လတ်တလောအရေးအသားတွေ မိုက်တယ် ဒေသိယစကားအရ မှောင်တယ်လို့ လည်း ယူဆလို့ ရ။
မိဿလင်အယူအဆနဲ့ ဂျင်းစိမ်းအယူအဆ အပြိုင်စီးဆင်းလျှက်ရှိသော။ရှာနေရင်းတောင် ရှားရှားလာသော။
ဒီနေ့ အဖို့ ဖို့ ရန်ရှိသော။ ဟောခန်းနံရံမှာ'' ' ငါ' ကို ဖြုတ်ပါ ' လို့ ' ငါ' က ဝင်ရေးသွား။
ငါ့မျက်လုံးတွေကိုအရောင်းအဝယ်လုပ်ပါ။ ငါ့အကြည့်တွေကို ဈေးဖြတ်ပါ။
ခေတ်ရိုးစူးထားတဲ့ ငါ့သူငယ်အိမ်ထဲ သွေးမျက်ရည်တွေကို သိမ်းမထားချင်တော့ဘူး။
ရွံစရာကောင်းတဲ့ လူမှုဆက်ဆံရေးအတုတွေကို ခွေးကျွေးလိုက်။ မွေးမွေးချင်း ' google' လို့ 
အော်ပြီးထွက်လာသလို ဒီခေတ်လူသားတွေ။ တမလွန်ဆီ ဖုန်းလှမ်းဆက် စကားတွေပြော မျက်ရည်တွေကျ။
ရှည်မျောမျောလမ်းမကြီးကိုငေးပြီး စိတ်က ဝင်္ကဘာဆန်လာ။toilet သုံး တစ်ရှူးလို တဖြည်းဖြည်းလုံးပါးပါး
ဖြစ်စဉ်။ ဟိုအရင် မှိုရတဲ့မျက်နှာကြီး ခုတော့ မှိုတက်နေရှာ။ နှာသီးဝမှာလမ်းသလားနေတဲ့
ဝင်လေ ထွက်လေ။သတိကရှိတစ်ချက် မရှိတစ်ချက် အလင်းငတ်နေတဲ့ မာကျူရီမီးလုံးတွေလို။
ဗန်ဒါရွက်ကြွေပုံကအစ ယူတတ်ရင် တရားပဲ။ ရှတယ်။ စစ်တိုက်မှမဟုတ်ဘူး။ နျူးကလီးယားဗုံးကြဲ မှ
မဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်က တိုင်းပြည်တစ်ပြည်ကို လူညွှန့် တုံးအောင် လုပ်နိုင်တဲ့ စီမံကိန်းတွေ။
ဟာနေတဲ့ရင်ဘတ်ကြီးထဲ ဟာနေတဲ့မြို့ကြီးကို ထိုးသိပ်ထည့်မိတော့။
side effect အဖြစ်ကန်ထွက်လာတဲ့ အနုပညာမိုးခေါင်ရေရှားရပ်ကွက်တွေ။
ဝါဒပေါင်းစုံနဲ့ဝါဒီများနေတဲ့ ဆင်ခြေဖုံးတွေ။အငတ်ဘေးဆိုက်နေတဲ့လမ်းကြိုလမ်းကြားတွေ။
မှတ်ဥာဏ်တွေ တစ်စစီပြုတ်ထွက်နေတဲ့ ဟော့ဒီအပုပ်ကောင်ကြီးကလည်း အိမ်ကပ်ချင်တာပေါ့ လမ်းရယ်။
အပေါက်အလမ်းမတည့်တဲ့ လူမှုကွန်ယက်ထဲ အတန်းအစားခွဲကြ။အဖိုအမခွဲကြ။ကိုးကွယ်ရာခွဲကြ။
ဘာသာဗေဒခွဲကြ။မတူတာတွေခွဲကြ။ဝေစုခွဲကြ။အုတ်ကြားထဲက မြက်ပင်လေးလို ဖွဖွ လေးကြေကွဲရ။
လောကဓံချင်း ပူးပူးကပ်ကပ် လက်ပွန်းတနှီး။Bulldozer နဲ့ တူတဲ့ လက်မည်းကြီးက အလစ်ဝင်ဝင်လာ။
မလစ်ရင်လည်း ဗြောင်ဝင်လာ။ချစ်သောစပါးနှံလေးတွေနဲ့ ဝေးရာ ဝက်ဝက်ကွဲအောင် ကျကွဲ။အိမ်ဆာတယ်။
အိမ်ဆာတာကြီးကိုပဲ ဝအောင်စား ဝမ်းနဲ့ လွယ်။ ဘုရားစင်မှာကပ်နေတဲ့ ဖားပျံလေး တစ်ကောင်ရဲ့
ဆုတောင်းကို ခေါင်းရွက်ဗျက်ထိုး ဈေးသည်လေးက မသိရှာသလိုမျိုး ကိုယ့်အဆင်နဲ့ကိုယ်
ကိုယ့်အဆင့်နဲ့ကိုယ် ကြုံရာကျပန်း ရုပ်ဝါဒကို ခပ်ကြမ်းကြမ်း ဖမ်းဆုပ်ထားကြ။
မျက်ရည်ကြီးငယ်များကို live ထုတ်လုပ် တင်ဆက်နေသော ဆက်တင်ကြီးထဲ
မေတ္တာတရားကိုမသိနားမလည်သော ကိုယ် သစ္စာတရားကို အယုံအကြည်မဲ့သောကိုယ်
ဖြစ်ရပါလို၏။ရေအောက်ဆက်ကြောင်းကြီးပြတ်သလို တစ်ယောက်နဲ့ တစ်ယောက် chat လို့ မရ။
တစ်ယောက်နဲ့ တစ်ယောက်ကတော့ ချက်စားနေကြတယ်။ ဇာတ်တူသားတွေ။
ကမ္ဘာမကျေဘူးချည်းပြောပြောနေကြတာ။ကမ္ဘာက နျူးကလီးယားကို ဋ္ဌာပနာပြီး Cyber အရေခြုံထားခဲ့။
ကမ္ဘာမကြေပါဘူး။ကမ္ဘာသူ/သားတွေသာ နည်းပညာသပွတ်အူထဲ ရှော့ခ်ရိုက်နေကြ။
စိတ်ပိုင်းဆိုင်ရာ သွေးယိုစီးမှုတွေဟာ ဆေးမမီတော့ဘူး။
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးရဲ့စကားက မထိဘဲ သာမန်ကဗျာဆရာလေးတစ်ယောက်ရဲ့စာသားက လာထိတာ။
လင်းလက်တာရာ ရဲရင့်လမင်း
၀၈၀၁၂၀၁၄
No comments:
Post a Comment