Saturday 26 November 2016

#ကျွန်ုပ်၏ဦးခေါင်း


- အသံတွေကိုကြားကြားနေရ၏။မည်သည့်အရပ်မှလာသောအသံများဟူ၍ကား မသဲကွဲ။နေ့စဉ်ကြား
နေကြ ကားဟွန်းသံ၊ကလေးငိုသံ၊လူရယ်သံ၊ဝပ်ရှော့ထဲမှကွန်ပရက်ဇာစက်သံ၊တယ်လီဖုန်းမြည်သံ၊
သီချင်းသံ၊သတင်းကြေငြာသံ၊ကားစက်နှိုးသံ၊ဆန္ဒပြတောင်းဆိုသံ စသည့်အသံများ တစ်ခုမှမဟုတ်။
ဘဝမှာ တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဘူးသော အသံတွေဖြစ်သည်။ဒီအသံတွေက ဘယ်နေရာကနေ
လာပြီး ဘာကြောင့်ငါ့နားထဲမှာ လာလာကြားနေရတာလဲ။
ဒီအသံတွေနဲ့ငါ ဘယ်လိုများဆက်စပ်မှု
ရှိနေလို့လဲ။ဒါဟာ ဘုရားသခင်တစ်ပါးပါးက ဖန်ဆင်းလိုက်တဲ့အသံတွေများလား။သေချာတာက
တော့ ငါကြားနေရတဲ့အသံတွေဟာ သာယာငြိမ့်ညောင်းခြင်း မရှိဘူးဆိုတာပဲ။အဆိုးရွားဆုံးလို့ပဲ
ဆိုရမလားမသိပါ။ငါ့နားကကြားသမျှ အဲ့ဒီအသံတွေကို ငါလိုက်ပြီးခံစားနေပါလား။ငါရပ်တန့်လိုက်
လို့မရဘူး။အသံတွေကလည်း တဖြေးဖြေးနဲ့ ငါ့စိတ်ရဲ့အနက်ရှိုင်းဆုံးနေရာအထိ မရပ်မနား စီးဝင်
လာနေကြပြီ။အသံတွေဟာတဖြေးဖြေးနဲ့ တုန်ခါလာ။နာနာကျင်ကျင်နဲ့ ကြေကွဲစို့နစ်လာ။
နူးညံ့သိမ်မွေ့ဖို့အားယူရင်းကနေ ဖရိုဖရဲပေါက်ကွဲလွင့်စင်ထွက်ဖို့ ကြောက်မက်ဖွယ် စိတ္တဇဆန်မှုထဲ
အတင်းဇွတ်တိုးဝင်နေကြသလိုမျိုး။ငါ့အာခေါင်တွေခြောက်ကပ်လာ။အသံတွေကို ဆက်လက်
နားဆင်ဖို့၊ခံစားဖို့ ငါ့မှာ အင်အားမရှိတော့။ငါ့နားနှစ်ဖက်ကို လက်နဲ့ဖမ်းပိတ်လိုက်ပြီး နံရံဆီလှမ်း
အကြည့် -

