Saturday 26 November 2016

သက်ရှိသက်မဲ့ လက်ရှိလက်မဲ့ ဒြပ်ရှိဒြပ်မဲ့ ဇာတ်ရှိဇာတ်မဲ့



အောက်ဆီဂျင်မဝတဲ့ လူတွေကို စကားလုံးသစ်ရွက်တွေပဲပေးနိုင်တယ်။
လူ့မှုဝန်းကျင်ရဲ့ ဟန်ဆောင်မှုတွေက အခုအခံတွေနဲ့ ရင်သား
ခံစားချက်ပျားအုံကြီးနောက်က ခေတ်ရဲ့နောက်မြီးဆွဲ ပြသနာတွေဓါးခုတ်ရာထဲကို
ဖျားနာနေတဲ့လျှာတွေကို ထိုးထည့်ပစ်လိုက်တော့မယ်။
ခိုင်အောင် ခွင်(ဂွင်)ရိုက်ပြီး ခုတ်မယ် ထစ်မယ် ပါးပါးလှီးကြည့်လိုက်မယ်ပေါ့။

ကလိမ်ကကျစ်ဖီလင်ကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေကြတယ်။
မဟုတ်တမ်း တရားဖတ်စာကို သင်ရိုးညွှန်းလိုက်တော့ လောင်လိုက်တဲ့မီးက ပွင့်လင်းမြင်သာထဲက
ဒီလူတွေပဲရှို့လိုက်တာ။ခေတ်အပြဲကြီးထဲ တစ္ဆေတွေက သရဲတွေကို ထောက်ခံနေကြ။
အရှင်နာဂသိန် နဲ့ မတွေ့သေးတဲ့ မိလိန္ဒတွေ ဆေးမရှိဘူး။
စာသင်ခန်းထဲရောက်နေတာလား ငရဲခန်းထဲမှားဝင်မိတာလား။
အသပြာနဲ့ အသိဥာဏ်ကိုလဲလှယ်နေရတယ်။
သတင်းလား/အတင်းလား/ ခင်ဗျားကြားလိုက်လား/ ဒီနေ့ ပညာရေးပေါက်ဈေး တက်လာတယ်ဆိုပဲ။
ပညာတတ်ကြီးနဲ့ ပညာပျက်ကြီးတွေ ပေါလာ။ နယ်စွန်နယ်ဖျားက တက္ကသိုလ်ကြီးတွေမှာ
တည်းခိုခန်းခတွေ ဈေးကြီးတယ်တဲ့လေ။ခေတ်ပေါ်မှာလျှောက်နေတဲ့ ကျုပ်ခြေထောက်တွေ
ယားကျိယားကျိ ခေတ်ကိုမှီထားတဲ့ ကျုပ်ရဲ့ကျောတွေ ယားကျိယားကျိ။
မကောင်းမှုတွေ ရေကြီးတယ၊်ယဉ်ကျေးမှုတွေ အမြစ်က ကျွတ်ထွက်တယ်။
ဆိုက်ရောက်လာတဲ့ ဆုတ်ကပ်ထဲ အငတ်ဘေးဟာ ခုထိဆင်ဆာ မလွတ်ဘူး။
ခင်ဗျားပြောတဲ့ ဆင်ဆာက ဆာနေတဲဆင်ကြီးပါ ရမ္မက်တွေ မုန်ယို မထွေးနိုင် မအံနိုင်နဲ့
အနုပညာမပါတဲ့ လိင်ဆက်ဆံမှုကြီးပဲ။ဒုတိယဘုရားသခင်နဲ့ ရိုက်ခွဲလိုက်တဲ့အခါ ရေစိမ်မခံတဲ့
အနုပညာတွေက လင်ပျောက်တဲ့ အရူးမလို တွေ့ကရာနေရာမှာ လင်တရူးတော့တာပဲ။
အကုသိုလ် ဘီးလုံးကြီးကို ရစ်နေရတာနဲ့ အချိန်ကုန်သွားတော့ ဒီမသမာမှုတွေကို
ဘာသစ္စာတရားနဲ့ ခပ်ထုတ်ပစ်ရမလဲ/ဘာ ဘာသာစကားနဲ့ခပ်ထုတ်ပစ်ရမလဲ။
Sex ဆိုတာ အညှီအဟောက်ပဲ လူကြီးလူကောင်းတစ်ယောက်က ပြောတယ်။
သူ့မျက်လုံးက လည်ဟိုက်ထားတဲ့ မင်းသမီးရဲ့ ရင်သားလတ်လတ်ဆတ်ဆတ်မှာ
ခင်ဗျားသိရင် သြချသွားမယ်။ဟားးဟားး ဒီဘဲက ရွှေမှုန်ရတီရဲ့နုတ်ခမ်းအစား ကြားက
ခါးဝင်နာနေသေးတယ်ဗျ။ခေတ်အကြောင်းပြောရတာ သွားတွေလည်းခေါလာပြီ။
ကိုယ့်နံရိုးကိုယ် လှေခါးလုပ်၊ကိုယ့်အသွေးအသားနဲ့ စိုက်ထားတဲ့နံရံ ပေါ် လာလာတွယ်တက်နေတဲ့
လူသူလေးပါး အကုသိုလ် ခြေတွေ၊လက်တွေ။လန်နေတဲ့အတွေးက ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု၊
