှာ အသိဥာဏ်ဟာ မိုးမလင်းဘူး။
ကမ်းနဖူးကအိမ်လေးဟာ ဒီရေတက်ချိန်ဆို မသာယာတော့ဘူး။
လိပ်ပြာနဲ့ စွယ်တော်ရွက်လေးတွေ ဗလာစာအုပ်ထဲ လမ်းသလားတဲ့ခေတ် မဟုတ်တော့ဘူး။
အမှန်တရားဟာအမြစ်ကနေဆွဲ အနှုတ်ခံထားရတဲ့ သစ်ပင်လို။
လျှပ်စစ်သွေးကြောတွေထဲ မုသာဝါဒ နဲ့ ကံ ဟာတလှည့်စီ ပြေးလမ်းပိတ်နေတယ်။

* လေးဖြူသီချင်းခေါင်းစဉ်

ရဲရင့်လမင်း
13092013

No comments:

Post a Comment