- ဗီရိုမှာကပ်ထားတဲ့nudeပိုစတာ၊အရက်ပုလင်းတံဆိပ်ပြက္ခဒိန်၊ဖုန်တွေနဲ့ဂျမ်းဖြစ်နေတဲ့မျက်နှာ
ကျက်၊တစ်ဖက်ကန်းနားကြပ်၊ချေးအထပ်ထပ်ဦးထုပ်၊အမေ့လက်ရာလွယ်အိတ်၊ချဉ်စော်နံ
အဝတ်တောင်း၊အိပ်သူမရှိဖော့မွေ့ယာ၊ပိုးဟပ်အိမ်ရှူးဖိနပ်၊ပင့်ကူအိမ်အင်္ကျီချိတ်၊ကြမ်းခင်းပေါ်
ပြုတ်ကျပြီး ကြေနေတဲ့မိသားစု ဓာတ်ပုံ၊လျှပ်စစ်မီးစောင့်မျှော်သူ ပန်ကာ၊ငါ့ငြိမ်းချမ်းရေးမနက်စာ
ဆီ ချီတက်နေသော ပုရွက်ဆိတ်စစ်တပ်ကြီး၊ဝက်အူလှည့်နဲ့ထိုးဖောက်ထား စာအုပ်တစ်အုပ်
ထိုအရာဝတ္ထုများအပြင် တခြားငါမြင်နေကြအရာများ တစ်ခုမှမရှိတော့ပါ။ငါ့မျက်လုံးထဲ
ထူထဲသိပ်သည်းတဲ့ အရောင်ရင့်ရင့်တွေသာ မြင်နေ။အလင်းအမှောင်လည်း မသဲကွဲ၊အချိန်ကာလ
သတ်မှတ်၍လည်းမရ၊အမျိုးအမည်တပ်ရန်ခက်ခဲလွန်းသော အရောင်များသာ။အရောင်တွေ
ငါ့ကိုယ်ပေါ်ကို ပြိုကျ၊ပိကျလာတာ မြင်နေရ။အရောင်မှိုင်းမှိုင်း၊စိမ်းပုတ်ပုတ်အရောင်တွေ
ငါ့ကို ဝါးမျိုလာ။ငါရုန်းတယ်။ငါမလွတ်မြောက်ဘူး။အရောင်တွေထဲ ငါနစ်သထက်နစ်လာ။
ငါအသက်ရှူမဝတော့။ငါနေရာရွှေ့ဖို့ကြိုးစား။ငါလှုပ်ရှားလို့မရ။အရောင်တွေက ငါ့ခန္ဓာအနှံ့
တဇဉ်းနဲ့တိုက်စားသလို ငါ့အရေပြားတွေကို ခြစ်ထုတ်နေ။ငါ့အရေပြားဟာပေါက်ထွက်ပြီး
ရောင်စုံသွေးတွေပန်းထွက်လာ။ငါဆက်မကြည့်ရဲ။မျက်လုံးကို လက်နဲ့အုပ် ငြီးတွားရင်း
အာမေဋိတ်ဆန်ဆန်စကားလုံးတွေ ထွက်ကျသွား -

- မြက်ခင်းစိမ်းစိမ်းလိုတယ်။လူသားဆန်မှုလိုတယ်။စက္ကူစွန်လေးလိုတယ်။ကောင်းကင်အဖြစ်
သတ်မှတ်ဖို့ အပြာရောင်ဂျင်းပန်လိုတယ်။မိုးကုတ်စက်ဝိုင်းလိုတယ်။အတွင်းနှင့်အပြင် မပေါက်
ကြားဖို့ ယုံကြည်ချက်သော့ခလောက်လိုတယ်။အစာအိမ်ကောင်းကောင်းတစ်ခုလိုတယ်။ပထမ
တန်းစားကဗျာဆရာတစ်ယောက်လိုတယ်။လူ့အခွင့်အရေးလိုတယ်။အနုပညာလိုတယ်။ပန်းချီ
ကားလိုတယ်။ကျန်းမာရေးကောင်းဖို့လိုတယ်။ဘာသာတရားလိုတယ်။ဝါဒလိုတယ်။အိမ်သာ
လိုတယ်။ခေါင်းဆောင်ကောင်းလိုတယ်။ငွေလိုတယ်။မိန်းမ/ယောင်္ကျားလိုတယ်။ကလေးလိုတယ်။
ထီး၊ဖိနပ်၊အိမ်၊ကား၊တယ်လီဖုန်းလိုတယ်။မေတ္တာတရားလိုတယ်။သင်္ဃန်းလိုတယ်။ဥပဒေလိုတယ်။
မူးယစ်ဆေးဝါးလိုတယ်။အတုအပလိုတယ်။ရောဂါလိုတယ်။ပြည့်တန်ဆာလိုတယ်။လက်နက်လို
တယ်။မှတ်ပုံတင်လိုတယ်။အင်တာနက်လိုတယ်။အသားငါးလိုတယ်။အာဏာလိုတယ်။တနေ့တနေ့
ဟော့ဒီစိတ်နဲ့ချိတ်ဆက်ထားတဲ့ ပါးစပ်ပေါက်မှ ယိုစိမ့်ကျနေသော လိုအပ်ချက် စကားလုံးတွေ။
တကယ်တော့လိုအပ်ချက်တွေဟာ အာမေဋိတ်မှ မဟုတ်တာ။ငါ့အတ္တဖြစ်တည်မှုက ခုန်ပေါက်
ထွက်လာနေတဲ့အလိုရမ္မက်တွေသာ။ဒီလောက် ကိုးရို့ကားယားနိုင်တဲ့ ပါးစပ်ပေါက်ကြီးကိုပိတ်
ပစ် ပြီး အသက်ကို မျှင်းမျှင်းလေးရှူသွင်းလိုက်တော့ -