women right.စိတ်ကြွဆေး၊အနောက် ကယ်လီဖိုးနီးယားက ခွင့်ပြုမိန့်ရ ဆေးခြောက်ဆိုင်တွေ၊
လူတစ်ကိုယ်လုံးမှာ အမှန်တရားက ဘယ်နှစ်ကီလို၊အမုန်းတရားက ဘယ်နှစ်လက်မ။
စိတ်ဟာ မောင်ခိုင်မာ ရေးတဲ့ ဧဝရတ်တောင်ထိပ်ကို ပြေးတက်သွားတဲ့ တောင်ဆိတ်တစ်ကောင်လို။
ဒီကဗျာမှာ ကင်ဆာမပါဘူး၊ဆင်ဆာမပါဘူး၊ဆီလီကွန်ယောင်ဆောင်ထားတဲ့ မေတ္တာတရားမပါဘူး၊တိုးလိုက် ကျယ်လိုက်အသက်ရှုသံတွေမပါဘူး၊ခွေးတစ်ကောင်လို သစ္စာစောင့်သိမှုမျိုးနဲ့ သခင့်အုတ်ဂူဆီပြေးနေတဲ့ ခြေလေးချောင်းတွေမပါဘူး။စစ်သားကြီးဖြစ်ချင်စိတ်တွေမပါဘူး။
ဒီကဗျာမှာ ဒုက္ခသစ္စာ ဆိုက်ဆိုက်မြိုက်မြိုက်ပါတယ်။ လက်သီးပုန်း အထိုးခံရတဲ့ ရင်ဘတ်တွေပါတယ်။
စစ်အတွင်းက မိခင်ပျောက်နေတဲ့ ကလေးငယ်ရဲ့ ဆာလောင်မှုမျိုးပါတယ်။ ခေတ်သစ်ရဲ့ ဟစ်တလာတွေ
ပါတယ်။ ကိုယ့်မျက်လုံးကိုယ် ထိုးဖောက် ကိုယ့်နားကိုယ် သံမှိုတွေနဲ့ရိုက်သွင်းလိုက်သလို ခံစားမှုတွေပါတယ်။
လူတချို့ ကမြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ လူအဖြစ်ရဲ့ စိမ်းလန်းခြင်းကိုခံစားနေခိုက် လူတချို့ က
မြေမြုပ် မိုင်းတွေကြားမှာ လူ့အဖြစ်ရဲ့ ဆင်းရဲခြင်းကို ရှုရှိုက်နေကြတယ်။အဆစ်ထဲ ရိုက်သွင်းခံထားရတဲ့
ခေတ်ပျက်ကြီး၊နီကြောင်ကြောင် ကောင်တွေတင်သွင်းလာတဲ့ တခါသုံးကော်စမတ်တစ်တွေထဲ မသေခင်
မြေအရင်ရှာထား၊အိုင်တီပစ္စည်းတွေလိုပဲ သေခြင်းကလည်းဈေးကြီးတယ်၊နေခြင်းကလည်း ဈေးကြီးတယ်။
ပေါ်ပင်ဝါကျတွေနဲ့ နင်လား၊ငါလား၊သူတပါးလား၊ယောင်္ကျားလား၊မိန်းမလားကိုယ်က ဆီခန်းကာနီး
ထတောက်တဲ့ မီးတောက်။အနုပညာပုလင်းကြီးထဲ တရှိုက်မက်မက် အသက်ရှူသံတွေကို ဖန်လုံအိမ်
ယဉ်ကျေးမှုနဲ့ တန်းညှိချင်တယ်။လမ်းမကြီးတစ်လျှောက် လမ်းမွှာတွေကိုတွေ့တယ်။အိုးပုတ်ဂျိုးရုပ်တွေအစား
ဂိမ်းအသစ်တွေ၊ဆော့ဝဲလ်အသစ်တွေနဲ့ ခေတ်ဆန်ဆန်ဝက်ရူးပြန်လာကြတယ်။
လူငယ်တွေလိင်ဝှက်တမ်းကစားလာကြတယ်။မေတ္တာတရားကိုဘာနဲ့အစားထိုးမလို့လဲ။
လူဟာလူစိတ်မရှိတော့ရင် လေးပေခြောက်ပေကျင်းထဲသာခုန်ချလိုက်တော့။
တိတ်ဆိတ်တယ်။ငြိမ်သက်တယ်။ကိုယ့်အသက်ရှုသံကိုယ် နားငြီးလာပြီ၊
လူလုပ်လောကမှာ လူရုပ်လေးတွေလို သရုပ်ဆောင်နေရတဲ့ ခပ်ရှုပ်ရှုပ်ဇာတ်ရှုပ်ကြီးထဲ
အသက်ဇီဝကို စက်တပ်ထားလိုက်တယ်။မြစ်များ၊တောတောင်များ၊ကိုယ်ချင်းစာတရားများ၊
စာသင်ခန်းများ၊အခွင့်အရေးများ၊အနုပညာများ၊ဆေးရုံများ၊ဂီတများ ကြားလိုက်ရတဲ့သတင်းတိုင်းမှာ
ခေတ်ဟာ ခဲရာခဲဆစ်။

ကျော်ဦး(လှိုင်)၊ရဲရင့်လမင်း
04082013

No comments:

Post a Comment