- ငါ့ရှေ့တွင် တစ်ပွင့်ကို တစ်ရောင်နှုန်းဖြင့်ပွင့်နေသည့် နှင်းဆီပန်းပင်လေးတစ်ပင်။အဖြူရောင်
နှင်းဆီပွင့်လေးမှပြောသည်။(ရှင် ရိုးသားခြင်းရနံ့တွေမရဘူးလား)အပြာရောင် နှင်းဆီပွင့်လေးမှ
ပြောသည်။(ရှင် ငြိမ်းချမ်းရေးရနံ့တွေမရဘူးလား)အနီရောင် နှင်းဆီပွင့်လေးမှပြောသည်။(ရှင်
ရဲရင့်ခြင်းရနံ့တွေမရဘူးလား)အဝါရောင် နှင်းဆီပွင့်လေးမှပြောသည်။(ရှင် တစ်ကိုယ်ကောင်းဆန်
မှု ရနံ့တွေမရဘူးလား)အနက်ရောင် နှင်းဆီပွင့်လေးမှပြောသည်။(ရှင် တိတ်ဆိတ်ခြင်းရနံ့တွေ
မရဘူးလား)ခရမ်းရောင်နှင်းဆီပွင့်လေးမှပြောသည်။(ရှင် ခွန်အားရဲ့ရနံ့တွေမရဘူးလား)
ငါ့အာရုံခံစနစ်သည် တဖြေးဖြေးနောက်ကျိလာ၏။ငါ့အသက်ရှူလမ်းကြောင်းထဲ ဆူးတွေ
တစ်ချောင်းပြီး တစ်ချောင်း ဝင်ရောက်လာ။အဆုတ်ကို ဖောက်ထွက်။နှလုံးရဲ့ သွေးလွှတ်ကြော
သွေးပြန်ကြောတွေကို ဖောက်ထွက်။လူ့ကျင့်ဝတ်အလွှာတွေကိုဖောက်ထွက်။အဲ့သလိုဖောက်ထွက်
ရှင်သန်နေသော လူသားသစ်ပင်တိုင်း၌ ရနံ့တစ်မျိုးစီတော့ ရှိကြပေလိမ့်မည်။ရနံ့များသည်
ရောထွေးခွင့်ရှိသည်။သီးခြားဆန်ခွင့်ရှိသည်။စူးရှခွင့်ရှိသည်။ပြယ်လွင့်ခွင့်ရှိသည်။

- သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်(နယူတန်၏တတိယနိယာမ)ဟုဆိုလျှင်
ရှင်ခြင်း၏ တန်ပြန်သက်ရောက်မှုသည် သေခြင်းပင်ဖြစ်၏။အရောင်ဖြင့်သေမည်လော။
ရနံ့ဖြင့်သေမည်လော။ဆူးစူးခံ၍သေမည်လော။ဝါဒဖြင့်သေမည်လော။အသံဖြင့်သေမည်လော။
အနုပညာဖြင့်သေမည်လော။စဉ်းစားတွေးခေါ်ရင်းသေမည်လော။အာဏာဖြင့်သေမည်လော။
အတ္တဖြင့်သေမည်လော။လိုအပ်ချက်များဖြင့်သေမည်လော။ငါ့ရွေးချယ်မှုသည်ဘာလဲ။သင့်
ရွေးချယ်မှုသည် ဘာလဲ။မည်သည့်အရာမှ ထပ်တူကျရန်မလို။

- ရှင်ခြင်းနှင့်သေခြင်းကြားတွင် ကျွန်ုပ်၏ဦးခေါင်းသည် အခွံချည်းသက်သက်သာ ဖြစ်သည်။
ရှင်ခြင်းပြီးလျှင် ကျွန်ုပ်အတွက် အသစ်လွင်ဆုံးမှာ သေခြင်းပင်ဖြစ်သည်။ _____။

ရဲရင့်လမင်း
၀၄၀၇၂၀၁၅
၂၀၁၆ ဧပရယ် Idea Magazine.

No comments:

Post a Comment